【 ဆောင်းပါး 】 နိုင်ငံရေးပြေးလမ်းပေါ်က စာရေးဆရာ သခင်မြသန်း (၁)

【 ဆောင်းပါး 】 နိုင်ငံရေးပြေးလမ်းပေါ်က စာရေးဆရာ သခင်မြသန်း (၁)

ဆရာသခင်မြသန်း၏ သား စည်သူမြသန်းနှင့် ကျနော် ဘယ်တုန်းက ဘယ်အချိန်က တွေ့ကြုံသိကျွမ်းခဲ့သည်ကို တိတိကျကျ မမှတ်မိပါ။ကိုစည်သူလည်း သည်လိုပဲဖြစ်မည် ထင်ပါသည်။သို့သော် ပေါင်းသင်းဆက်ဆံခဲ့ကြတာတော့ နှစ်သုံးဆယ်ကျော်ကျော်ရှိပါပြီ။

သေချာသော အမှတ်ရစရာက ရှစ်လေးလုံး အရေးအခင်းကြီးအပြီး ပါတီတွေအသီးသီး ဖွဲ့ကြသောအချိန်တွင် စတင်သိကျွမ်းကြခြင်းဖြစ်၏။ပါတီအများအပြားထဲတွင် အဓိကပေါ်လွင်နေသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လူ့ဘောင်သစ်ပါတီတို့ဖြစ်ပါသည်။ကျနော်တို့က အဲသည့် ထင်ရှားသော ရေပန်းစားသော ပါတီထဲတွင်မပါ။ဖဆပလခေတ်ဟောင်းမှ ပါတီဟောင်းတစ်ခုတွင် ပါဝင်ကြ၏။

ကျနော်က လှိုင်မြို့နယ်တွင် နေသည်။မကြာမီ (ဦး) ခင်မောင်မြင့် (ဒေးဒရဲ) နှင့် ၆၂ ကျောင်းသားသမဂ္ဂခေါင်းဆောင် (ဦး) လှရွှေတို့ ဦးဆောင်ဖွဲ့စည်းသော “ပြည်သူ့တိုးတက်ရေး” ပါတီတွင် “လှိုင်မြို့နယ်” ကိုယ်စားပြုအဖြစ် ပါဝင်ခဲ့ပါသည်။ကိုစည်သူမြသန်းကလည်း သင်္ဃန်းကျွန်းမြို့နယ် ကိုယ်စားပြုဖြစ်သည်။

အမှန်အတိုင်းပြောရလျှင် ပါတီခေါင်းဆောင်ပိုင်းအားလုံးနှင့် မြို့နယ်၊တိုင်း ကိုယ်စားပြုသူအများစုမှာ လက်ဝဲသမားနှင့် လက်ဝဲမြတ်နိုးကြသူများသာဖြစ်သည်။ပါတီအမည်က “People Progratsic Party” (PPP), အလွယ်အားဖြင့် “ပီကျူ့” ဟူ၍လည်း ခေါ်တတ်ကြသေးသည်။နိုင်ငံရေးနှင့် မဝေးသူများအတွက် PPP ပါတီသည် တော်လှန်ရေးကောင်စီ စစ်အာဏာမသိမ်းမီ (၁၉၆၂-မတိုင်မီ) ပါလီမန်ဒီမိုကရေစီ‌ခေတ်က သခင်မြသန်း၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်တို့မှာ ပီသုံးလုံးပါတီမှ ဖြစ်ခဲ့ကြသည်။

ထိုအချိန် အာဏာရ ဖဆပလပါတီ အစိုးရအဖြစ်ရှိစဉ်က အတိုက်အခံပါတီကြီးအဖြစ် သိက္ခာရှိရှိ နာမည်ကြီးခဲ့သည်။သတိရစရာရှိသည်မှာ သူ့ကို သခင်မြသန်း၏ သားအဖြစ် ကျနော်သိရှိသည်။ထိုစဉ်က စည်သူမြသန်းသည် စာရေးဆရာဖြစ်ဖို့ထက် ဇာတ်ညွှန်းရေးဆရာဖြစ်ဖို့သာ အားသန်နေသည်။စွံသော ဇာတ်ညွှန်းများလည်းရှိသည်။ထိုအချိန်က ဗီဒီယိုဇာတ်ကားများ အားယူတက်ကြွနေသည့်အချိန် သူကတော့ ရုပ်ရှင်ကားဇာတ်ညွှန်းသာရေးမည်ဟု တင်းမာသူ တင်းခံသူဖြစ်နေသည်။

ကျနော်က ဗီဒီယိုဇာတ်ညွှန်းရေးသင့်ကြောင်း နောင်တွင် ရုပ်ရှင်ကားကြီးက ဆုတ်ယုတ်ဖွယ်ရှိ၍ ဗီဒီယိုက လူထုကြားမှာ ပိုမိုထိတွေ့ထင်ရှားစရာရှိကြောင်း (ကျနော့်ပုံစံအတိုင်း) ဒေါနှင့်မောနှင့် ဆွေးနွေးသည်။ “သူ့မဟေသီ မအေးမြင့်ကြည်” ကလည်း ထောက်ခံသည်။သူက ကျနော့်ထက်ကြီးသည်။ထောင်လည်းကျဖူးသည်။တလေးတစားတော့ သဘောထားပါသည်။ပြောမနာဆိုမနာ ပြော၍လည်းရသည်။အထူးသတိတရဖြစ်သည်ကတော့ တစ်နေ့တွင် လူလေးငါးယောက်ကို ဦးဆောင်၍ လှိုင်မြို့နယ် ၁၆ ရပ်ကွက်ရှိ ကျနော့်အိမ်သို့ ရောက်ရှိလာသည်။အချိန်က တိုင်းပြည်က မတည်မငြိမ်၊ နိုင်ငံရေးအစအနရှိသူများက ကိုယ့်အစွမ်းအစရှိသမျှ ကြိုးစားနေကြဆဲဖြစ်သည်။နောက်ပြီး လက်ဝဲနယ်ပယ်ကဆိုတော့  (မြေအောက်) ကိစ္စများလည်း ရှိကောင်းရှိနိုင်သည်။လာသည့်အကြောင်း ကျနော်နှင့်သိသော NLD ပါတီမှ ကဗျာဆရာတစ်ယောက်၏ အိမ်ကို သွားလိုသော၊ ထိုကဗျာဆရာနှင့် တွေ့လိုသောအကြောင်းဖြစ်ပါသည်။ကျနော်လိုက်ပို့လိုက်ပါသည်။ကဗျာဆရာက နေအိမ်တွင်မရှိ။ကဗျာဆရာ၏ဇနီးမှ တစ်ဆင့်သာ အချိန်းအချက်ပြုလိုက်ရပါသည်။

ထိုကိစ္စမှာ နောင်အခါ ဂယက်အတော်ကြီးသွားသည်။ကဗျာဆရာအပါအဝင် တစ်အုပ်တစ်စု ထောင်ကျသွားခဲ့ကြသည်။မြေအောက်ကိစ္စများ ရှိကောင်းရှိလိမ့်မည်၊ ယ‌နေ့ယခုမှပြန်ငဲ့ကြည့်လျှင် နှစ်ပေါင်း ၃၅ နှစ်မျှ ရှိနေလေပြီ၊ နဝတခေတ်ထဲတွင် နိုင်ငံရေးလုပ်စရာပေါ်လာလျှင်လုပ်၊ မိသားစုဘဝများလည်း ရုန်းကန်စရာများလည်း အတူတကွရုန်းကန်ကြ။စာပေဝါသနာတူချင်းမို့ လမ်းမှာတွေ့ စာအုပ်တိုက်မှာတွေ့ လဘက်ရည်ဆိုင်မှာတွေ့၊ တွေ့ဆုံရတာနည်းသည့်တိုင် ယမကာဆိုင်မှာလည်းတွေ့။သည်အတွင်း သူထောင်ထဲ ရောက်သွားသည်များရှိသည်။

ထောင်ကထွက်လာသော်လည်း အခင်မင်မပျက် တွဲကြဆဲ။ကျနော် အယ်ဒီတာဘဝထဲ ခုန်ချလိုက်သဖြင့် အရင်ကထက် မြို့ထဲမှာ ပိုမိုဆုံတွေ့လာတတ်သည်။ယခင် မီးသွေးအလုပ် လုပ်ကိုင်စဉ် ဘုရင့်နောင်ကမ်းနားကို သူရောက်လာဖူးသည်။သင်္ဃန်းကျွန်း ဘဝမြင့်မှာရှိသော သူ့နေအိမ်မှာ နိုင်ငံရေးသမားလေးတွေ စုရပ်လည်း ဖြစ်ခဲ့ဖူးသည်။သူနှင့် ကျနော်ကတော့ စာပေနှင့် နိုင်ငံရေး ယုံကြည်ချက်တူသူချင်းမို့ ပို၍ခင်မင်ခဲ့ကြသည်။

ကိုယ်ကလည်း စာပေဝါသနာအပြင် နိုင်ငံရေးဝါသနာလည်းရှိသောကြောင့် သူ၏အဖေ သခင်မြသန်းကိုလည်း လေးစားသည်။သခင်မြသန်းရေးသော စာအုပ်များကိုလည်း အထိုက်အလျောက် ဖတ်ဖူးထားသည်။

ဆရာသခင်မြသန်း၏ စာရေးဆရာဖြစ်ရသောဘဝမှာ ကြမ်းတမ်းမှုတွေနှင့် ပြည့်နေသည်။ကျနော်တို့နိုင်ငံမှာ စာရေးဆရာအားလုံး မဟုတ်သည့်တိုင် ရာနှုန်းအတော်များများမှာ နိုင်ငံရေးနယ်ပယ်မှ ရောက်လာကြသူများဖြစ်သည်။နိုင်ငံရေးအရ ငယ်ငယ်ရွယ်ရွယ်နှင့် နှစ်ရှည်ထောင်ကျ၊ ဘဝအရ အသက်မွေးဝမ်းကျောင်းပညာ တစ်ခုခုသင်၊ အလုပ်တစ်ခုခုလုပ်ရမည့် အရွယ်ကောင်းတွင် ယုံကြည်ချက်အရ ထောင်ကျခဲ့ကြ၏။
ထောင်ကလွတ်သောအခါ ဘာလုပ်ရမှန်းမသိ၊ အတော်များများက စာရေးမည် ဘာသာပြန်မည်ဟု စိတ်ကူးခဲ့ကြသည်။စိတ်ကူးသည့်အတိုင်း ဖြစ်မလာသောအခါ စိတ်ကူးမဟုတ်တော့ဘဲ စိတ်ကူးယဉ်မှုကြီး ဖြစ်သွားရတော့သည်။

ကောင်းသောဘက်မှကြည့်လျှင် ထောင်ကျစဉ်အခိုက်ဝယ် စာဖတ်အလေ့အကျင့် ရခဲ့ကြခြင်းဖြစ်သည်။ထိုမှတစ်ဆင့်တက်လျှင် စာရေးချင်စိတ် တစ်နည်း စာရေးဆရာဖြစ်လိုစိတ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။လေ့လာလိုက်စားရင်း ရေးစမ်းရင်းဖြင့် ဖြစ်မြောက်မလာ၍ လက်လျှော့သွားသူလည်း များစွာရှိခဲ့လေမည်။ဖြစ်မြောက်သူကား အမှိုက်ထဲက ရွှေကဲ့သို့ပင် ရခဲလှ တွေ့ခဲလှသည်။

အခြားအသက်မွေးဝမ်းကြောင်း တစ်ခုခုလုပ်ရင်း စာပေဝါသနာကိုလည်း တစ်ဘက်က ပျိုးထောင်လျှင် သိပ်မထောင်းတာ။တခြားအလုပ်လည်း မရသေး မရှိသေးမီ စာပေဘဝကို ဖက်တွယ်ထားရသည်မှာ ဒုက္ခကိုခေါ်သည့်နှယ်ရှိသည်။ပို၍ခက်သည်မှာ စာပေဝါသနာကို ယုံကြည်သော ဝါဒတစ်ခုနှင့် တွဲဆက်ထားခြင်းဖြစ်သည်၊ ပို၍ခက်ခဲစွာ ပို၍ကြမ်းတမ်းစွာ ဖြတ်သန်းရတော့သည်။

နိုင်ငံရေးသမား သခင်မြသန်းသည် အတော့်ကို စိတ်ကူးယဉ်သည်။ထောင်ထဲမှာတုန်းက သူသည် “မမိုးဆွေ” ဟု အမည်ပေးထားသော ဝတ္ထုတစ်အုပ်ကို ရေးသားလာခဲ့၏။မမိုးဆွေကို သူ့ဘဝဟုထင်၏၊ မမိုးဆွေသည် မုချအောင်မြင်ရမည်ဟု တွက်ထားသည်။အခြား စာရေးဆရာများက ဒီဝတ္ထုတစ်ပုဒ်ကို အယ်ဒီတာ မကြိုက်လျှင် နောက်တစ်ပုဒ် ထပ်ရေးမည် ထပ်မံ၍ပေးပို့မည်။ဤသို့ကြိုးစားရေးဖွဲ့ရင်း လက်ထဲမှာ ဝတ္ထုလေးငါးဆယ်ပုဒ် ရေးပြီးသားရှိလာမည်။တစ်နေ့နေ့တွင် ဝတ္ထုတစ်ခုခုကို အယ်ဒီတာက ကြိုက်လာပေမည်။

သခင်မြသန်းသည်ကား ဤသို့မဟုတ်။ထောင်ကထွက်လာတော့ “မမိုးဆွေ” ဝတ္ထု တစ်ပုဒ်တည်းသာ ပါလာသည်။အပြင်လောကရောက်တော့ သိကျွမ်းသူများကတစ်ဆင့် စာပေတိုက်များသို့ ပို့သည်။နာမည်ရ စာရေးဆရာ မဟုတ်သဖြင့် အောင်မြင်ရန် ခက်ခဲသည်ဟု ဆိုကြသည်။ဝတ္ထုအနေနှင့်ကတော့ မဆိုးဟု ပြောသည်။ဤသို့ပြောသူကပဲများသည်။လက်တွေ့တွင် အရှုံးခံ၍ မထုတ်ချင်ကြ။

နိုင်ငံရေးသမား သခင်မြသန်း၏ စာရေးဆရာဘဝထဲ ဝင်ရသော လမ်းမှာ ခက်ခဲနေသည်။ဤသို့သာဆိုလျှင် အောင်မြင်ရန် မရှိတော့ချေ၊ စာရေးဆရာ မဖြစ်သေးသော၊ စာရေးဆရာဖြစ်ရန် အားထုတ်နေသော နိုင်ငံရေးသမား သခင်မြသန်းသည် ယုံကြည်ချက်နှင့် မကိုက်သော အလုပ်လည်း မလုပ်ချင်။ နိုင်ငံရေးဖြင့် တက်လမ်းရှာခြင်းလည်း မဖြစ်လို။ကိုယ်စွမ်းကိုယ်စဖြင့်သာ သတင်းစာဆရာအဖြစ်လည်းကောင်း၊ စာရေးဆရာအဖြစ်လည်းကောင်း ဖြစ်လိုပေသည်။ “မမိုးဆွေ” သည်ကား သခင်ကို ခင်တွယ်ဆဲပင်ရှိသည်၊ စာပေတံခါးသည်ကား ဝင်ရခက်ဘိခြင်း။

သခင်မြသန်းသည် စာရေးဆရာမြသန်းတင့်နှင့် မြင်းခြံကွန်မြူနစ်ပါတီ ဘုံရိပ်သာတွင် အတူနေထိုင်ခဲ့သူဖြစ်၏။မြသန်းတင့်မှာ တက္ကသိုလ်ရောက်နေပြီး ရေးသားသော ဝတ္ထုဆောင်းပါးများလည်း ပါရှိနေသူဖြစ်၏။မမိုးဆွေကို ဖတ်ကြည့်ရန်နှင့် ထုတ်ဝေသူနှင့် ဆက်ပေးရန် ပြောသည်။ထိုစာမူကို ကိုတင်ဖေ (အောင်လင်း) ကို ပြသည်။လူခံရှိသည့်တိုင်အောင်လည်း ထုတ်ဝေရန် မလွယ်ကူခဲ့ချေ။

ထိုအတွင်း စွယ်စုံသတင်းစာကို လုပ်ပေးဖြစ်သည်။အောင်မြင်လျှင် ပိုက်ဆံရမည်ဆို၍ အားကြိုးမာန်တက်လုပ်သည်။စောင်ရေတွေ တက်လာသဖြင့် ဝမ်းမြောက်နေခိုက် ပိုင်ရှင်က ရပ်ပစ်လိုက်သည်။ထောင်မြင်ရာစွန့် လုပ်သွားပုံရသည်။သူတို့ငွေရှင်များ မည်သူ့မျက်နှာမျှ ထောက်ညှာပုံမရှိ။

လင်းထင်