【 ဆောင်းပါး 】 နိုင်ငံရေးပြေးလမ်းပေါ်က စာရေးဆရာ သခင်မြသန်း (၄)

【 ဆောင်းပါး 】 နိုင်ငံရေးပြေးလမ်းပေါ်က စာရေးဆရာ သခင်မြသန်း (၄)

(ယခင်တစ်ပတ်မှ အဆက်)

အကျဉ်းထောင်ထဲတွင် အစစအဆင်ပြေနေပါလျှက် မာ့က်စ်ဝါဒကို အပုပ်ချတိုက်ခိုက်နေသော သခင်ဗစိန်ကြောင့် စိတ်ပျက်စရာဖြစ်နေကြသည်။

စိတ်ဆိုးဒေါသလည်း ဖြစ်လာကြ၏။စိတ်ဆိုးနေသော လူငယ်တို့ကို သခင်စိုးက ....

“အသာနေ ဒီငနဲကို ငါကိုယ်တိုင် သံဒုတ်နဲ့ ရိုက်မယ်” ဟု ပြောသည်။

“သခင်စိုးက ခေါင်းဆောင်လူကြီးဖြစ်နေတယ် ကျနော်တို့ပဲ ချမယ်”

“ကျုပ်က ခေါင်းဆောင်မို့လို့ ချမယ် ပြောတာပေါ့”

အခြားနည်းလမ်း စဉ်စားကြပြန်သည်။သခင်စိုးက သခင်ဗစိန်ကို ဆွေးနွေးမည်။စိတ်ဆိုးအောင်ပြောမည်။ဒေါသဖြစ်လာလျှင် ထထိုးမည်ဟု ကြံရွယ်သည်။စကားအခြေအတင်ပြောကြလျှင် သခင်ဗစိန်က စိတ်ဆိုးဟန်မပြ၊ လူပါးလူနပ်ဖြစ်၍ ထိန်းထားနိုင်သည်။သခင်မြသန်းတို့ကလည်း သခင်ဗစိန် စကားကို ဝိုင်းရယ်ကြသည်၊ သခင်စိုးက ဆွပေးသည်၊ သခင်စိုးမှာ အကိုးအကားနှင့် ငြင်းခုံနိုင်သည်။သို့တိုင် သခင်ဗစိန်က ဘာမျှမဖြစ်၊ စိတ်ဆိုးဟန်မပြ၊ ဆင်ကွက်ထဲမဝင်ဘဲ ပါးနပ်စွာ တိမ်းရှောင်နေသည်။သခင်စိုးမှာ သခင်ဗစိန်ကို ဒေါသဖြစ်အောင်ဆွပေးနေပါလျက် မရသောအခါ သူကိုယ်တိုင် ဒေါသဖြစ်လာတော့သည်။

ရုတ်တရက် ................

“ဗစိန် မင်း ဘာလူပါးဝသလဲ”

ဒေါသတကြီးအော်ကာ ထိုးပါလေတော့သည်။ထိုးဖို့ အရာမြောက်သော်လည်း ဝိုင်းဆွဲကြသဖြင့် နာကျင်လှသည် မဟုတ်ပါ။သို့တိုင် သခင်စိုးက ညအိပ်ရာမှာယောင်၍ “ဗစိန် သေပေတော့” ဟု ပြောနေသေးသည်။အတော်ကို မခံချိဖြစ်‌ခဲ့ပုံရသည်။

နံနက် ဆရာဝန်လာချိန်တွင် သခင်ဗစိန်ရောက်လာကာ လိပ်ခေါင်းရောဂါရှိသည် သွေးလည်းပါသည်ဟုပြောကာ ဆေးရုံတက်လိုကြောင်း ပြောသည်။သခင်စိုးရှိရာ အဆောင်မှာ မနေလို၍ဖြစ်သည်။ဒေါက်တာဒတ်စ်နှင့် သခင်မြသန်းက စအိုကို စမ်းသပ်ကရိယာနှင့် ထိုးကြည့်သည်။သွေးလည်းမတွေ့။သို့တိုင် သခင်ဗစိန်ကို ဆေးရုံတက်ခွင့်ပေးလိုက်ပါသည်။

လိပ်ခေါင်းရှိသည်ဆိုသဖြင့် ဆရာဝန်ဒတ်စ်ကို “ဆလိုင်းပေးရမလား” ဟု မေးလိုက်သည်။၎င်းမှာ ဝမ်းနှုတ်ဆေးဖြစ်သည်။ဆားခါးဖြစ်သည်။အတင်းတိုက်ရသည်။နောက်ရက်များတွင် သခင်မြသန်းကို တွေ့သည်နှင့် “ဝမ်းမနှုတ်ပါရစေနဲ့ကွာ လူလည်းနုံးနေပါပြီ” ဟု တောင်းပန်သည်။

အယူအဆမတူ၍ မနေချင်ကြသောသူတို့ကို အဆင်ပြေပြေနေနိုင်ရန် သခင်မြသန်းက ကူညီပေးပါသည်။ကူညီပေးသော်လည်း ပြဿနာတစ်မျိုး ထပ်တွေ့ပြန်သည်။သခင်မြသန်းက လေမီးဖိုဖြင့် ရေနွေးကြိုတိုက်သဖြင့် ညဘက် အတော်နှင့်မအိပ်ကြဘဲ လက်ဝဲဆန့်ကျင်ရေးတွေ သန်းခေါင်သန်းလွဲ ပြောနေကြ၏။  “စောစောအိပ်ကြဗျာ” ဟု ပြောသော်လည်းမရ၊ ဆရာဝန်ကို ညမအိပ်ကြပုံပြောတော့ ဘရိုမိုက် အိပ်ဆေးတိုက်ရန် ပြောသည်။

အသစ်တိုးလာသော ဆေးကို သူတို့အတန်ကြာမှ သိကြသည်။သခင်မြသန်းက “ဆေး ဆေး” ဟု ပြောလိုက်လျှင် “တော်ပါပြီ” ဟု လက်ခါပြလေတော့သည်၊၊သာမန်အားဖြင့် ထောင်မှာ အချိန်ကုန်ခဲသည်၊ သို့သော် ယခုလို လေ့လာ သင်တန်းတက် ဆွေးနွေး စာဖတ် ကျန်းမာရေးအတွက် ကွင်းဘား၊ တန်းဘား၊အလေးမ၊ ဘက်မင်တန်ကစား စသည်တို့ဖြင့် ပြည့်နေသည့်အခါ အချိန်ကုန်လွယ်နေသည်။

ဤကာလအတွင်း သခင်နုသည် ရန်ကုန်ထောင်မှ အင်းစိန်ထောင်သို့ ရောက်လာသည်။သခင်နုက တစ်ခန်းရပ်ပြဇာတ် ရေးသည်။ပြဇာတ်ကဖို့လည်း စီစဉ်သည်၊ ထောင်ပိုင်ကလည်း ခွင့်ပေးသည်။သခင်နု ပြဇာတ်များတွင် ပါဝင်သရုပ်ဆောင်သူတို့မှာ ကျနော် (သခင်မြသန်း)၊ သခင်သန်းလေး၊ သခင်ဝိုင်း၊ သခင်ချစ်တင်၊ မြောင်းမြသခင်တင်ကြီး၊ သခင်ရွှေအုပ်ကြီးတို့ဖြစ်သည်။

သခင်ဖေဌေးလည်း အင်းစိန်ထောင်ကိုရောက်လာသည်။ဇာတ်တိုက်ရင်း အချိန်တွေ ဘယ်လိုကုန်မှန်းမသိ၊ သခင်နု၏ ပထမပြဇာတ်မှာ “အေရိုး ပုလိပ်သူလျှို” ဖြစ်သည်။ယောက်ျားများသာရှိသောထောင်ဖြစ်၍ ဆဲရေးရာတွင် တစ်တစ်ခွခွရှိလှသည်။အဆဲကောင်းသောကြောင့် သခင်ချစ်တင်က နှစ်ပါးသွားသီချင်းတစ်ပုဒ် ရေးစပ်ပေးသည်။

“ဇာတ်ဆရာ သခင်နုက အဟုတ်ပ ထွင်ပြန်သကို ပြဇာတ်ဆန်းကို စီကာရေး အဆဲတွေကပို အင်မတန်ယဉ်သကို ကြည့်ပုံရှုပုံ ဇာတ်လမ်းကလည်းစို  ကြွလာသူ မိဘများ အားမရနိုင်ဖို့ကို” သီချင်းမှာ နှစ်ပါးသွားအတွက်ဖြစ်သည်၊ ထောင်ထဲမှာ ပွဲငတ်သမို့ ကြိုက်ကြသည်။

မထင်မှတ်သော ပါရမီရှင်မှာ သခင်စိုးဖြစ်သည်။တယောထိုးကောင်း၍ ရွှေတံဆိပ်ရဖူးသည်။ပဒေသာကပွဲလည်းဖြစ်၍ မြိုင်ဆိုင်စေရန် ပွဲတောင်းသောအခါ မငြင်းသာသဖြင့် ကန့်လန့်ကာရှေ့ထွက်ခါ တယောထိုးရလေတော့သည်။သခင်စိုးက ရယ်စရာရှိလျှင် ဟက်ဟက်ပက်ပက် ရယ်တတ်၍ သခင်ဗစိန်က တသောသော ရယ်မောတတ်ကာ သခင်သန်းထွန်းက တပြုံးပြုံးဖြင့် “ဒီပြဇာတ်က အရင်ထက် ဘယ်နေရာတွေမှာ ပိုကောင်းလာတယ်” ဟု ဝေဖန်ပေးတတ်သည်။

ထောင်မှာ ကဖြစ်သော နောက်ဆုံးပြဇာတ်သည်ကား သခင်မြသန်းနှင့် သခင်ဖေဌေးတို့အဖြစ်ကို ရေးထားခြင်းဖြစ်သည်။ထောင်မှူးတို့မှာ ထောင်ဗူးအပေါ်ထပ်တွင်နေကြရာ သခင်မြသန်းက ထောင်ဗူးအောက်ကနေ၍
“မဂ္ဂင်ဖောင်ကူးတို့ ဆောင်ပို့သူရယ် ယသော်သူထုံး နှလုံးမူဖွယ် ---” သီချင်းတစ်ပိုဒ် စမိလျှင်ပင် ထောင်မှူးသည် ထောင်ဗူးအပေါ်ထပ် အခန်းတံခါးဖွင့်၍ .........

“ကျေးဇူးပြုပြီး ဒီနားမဆိုဘဲ တခြားသွားဆိုပါ” ဟူ၍ မောင်းနှင်ခံရတော့သည်။

ထောင်မှူးမှာ တူမချော တစ်ယောက်ရှိသည်။သခင်မြသန်းမှာ အဆိုနှင့်ပတ်သက်လျှင် ဆရာလက်လျှော့ရသူဖြစ်သည်။တေးဂီတကို တီးခေါက်မိသော သခင်သန်းမြိုင်ထံမှ သင်ယူလေရာ “နောက်နောင် ဘယ်တော့မှ သီချင်းမဆိုနှင့်” ဟု အားပေးခံရသူဖြစ်၏။

သခင်နု၏ နောက်ပြဇာတ်သည်ကား သခင်မြသန်းအကြောင်းနှင့် သခင်ဖေဌေး၏ ရုပ်ပုံကိုကြည့်၍ ရေးသည်ဟု သိကြသည်။သခင်ဖေဌေးမှာ ငယ်စဉ်က သစ်ပင်ပေါ်ကတစ်ကြိမ်၊ မြင်းပေါ်ကတစ်ကြိမ် လိမ့်ကျဖူးသောဒဏ်ကြောင့် ခါးတဖက်စောင်းကာ မစွမ်းမသန်ရှိသဖြင့် တုတ်ကောက်ကို ထောက်ပြီး လမ်းလျှောက်ရသူဖြစ်၏။မြေရှင်ကြီး၏ နှိပ်စက်ညှင်းပမ်းမှုကို ခံခဲ့ရသော လယ်သမားဘိုးချမ်း၏နေရာတွင် သရုပ်ဆောင်ရသည်။သခင်ဖေဌေးက ဇာတ်စင်ပေါ်တွင် ကိုယ်တစ်ခြမ်းစောင်းနှင့် တုတ်ကောက်ဖြင့် တရွေ့ရွေ့ လျှောက်လာသည်။

“ဒီမြေရှင်ဆိုးကြီး နှိပ်စက်ထားလို့ ငါ့ဘဝ လူစဉ်မမီအောင် ဖြစ်နေရတာ တွေ့တယ်မဟုတ်လား”

သခင်ဖေဌေးသည် မြေရှင်ကြီး၏ အနှိပ်စက်ခံရ၍ မြေရှင်စနစ်အပေါ် နာကြည်းမုန်းတီးရမှုကို သရုပ်ပါစွာ လုပ်ဆောင်သွားသည်။ပရိသတ်သည် သခင်ဖေဌေး၏ သရုပ်ဆောင်မှုကို လွန်စွာသဘောကျလျက် လက်ခုပ်သြဘာပေးကြလေသည်။

သခင်မြသန်းသည်ကား မြေရှင်၏ သမီးကို ပိုးပန်းသူအဖြစ် ပါဝင်ရသည်။မြေရှင်ကြီး၏ အိမ်ရှေ့ကနေပြီး ........ “မဂ္ဂင်ဖောင်ကူးတို့ ဆောင်ပို့သူရယ်  ယသော်သူထုံး  နှလုံးမူဘွယ် .........” သီချင်းဆိုနေစဉ် မြေရှင်သမီး ထွက်မလာဘဲ မြေရှင်ကြီးသာ ထွက်လာပြီး မွေးထားသော ခွေးတွေနှင့် ရှူးတိုက်လေတော့၏။

ခွေးလိုဟောင်ကြရမည့် အခန်းတွင် စိတ်ပါဝင်စားစွာ ဝင်ဟောင်ရမည့်အသံမှာ နည်းနေ၏။ဟောင်သံများလေ ကောင်းလေဖြစ်ရာ သခင်နုက “ဟောင်ကြပါဟ ဟောင်ကြပါ” ဟူ၍ အော်ပြောလျက် သခင်နုကိုယ်တိုင် ဝင်ဟောင်ရလေတော့သည်။

နိုင်ငံရေးသမား သခင်မြသန်းသည် ထိုစဉ်ကတည်းက စာရေးဆရာ သခင်မြသန်းဖြစ်ရန် ဦးတည်နေလေသည်။စာရေးဆရာဘဝသည် နိုင်ငံရေးသမားဘဝလောက် မကြမ်းတမ်းဟုဆိုနိုင်သည့်တိုင် သာမန်ပြည်သူထက်တော့ အတော်ပဲကြမ်းတမ်းသည်။အစာငတ်ခံရဲဖို့လည်း လိုသည်။ထောင်ထဲမှာ အစာငတ်ခံသည်ဆိုရာ၌ ကိုယ်တစ်ယောက်တည်း အငတ်ခံခြင်းဖြစ်၏၊မိသားစုကပါ ဆင်းရဲခြင်းဒဏ်ခံနိုင်ဖို့ လိုသေးသည်။ထီးဖြူဖိနပ်ပါးဒဏ်ကို ခံရဲဖို့လည်းလိုသည်။

အဲဒါတွေထားတော့ ယခုတော့ သခင်မြသန်းသည် ထောင်ထဲမှာတုန်းကပင် “မမိုးဆွေ” ဝတ္ထုရေး၍ ထောင်ကလွတ်လျှင် စာရေးဆရာလုပ်မည်ဟု အားခဲထားလိုက်ပါသည်။မိသားစုများ ခံနိုင်ရည်ရှိပါစ။

(ဆက်လက်ဖော်ပြပါမည်။)

လင်းထင်