【 ဆောင်းပါး 】 နူကျန်း-သံလွင်မြစ်ဝှမ်းဒေသများက ယဉ်ကျေးမှုများ

【 ဆောင်းပါး 】 နူကျန်း-သံလွင်မြစ်ဝှမ်းဒေသများက ယဉ်ကျေးမှုများ

တောအထပ်ထပ် တောင်အသွယ်သွယ်ကို နိမ့်တစ်ခါ မြင့်တစ်လှည့် ကွေးပတ်ရစ်ခွေ စီးဆင်းနေသော နူကျန်းမြစ် (Nu Jiang River) သည် တရုတ်နိုင်ငံမှ အစပြုကာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်နိမိတ်တို့ကို ဖြတ်သန်းစီးဆင်းလျက်ရှိသည်။

နူကျန်း (Nu Jiang) မြစ်သည် တရုတ်နိုင်ငံ နယ်နိမိတ်တွင် အများဆုံးဖြတ်သန်းစီးဆင်းပြီး မြန်မာနိုင်ငံ နယ်နိမိတ်တွင် သံလွင်မြစ်အဖြစ် ထင်ရှားစွာ စီးဆင်းပါသည်။ရှမ်းလူမျိုးများက နမ့်ခေါင်မြစ်ဟုလည်း ခေါ်ဆိုကြသည်။

ယူနန်ပြည်နယ်၏ တောင်တန်းများ ထူထပ်သည့် ဒေသများကို ဖြတ်သန်းစီးဆင်းလာသော နူကျန်းမြစ်သည် မြန်မာနိုင်ငံ၌ သံလွင်မြစ်အဖြစ်နှင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ထိုင်းနှင့် မြန်မာ နယ်နိမိတ်အဖြစ် ကီလိုမီတာပေါင်း ၁၂၀ ကျော် ဆက်လက်ဖြတ်သန်း စီးဆင်းသည်။ ထို့နောက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီး မုတ္တမပင်လယ်ကွေ့၌ ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဝင်သည်။စုစုပေါင်းအရှည် ၁၇၄၉ မိုင်၊ (၂၁၈၅) ကီလိုမီတာရှိသည်။မြန်မာနိုင်ငံ နယ်နိမိတ်တွင် မိုင် ၆၅၀ ရှိသည်။

သံလွင်မြစ်သည် သဘာဝတရားက ပေးထားသော လက်ဆောင်တစ်ခုကဲ့သို့ပင် မြစ်ဝှမ်းတစ်လျှောက် တည်မှီရာ လူမျိုးနွယ်စုများအပေါ် စီးပွားရေးအကျိုးကျေးဇူးများစွာ ပေးစွမ်းပြီး လူမျိုးစုများ၏ သမိုင်းကြောင်း ယဉ်ကျေးမှု အလှတရားတို့နှင့် တစ်တွဲတည်း ထင်ဟပ်နေသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်သည် အံ့မခန်း သဘာဝရှုခင်းများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် မတူကွဲပြားသော လူမျိုးစုများ နေထိုင်သည်။နူကျန်းမြစ်ဝှမ်းတစ်လျှောက်တွင် လီဆူ၊ နု၊ ဒူးလုံနှင့် အခြားလူမျိုးစုများစွာနေထိုင်ရာ နေရာဖြစ်သည်။လူမျိုးစုတစ်ခုစီတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဓလေ့ထုံးတမ်းများရှိကြသည်။လီဆူလူမျိုးများသည် နူကျန်းမြစ်တစ်လျှောက်နေထိုင်သော လူမျိုးစုဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည်။

လီဆူလူမျိုးစုတို့သည် တိဘက်ကုန်းပြင်မြင့်မှ ဆင်းသက်လာပြီး တရုတ်၊ မြန်မာ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ရှိ တောင်တန်းထူထပ်သော ဒေသများတွင် နေထိုင်ကြသော လူမျိုးစုတစ်စုဖြစ်သည်။နူလူမျိုးများနှင့် ဒူးလုံလူမျိုးတို့သည် တရုတ်နိုင်ငံအတွင်း၌ အနည်းငယ်ရှိသော လူမျိုးစုများဖြစ်သည်။နူကျန်းမြစ်တစ်လျှောက်ရှိ လူမျိုးစုများသည် ရက်ကန်းလုပ်ငန်း၊ ခြင်းတောင်းပြုလုပ်ခြင်းနှင့် မြေအိုးလုပ်ခြင်း အစရှိသည့် ရိုးရာလက်မှုပညာရပ် လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်တို့ ရှင်သန်ရာ ဒေသတစ်ခုဖြစ်သည်။ဒေသခံလူမျိုးများသည် ရှေးခေတ်ကာလက ဘဝနေထိုင်မှုပုံစံအတိုင်း နေထိုင်ကြသည်။

ဟိမဝန္တာတောင်တန်းများမှ အစပြု၍ မုတ္တမပင်လယ်ကွေ့အထိ နူကျန်း-သံလွင်မြစ်ဝှမ်းဒေသများတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများသည် စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်း အသက်မွေးဝမ်းကျောင်းများ၊ ရိုးရာဓလေ့ ယဉ်ကျေးမှုများဖြင့် ယနေ့အချိန်အထိ ရှင်သန်နေဆဲဖြစ်ပြီး လူမျိုးကွဲ အများဆုံးစုစည်းနေထိုင်ကြသည့် မြစ်တစ်စင်းလည်းဖြစ်ပေသည်။

သံလွင်မြစ်ဝှမ်းသည် တိဗက်ကုန်းပြင်မြင့်နှင့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ဘိုးဘွားစဉ်ဆက် များပြားသော တိုင်းရင်းသားလူနည်းစုများ နေထိုင်ရာ နေရာဖြစ်သည်။လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်မှ စတင်၍ လူတို့သည် မြစ်ကြောင်းတစ်လျှောက် တောင်ဘက်သို့ ရွှေ့ပြောင်းလာကြပြီး နိုင်ငံငယ်များနှင့် မြို့ပြနိုင်ငံများကို ထူထောင်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် သံလွင်မြစ်ဝှမ်းတစ်လျှောက် ရှင်သန်နေထိုင်ကြသော လူမျိုးများသည် သံလွင်မြစ်ကြောင်းမှ ပို့ချလာသော မြေဆီသြဇာများဖြင့် ကြွယ်ဝသည့် ဧကထောင်ချီရှိသော လယ်ယာမြေများကို အမှီပြုရှင်သန်ကြသည်။အများအားဖြင့် မိုးရာသီတွင် စပါးစိုက်ပျိုးကြီး နွေရာသီတွင် မြစ်ကမ်းပါးဥယျာဉ်များ၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးသည်။ငါးဖမ်းလုပ်ငန်းကို တစ်နှစ်ပတ်လုံး လုပ်ကိုင်ကြသည်။

သံလွင်မြစ်သည် တောင်ကုန်းမြင့်များကြားမှ ကျဉ်းမြောင်းပြီး နက်ရှိုင်းသော ချိုင့်ဝှမ်းများကိုဖြတ်၍ ရှမ်းကုန်းပြင်မြင့်ကိုဖြတ်ကာ စီးဆင်းနေသည်။မြစ်ဝှမ်းတစ်လျှောက်တွင် သဘာဝတောရိုင်းအလှအပများကို မြင်တွေ့ရသည်။မြစ်သည် အချို့နေရာများတွင် ရေစီးကြမ်းသည်။ထို့ကြောင့် အချို့သောနေရာများတွင် ရေယာဉ်ငယ် သွားလာမှုများအတွက် အဟန့်အတားရှိသည်။

သံလွင်မြစ်ဝှမ်းဒေသများတွင် ဂေဟဗေဒစနစ်၊ ယဉ်ကျေးမှုများ စုံလင်ကြွယ်ဝသည်ဖြစ်၍ UNESO မှ အလေးပေး ထိန်းသိမ်းစောင့်ရှောက်ရမည့် ဒေသတစ်ခုအဖြစ် သတ်မှတ်ထားသည်။၎င်းဒေသများအတွင်း မျှတသော ရာသီဥတုနှင့် ဇီဝမျိုးကွဲသတ္တဝါ အစုံအလင်ဆုံး ဒေသများလည်းဖြစ်သည်။

သံလွင်မြစ်နှင့် ၎င်း၏ မြစ်လက်တက်များတွင် ရွှေ့ပြောင်းမှီတင်းနေထိုင်ကြသည့် ငါးမျိုးစိတ်ပေါင်း တစ်ရာကျော်ရှိသည်ဟု သိရသည်။မြစ်ဝှမ်းတစ်လျှောက် နေထိုင်ကြသော ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း အစရှိသော တိုင်းရင်းသားဒေသများအတွက် အလွန်အရေးပါသည်။သံလွင်မြစ်ဝှမ်းဒေသ၌ တောရိုင်းတိရစ္ဆာန်နှင့် ငါးမျိုးစိတ်များ ကြွယ်ဝရုံသာမက ကျွန်းသစ်များလည်း ကြွယ်ဝစွာ ပေါက်ရောက်သည်။

နူကျန်း-သံလွင်မြစ်သည် တရုတ်နှင့် မြန်မာလူမျိုးတို့အကြား ယဉ်ကျေးမှုနှင့် လူမျိုးရေးအပြန်အလှန်ဆက်ဆံမှုများဖြင့် သမိုင်းကြောင်းရှည်လျားစွာရှိလာသည်။ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့် ရိုးရာနတ်ကိုးကွယ်ယုံကြည်မှုများအပါအဝင် ဘာသာရေးအလေ့အကျင့်များ ရောနှောနေထိုင်ရင်း ရိုးရာဓလေ့များကို ထိန်းသိမ်းကြသည်။

တရုတ်-မြန်မာ-ထိုင်းနိုင်ငံ၏ သံလွင်မြစ်ဝှမ်းတစ်လျှောက် ဒေသများတွင် ကုန်သွယ်မှုနှင့် စီးပွားရေးလှုပ်ရှားမှုများ၌ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးကဏ္ဍများသည် အောင်မြင်သော စီးပွားရေးများဖြင့် အခြေခံထားသည်။

လက်ရှိတွင် ကုန်သွယ်မှုများ တိုးမြှင့်နိုင်ရန် သံလွင်မြစ်ကူးတံတားတစ်စင်းဖြစ်သည့် သံလွင်တံတား (ကွမ်းလုံ) တံတားသစ်စီမံကိန်းကို တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။သံလွင်တံတား (ကွမ်းလုံ) တံတားသစ်ကြီး တည်ဆောက်ပြီးပါက လားရှိုး-သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံအတွက် ကုန်သွယ်မှု အဓိကထွက်ပေါက်ဖြစ်လာမည်ဖြစ်သည်။  

အင်မတန်မှ အဖိုးတန်ပြီး သဘာဝကပေးထားသော သံလွင်မြစ်ကို အနာဂတ်သားစဉ်မြေးဆက်အထိ ဆက်လက်ရှင်သန်စေရန်၊ ရိုးရာဓလေ့ယဉ်ကျေးမှုများကို လက်ဆင့်ကမ်း ထိန်းသိမ်းရန်မှာ နူကျန်း-သံလွင်မြစ်ဝှမ်းတစ်လျှောက် မျိုးနွယ်စုများ၏ တာဝန်သာဖြစ်ပေသည်။

အမွန်