【 ဆောင်းပါး 】 နေတတ်ဖို့

【 ဆောင်းပါး 】 နေတတ်ဖို့

ကျနော့်အိမ်ဘေးမှာ ပင်စင်စား လင်မယားနှစ်ယောက်ရှိသည်။ခင်ပွန်းဖြစ်သူက ဆည်မြောင်းဘက်ကဖြစ်သည်။အမျိုးသမီးကတော့ ဘဏ်မှ ဝန်ထမ်းဖြစ်သည်။အမျိုးသမီးက မြန်မာဆိုသည့်အတိုင်း အသက်ကြီးလာလေ စိတ်အလိုမကျလေ များလေသည်လား မသိ။အမြဲတမ်း တဗျစ်တောက်တောက်။သားသမီးတွေက ၅ ယောက်ရှိသည်။လက်တွင်းမှာ ၃ ယောက် ကျန်သေးသည်။တစ်ယောက်က အခုဆို အသက် ၄၀ တန်း။အပျိုကြီး။သမီးကြီးလည်း သမီးကြီးဆိုတော့ မိဘကို မခွဲနိုင်တာလည်းပါမည် ထင်သည်။မနက်ဆို ထိုသမီးအကြီးနှင့် မအေဖြစ်သူကြား တစ်ခုမဟုတ် တစ်ခု ကြားရသည်။ထိုသို့မကြားရလျှင် တစ်ယောက်ယောက် မအေသော်လည်းကောင်း သမီးသော်လည်းကောင်း အိမ်မှာမရှိဘဲ ညအိပ်ညနေ ခရီးထွက်နေလို့ဖြစ်မည်။ထို့ကြောင့် နှစ်ယောက်လုံးရှိပြီး မနက်စောစော ကတောက်ကဆ မကြားရလျှင် ကျနော်က ဒီဘက်အိမ်ကနေ “အကြီးမရေ … ငြိမ်လှချည်လား” ဆိုလျှင် “ဆရာကလည်း နောက်ပြီ” ဟု ပြန်ပြောလေ့ရှိသည်။

မကြာသေးသည့်နှစ်အတွင်း ကိုဗစ် ဒယ်လ်တာကာလအတွင်း လူတွေ တဖြုတ်ဖြုတ်ကြွေသည့်။ထိုမိသားစုမှာ ကိုဗစ်ကြောင့် ကြောက်လန့်သည်လား ဒါမှမဟုတ် စိတ်လျှော့လို့လေလား မသိ။အရင်လို ကတောက်ကဆဖြစ်တာ နည်းသွားသည်။ပင်စင်စား ထိုအဖိုးကြီး အဖွားကြီးလည်း ကိုဗစ်ထိပြီး မသေရုံတစ်မယ် ခံလိုက်ရသည်။နောက် အကြီးမ အိမ်ထောင်ကျသည်။သျှောင်နောက်ဆံထုံးပါဆိုသလို ယောင်္ကျားနောက် အကြီးမ ပါသွားသည်။

လက်တွင်း နှစ်ယောက်သာ ကျန်သည်။ကျန်သည့်ထဲ အငယ်မက စိတ်ဆတ်သလို ဖအေ မအေဝေယျာ၀စ္စကို လုပ်ပေးရသည်။အချိန်ပြည့် အပြင်သွား၊ အိမ်မှာရှိလည်း  ဖုန်းတစ်လုံးနှင့် မအားတတ်သူက မိဘဝေယျာ၀စ္စ လုပ်ရသည်ဆိုတော့ အရင်ထက် အိမ်က ကတောက်ကဆသံတွေ ကြားလာရသည်။တစ်ခါတလေ နေ့လယ်ဘက် ကျနော် သူတို့အိမ်ဘက်ကူးပြီး ပင်စင်စားကြီးနှင့် စကားစမြည်ပြောသည့်အခါ အဖိုးကြီးက သမီးကြီးရှိရင်ကောင်းမှာဆိုသည့်စကား တစ်ခါတလေ ထွက်လာသည်။

သမီးကြီး လာလျှင်လည်း အဖိုးကြီး အဖွားကြီးအသံ ပိုကျယ်နေသည်ကို ကြားရသဖြင့် ပင်စင်စား အဖိုးကြီး အဖွားကြီး အငယ်မနှင့် နေရသည်ကို အတော်လေးဘဝင်မကျ စိတ်တိုင်းမကျဖြစ်ပုံရသည်။အကြီးမ လာပြီး ပြန်သည့်ရက်ဆို ညဘက်တွင် အငယ်မက သူ့အမေ အဖေတွေကို စကားနာထိုးတော့ သည်။

တစ်ရက်ကျတော့ မနက်အစောကြီး ခေါင်းရင်းအိမ်က ဆူညံဆူညံအသံတွေ ကြားရသည်။ဘာဖြစ်တာတုန်းဟု နားထောင်သည့်အခါ ပင်စင်စား အဖွားကြီးနှင့် သမီးအငယ်တို့ ကတောက်ကဆဖြစ်ရာကနေ အငယ်မက သူ့အမေကို အေးအေးမနေဘူး နေရာတကာပါတယ်လို့ မကြားတကြား ပြောတာကနေ အဖိုးကြီး အဖွားကြီး ဒေါသူပုန်ထရာကနေ ဆူတော့သည်။အငယ်မကလည်း အကြီးမလိုမဟုတ်ဘဲ အဖေ အမေအလုပ်ကို သူပဲလုပ်ပေးရတာ ဘယ်သားသမီးက လာလုပ်ပေးသလဲနှင့် ပြန်ခံပြောတော့ ထုံးစံအတိုင်း မနက်စောစောမှာ အကြီးမရှိတုန်းကလို  ဆူညံဆူညံအသံတွေ ပြန်ကြားရသည်။

နေ့ခင်းဘက်ကျတော့ သမီးအကြီးတွေ၊နောက်အိမ်ထောင်တွေကွဲတွေပါ ရောက်လာပြီး မနက်က ဇာတ်လမ်းကိုဆက်ပြီး အငယ်မကို ဝိုင်းဆူကြသည်။အငယ်မက မခံ။အမတို့လာနေ သူအိမ်ပေါ်ကနေ ဆင်းမယ်တွေ ဘာတွေ ဖြစ်လာသည်။ဒီဘက်ကနေ ကျနော်လည်း ကြားနေရတာ စိတ်ထဲ သိပ်အဆင်မပြေ။အမေက မနက်ကတည်းက ကြားနေရတာဖြစ်တော့ ညဘက် ရေနွေးကြမ်းသောက်ရင်း ထိုအကြောင်းကို သားအမိနှစ်ယောက် စကားပြောဖြစ်ကြသည်။

အမေက ထိုအကြောင်းပြောရင်း လူတွေ “အသက်ကြီးလာရင် နေတတ်ဖို့ လိုတယ်” ဟု တွေးတွေးဆဆ ပြောလေသည်။အမေ ဘာကိုပြောမှန်း သိသော်လည်း စိတ်ကလက်မခံချင်။ပြီးတော့ အသက်ကြီးလာသည့်နောက်ပိုင်း အမေစကားနည်းလာတာကို သိထားတော့ စိတ်ထဲမကောင်း။အမေ့စကားကို ညဘက် အိပ်သည်အထိ ကျနော့်နားထဲက မထွက်။

ယခု ကျနော် အသက် ၆၀ တန်း။လူကြီးပိုင်းထဲ ဝင်လာနေပြီ။အမေ့စကားက ကျနော့်ကို သွယ်ဝိုက်သတိပေးသလို သူဖြစ်နေရတာကိုလည်း သွယ်ဝိုက်ပြောသလို ဖြစ်သည်။တကယ်စဉ်းစားကြည့်တော့ လူတွေက အသက်သာကြီးလာတာ စိတ်ကလိုက်ပြီး အသက်နှင့်အတူ ကြီးရင့်လာတာ ရှားသည်။ကိုယ်တိုင်ပင် ယခုထိ တူ၊ တူမတွေနှင့်အပြိုင် စိတ်ကကောက်လို့ ကောင်းတုန်း။စဉ်းစားကြည့်လျှင် လူကသာ ၆၀ တန်းဖြစ်သော်လည်း စိတ်က ၁၆-၁၇ အရွယ်တုန်းကလို စိတ်မျိုး။ကိုယ့်ကိုယ်ကို ငယ်သည်ပဲ စိတ်က ထင်မှတ်မှားမိနေသည်။လုပ်နိုင်ကိုင်နိုင်တုန်းပဲ စိတ်က ထင်နေဆဲဖြစ်သည်။စိတ်ကဆောင်လျှင် ဆောင်သလို ယခင်လို သွားနိုင်လာနိုင်သည်ပဲ ထင်နေသည်။ဒီတော့ အရင်ကလိုပဲ နေရာတကာပါပါနေမိတတ်သည်။

စဉ်းစားကြည့်တော့ အသက်ကြီးလာလေ အတ္တကြီးလာလေဆိုသည့် စိတ်ရင်းကို ကွက်ကနဲ မြင်မိသည်။ငါအသိဆုံး ငါအတတ်ဆုံး။ဒီနေ့ခေတ်ကလေးတွေနှင့် ယှဉ်လျှင် ကိုယ့်ထက်တော်သည်လို့ ပြောရမှာ ဝန်အလေးဆုံးဖြစ်သည်။တကယ်က ယနေ့ခေတ်ကလေးတွေ ကိုယ့်ထက် နိုင်ငံတကာနှင့် ပိုနီးစပ်သည်။ကျနော်တို့ခေတ်ကလို လူကြီးပြောတာနှင့် တန်းယုံသည့်သူတွေ မဟုတ်။ခေတ်ကပြောင်းနေပြီ။ကမ္ဘာက ပြောင်းနေပြီဖြစ်သည်။နည်းပညာနှင့် ပိုနီးစပ်လာလေလေ ဆင်ခြေပေးတတ်လာလေလေကို ကျနော်တို့ လက်ခံဖို့ မေ့လေလေဖြစ်နေသည်။ဒါကို ကျနော်တို့က ငါက အရင်မွေးသည် ငါပြောသည်က အမှန်လို့ ယူဆချက်ကို ပြင်ရမည်မှန်း သိသော်လည်း မပြင်နိုင်။

ရှေးလူကြီးတွေက “လူ့ဘ၀ကို လူကြီးတစ်ခါ ကလေးနှစ်ခါ” ဟု အမှတ်သညာပြုသည်။ငယ်စဉ်မှာ ကလေးဘဝဖြစ်လို့ သူများလုပ်ပေးမှ သွားရလာရစားရသည့် အခြေအနေကို လက်ခံနိုင်သော်လည်း အသက်ကြီးလာပြီး ကိုယ်မွေးခဲ့ကျွေးခဲ့သည်သူတွေ လုပ်ပေးမှ သွားရလာရ စားရသောက်ရသည့် အခြေအနေကို လက်ခံဖို့ရာ လွယ်တော့ မလွယ်ချေ။အသက်ကကြီးသော်လည်း စိတ်က ယခင်လိုသာဖြစ်နေသည့်အခါ စိတ်သွားတိုင်း ကိုယ်မပါ၊ သူများလုပ်ပေးမှရသည့်အခါ လက်ခံနိုင်ဖို့ ခဲယဉ်းလှသည်။ထို့ကြောင်လည်း အမေက အသက်ကြီးလာရင် နေတတ်ဖို့ လိုသည်ဟု ပြောခြင်းဖြစ်ပေသည်။  ဒီလိုမဟုတ်ဘဲ မနေတတ်သည့်အခါ သားသမီးတွေ ငြူစူတာ၊ မြေးမြစ်တွေ၊ တူ၊ တူမတွေ၏ ဆောင့်အောင့်တာကို ခံရပေမည်။ထို့အတွက် စိတ်ကိုပြင်ဖို့ လိုသလို နေတတ်သလို နေဖို့လည်း လိုလာခြင်း ဖြစ်လေသည်။

မသေခင် နေတတ်လျှင် အသေမြတ်မည်ဟု တရားသဘောနှင့် ယှဉ်ကာလည်း ပြောကြလေ့ရှိသည်။အချုပ်အားဖြင့်ဆိုလျှင် ဘယ်အရာမဆို “နေတတ်ဖို့က” အရေးကြီးသည်ပဲ ဖြစ်လေသည်။

မောင်ဦးလွင်