【 ဆောင်းပါး 】 နှစ် (၁၀၀) က အောက်ပြည်အောက်ရွာ (၂)

【 ဆောင်းပါး 】 နှစ် (၁၀၀) က အောက်ပြည်အောက်ရွာ (၂)

၁၈၇၄ ခုနှစ်ထုတ် သတင်းစာဟောင်းတွေကို လေ့လာရတာဆိုတော့ နှစ် ၁၅၀ တောင် ရှိလုနေပါပြီ။ဒါတွေ အလွယ်တကူလေ့လာခွင့်ရတာ စုဆောင်းတင်ပြတဲ့ ဆရာကြီးလူထုဦးလှ ကျေးဇူးကြောင့်ပါ။လူထုကျန်းမာရေးအကြောင်း လေ့လာဖြစ်တော့ကာ ရှေးမြန်မင်းများလက်ထက်က ဆောင်ရွက်ချက်တွေ မတွေ့ရပါဘူး။ဆောင်ရွက်မှု မတွေ့ရုံမက ဆေးရုံဆေးခန်းရယ်လို့ အသုံးအနှုန်း အခေါ်အဝေါ်တောင် မရှိသေးပါဘူး။ “သူနာတန်း” လို့ခေါ်တာပဲ တွေ့ရပါတယ်။အရေးပိုင်ကိုယ်စားလှယ်ကပဲ ဆောင်ရွက်နေဟန်ရှိပါတယ်။

သတင်းထဲမှာကတော့ “ရန်ကုန်မြို့ စီရင်စု၌ အများအားဖြင့် လူအပေါင်းတို့သည် ကောင်းစွာကျန်းမာကြ၏ စပါးကောက်ပင်တို့မှာ အလွန်ကောင်းပေသည်။ပဲကူးမြို့ပြတွင် ကျွဲနွားရောဂါ အနည်းငယ်ကပ်ရောက်သည် မိုးရွာသည်မှာ (၁၃၅) လက်မ ရှိသည်” လို့ ဖော်ပြပါတယ်။

ဟင်္သာတစီရင်စု၌ ဥတုပူပြင်းသည်၊ ပြည်မြို့စီရင်စု၌ လွန်ခဲ့သော (၁၄) ရက်အတွင်းက မြို့ပေါ်တွင် ကာလရောဂါနှင့် လူ (၁၂) ယောက် သေဆုံးရှာကြလေသည်၊ အထူးသောကိစ္စရပ်မှာ တုတ်ကွေးရောဂါမှာ လူ (၁၀၀) လျှင် (၈၀) ခန့် ကျရောက်လေသည်ဟု ဖော်ပြ၏၊ အင်္ဂလိပ်မင်းပိုင် သုံးနိုင်ငံအတွင်း ဘုရင်မဘုရားအလံအောက်တွင် တည်ဆောက်ဖန်တီးသော သူနာတန်းအရေအတွက်မှာ (၁၄) ဆောင်ရှိသည်၊ အချက်အချာကျသော မြို့များတွင် ဖွင့်ထားသည်ဟု ဆိုနိုင်သည်၊ စီရင်စု ခရိုင်အဆင့် သူနာတန်းဟု ခေါ်နိုင်ပါတယ်၊ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ (ရခိုင်ဒေသ) နဲ့ မော်လမြိုင်၊ မြိတ်၊ ထားဝယ် (တနင်္သာရီဒေသ) တို့ဟာ ၁၈၂၄ ပထမစစ်ကတည်းက သိမ်းထားတဲ့ နယ်မြေပါ ရန်ကုန်၊ ဟင်္သာတ၊ မြန်အောင်၊ ပြည်၊ သရက်၊ ရွှေကျင်၊ တောင်ငူတို့မှာ သူနာတန်းရှိပါတယ်၊ ကုမရန် ရောက်လာသော လူနာများမှာ ငွေကြေးမရှိ၍ မပေးရ ကျေးဇူးများစွာရှိသော ဌာနတစ်ခုဖြစ်ပြီး နှစ် (၅၀) မှာ ပျော့ပြောင်းလာတဲ့သဘောထက် သတင်းစာအုပ်ချုပ်သူများရဲ့ သဘောများတယ်လို့ ထင်မိပါတယ်၊ သတင်းစာကိုလည်း အုပ်ချုပ်သူလို့ပဲခေါ်တာ တွေ့ပါတယ်၊ အယ်ဒီတာလို့ သုံးတာ မတွေ့သေးပါဘူး၊ စီကုံးပြုပြင်သူလို့ ရေးတာ တွေ့ပါတယ်၊ တစ်ခါတစ်ခါ သတင်းစာကို ဆုံးမပဲ့ပြင်သူဟု ထင်သလား မပြောတတ် ဆုံးမစာတွေလည်း ရှည်ရှည်ဝေးဝေး ရေးတတ်ပါသေးတယ်။

တရားရေးဆိုတာကတော့ အရေးကြီးတဲ့ ဌာနကြီးတစ်ခုပါပဲ၊ မရှိမဖြစ်လို့ ဆိုရမှာပါ။ယခင် မြန်မာမင်းများကတော့ ဒေသဆိုင်ရာတာဝန်ရှိသူက ဆုံးဖြတ်ပေးပါတယ်။ဥပမာ - မြို့ဝန်လို ဘုရင်ခန့်ထားသူက ဆုံးဖြတ်ပေးရင် ပြီးတာပါပဲ။ဘုရင့်ရှေ့တော် အတွင်းတော်ကို သာမညအမှုအခင်းအနေနဲ့ မရောက်နိုင်ပါဘူး။ဘုရင်က သက်ဦးဆံပိုင်အာဏာရှင်ဖြစ်လေတော့ ဘုရင်ကဆုံးဖြတ်ရင် ဘယ်သူမှစောဒကတက်လို့မရပါဘူး။အင်္ဂလိပ်အစိုးရလက်ထက်မှာ ပိုမိုထူးခြားတာက ရာဇဝတ်မှု၊ တရားမမှု နှစ်ခုခွဲခြားပြီး အမှုတိုင်းကို ဥပဒေနဲ့ ပုဒ်မနဲ့သာ အဆုံးအဖြတ်ပေးရပါတယ်။တရားသူကြီးပိုင်ခွင့်ကို ဆုံးဖြတ်သူက ပုဂ္ဂိုလ်လိုက်ပြီး ချစ်သလို မုန်းသလို အဂတိနဲ့ ဆုံးဖြတ်လို့မရပါဘူး။ကိုယ့်ဆွေမျိုးသားချင်းမို့ လွှတ်စေလုပ်လို့ မရပါဘူး။တရားသူကြီးတစ်ဦးတစ်ယောက် ခန့်အပ်ရေးဟာ အတော်ပဲအရေးကြီးပါတယ်။ဒါကို သံတော်ဆင့် သတင်းစာကနေ အကြံပေးတာ တိုက်တွန်းတာကိုလည်း တွေ့ရပါတယ်။

ဝန်ရှင်တော်သို့ ဦးတည်၍ ဟုတ်တိုင်းမှန်ရာ တရားလို တရားခံတို့ ဒုက္ခရောက်မည့်အကြောင်းကို မြင်တော်မူ၍ အရေးတော်ပိုင် မဟာဝန်ရှင်တော်မင်းကြီး “ဤဒင် သခင်ဘုရားသည်” ဝန်ထောက်တော်မင်း ဦးအုန်းကို ပဲခူးမြို့မှ ဟံသာဝတီ ရန်ကုန်မြို့သို့ ခေါ်တော်မူ၍ ဆမော်ကော်ရုံး တရားသူကြီးအရာ၌ ခန့်ထားတော်မူလေသည်---အင်္ဂလိပ်ဥပဒေကို မြန်မာပြည်၌ သင်ကြားခြင်းမရှိသည်လည်းတစ်ကြောင်း---ဦးအုန်းကို ခန့်အပ်ရာ သင့်မြတ်ကြောင်း ဆိုစကားရှိတာ တွေ့ရပါတယ်။

အစိုးရကြော်ညာစာကတော့ မြန်မာမင်းများလက်ထက်က မောင်းခတ်တာနဲ့တူပါတယ်၊

           #အစိုးရကြော်ညာ#
အများသိစေရန် ကြေညာလိုက်သည်

အစိုးရမင်းဥပဒေနှင့် မညီမညွတ် ၎င်းအပြင် သန့်ရှင်းသောအပိုင်း ဥပဒေကိုလည်း မတည်မကြည် မောင်မင်းတို့ အမှိုက်သရိုက်အညစ်အကြေးများကို လယ်ပြင်ကမ်းနား အိမ်ရှေ့ အိမ်နောက် မြောင်းကြိုမြောင်းကြား မြောင်းမြေပေါ်၌ မပစ်စေရ ၎င်းအမှိုက်များကို သေတ္တာနှင့်တကွ ထည့်ထားကြရမည်။

           ဟရန်သခင်

အသန့်အရှင်းများနှင့် သက်ဆိုင်သော

ဝန်ထောက်တော်မင်း သခင်ဘုရား

စာအသွားအလာကိုကြည့်ရင် အခုခေတ် စည်ပင်က လုပ်ဆောင်ရတာမျိုးပါ၊ စည်ပင်အသုံးအနှုန်းကတော့ မပေါ်သေးပါ၊ တဖန် အစိုးရကြော်ညာစာ ကဏ္ဍမှာပဲ- “အရေးတော်ပိုင် မဟာဝန်ရှင်တော်မင်းကြီး ပြန်ရောက်လာသည့်အကြောင်း” ဆိုတာလည်း တွေ့ပါတယ်။

“အရေးတော်ပိုင် မဟာဝန်ရှင်တော်မင်းကြီး “ဤဒင်” သခင်ဘုရားသည် ရန်ကုန်အမည်ရှိသော မီးသင်္ဘောကို စီးနင်း၍ ဟံသာဝတီ ရန်ကုန်မြို့သို့ လွန်ခဲ့သော ကြာသပတေးနေ့က ဆိုက်ရောက်လာလေပြီ”၊

           ၁၈၇၃ - စက်တင်ဘာ ၆ ရက် စနေနေ့လို့ တွေ့ရပါတယ်၊

အင်္ဂလိပ်တွေက သူတို့ကို သခင်လို့ ရေးရပါတယ်။နာမည်ကိုလည်း မြန်မာလို ဤဒင်သခင် ဟရန်သခင် စမစ်သခင်လို့ ရေးရပါတယ်။သခင်နဲ့ ကျွန်လို့ ခွဲခြားထားတဲ့ သဘောပါပဲ။          

အထက်တန်းရာထူးတွေနဲ့ သက်ဆိုင်တဲ့ အစိုးရအမိန့်တော်ပြန်တမ်းသတင်းကိုလည်း တွေ့ပါတယ်။အကျဉ်းချုပ်ရရင် ဝတ်လုံတော်ရ ရှေ့နေတော်မင်း “ဝီလကင်စံသခင်” ကို တရားမမင်းကြီးနေရာ၌ ဘုရင်ခံ “လပ်သခင်ဘုရား” က ခန့်ထားတော်မူလေပြီ။တတိယအဆင့် ဝန်ထောက်တော်မင်း “အန္နဝင်သခင်” ကို ပထမတန်း ရာဇဝတ်ဝန်မင်းအရာတွင် ခန့်ထားတော်မူလေပြီလို့ ရေးပါတယ်။

လွန်ခဲ့တဲ့ နှစ် (၁၀၀) ကျော်က ရာထူးဌာန အခေါ်တွေကလည်း အတော်နားမလည်စရာရှိပါတယ် “အတွင်းဝန်ထောက်တော်မင်း” မေဇာဒံကင် သခင်ဘုရားကို ဘုန်းတော်ကြီးလှသော “သခင်မဘုရား” က အလွန်သဒ္ဒါယုံကြည်တော်မူ၍ “မေဇာ” တည်းဟူသော စစ်ဗိုလ်အရာမှ “လက်ပတင်နင်ကာနယ်လ်” ဗိုလ်မင်းအရာသို့ ချီးမြင့်တော်မူလေပြီလို့ ရေးပါတယ်။မေဇာကတော့ အခုခေါ် မေဂျာ “ဗိုလ်မှူး” ပါ၊ စာသင်/စာဂျင်ကတော့ အကြပ်ပါ၊ သူတို့ခေတ်အသုံးပါပဲ။အခုတော့ လူထုက အင်္ဂလိပ်လိုအခေါ်တွေ အတော်နားလည်နေကြပါပြီ အရင်ကလောက် မစိမ်းတော့ပါဘူး။

ယခုသတင်းကတော့ သေနတ်လိုင်စင်နဲ့ကိုင်ဆောင်တဲ့ ပုဂ္ဂိုလ်များကို ပြောလိုဟန်တူပါတယ်၊ စာအဆက်ကကျဲနေပါတယ် ဖတ်ကြည့်ပါဦး။

“အလယ်တဝိုက်တိုင်းများတွင် ခဲယမ်းမီးကျောက်ကို ဆောင်ယူသုံးစွဲရသော လက်မှတ်ကို တစ်နှစ်အတွင်းမှာသာ အတည်အတံ့ထား၍ သုံးစွဲရမည် ၎င်းသုံးစွဲ၍ တစ်နှစ်စေ့လျှင် အသစ်လက်မှတ် တဖန်ခံရပေဦးမည်” ဟု ရေးပါတယ်။

သူတို့ အင်္ဂလန်ဘုရင်မကြီးကိုတော့အထွဋ်အမြတ်ထားပြီး အတော်ကြီးချီးပတာကို တွေ့ပါတယ်၊ နေမဝင်အင်ပါယာလို့တောင် ခေါ်ဆိုကြမဟုတ်ပါလား။              

“အင်္ဂလန်တိုင်း လန်ဒန်နေပြည်တော်ကြီးသခင် ဘုရင်မဘုရား” ဝတ်စားဆင်ယင်တော်မူသော မကိုဋ်သရဖူတွင် မွန်းမံခြယ်လှယ်သော ကျောက်သံပတ္တမြားမှာ မကိုဋ်သရဖူကိုရံ၍ စီခြယ်သော စိန်လုံးရေ (၂၀) တစ်လုံး တစ်လုံးလျှင် အဖိုးတန်ငွေပေါင်း (၁၅၀၀၀) ပေါင်း (၃၀၀၀၀၀) သုံးသိန်း တန်လေသည်၊ အလယ်ချက်တွင်တပ်သော စိန်ကြီး (၂) လုံးမှာ (၁) လုံးလျှင် (၂၀၀၀၀) ကျပ်၊ လက်ဝါးကပ်တိုင် (၄) ခုတွင် ခြယ်လှယ်မွမ်းမံသော စိန်ပေါင်းကား တစ်ခု စိန်လုံးရေ (၂၅) အဖိုးတန်ငွေ (၁၂၀၀၀၀) ၎င်းလက်ဝါးကပ်ထိပ်က စိန်လုံးကြီး (၄) လုံး အဖိုးတန် (၄၀၀၀၀) ကျပ်။များစွာကျန်ရှိပါသေးရဲ့ အကျဉ်းချုပ်တော့ (၇၆၀,၀၀၀) လို့ ဖော်ပြကြွားပါတယ်။မှူးကြီးမတ်ကြီးများရဲ့ သားသမီးများကို လန်ဒန်သို့စေလွှတ် ပညာသင်ကြတဲ့ အကြောင်းများကိုလည်း ဂုဏ်ယူဝင့်ထယ်စွာ အရသာခံဖော်ပြတာလည်း တစ်မျိုးမှတ်စရာပါပဲ။

လွန်ခဲ့တဲ့ နှစ် (၁၀၀) ကျော်က ရာဇဝတ်မှုတွေကလည်း မထင်မှတ်စရာတွေဖြစ်ပြီး အင်္ဂလိပ်ခေတ်မှာ သာယာတယ်ဆိုတာ ဟုတ်၊ မဟုတ် ဆင်ခြင်စရာပါ၊သူ့ခေတ်နဲ့ သူ့အရေးအသားမှာ အင်္ဂလိပ်အစိုးရကို ရေလိုက်ငါးလိုက် ချီးပပြောဆိုနေရတာဟာ အာဏာရှင်တို့ လက္ခဏာကို ပြသနေတာ အထင်အရှား တွေ့နေရပါတယ်။

လင်းထင်