【 ဆောင်းပါး 】 နှစ် (၁၀၀) က အောက်ပြည် အောက်ရွာ (၁)

【 ဆောင်းပါး 】 နှစ် (၁၀၀) က အောက်ပြည် အောက်ရွာ (၁)

အင်္ဂလိပ်က မြန်မာပြည်ကို ကျွန်ပြုရာမှာ အဆင့် (၃) ဆင့်နဲ့ လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်၊ အင်္ဂလိပ်-မြန်မာ ပထမစစ်ဖြစ်ကြတဲ့အကြောင်းက အာသံမဏိပူရဘက်မှာ နယ်စပ်စည်းနဲ့ပတ်သက်လို့ အခြေအတင်ဖြစ်ရာကနေ စစ်ပွဲစတာပါ။

စစ်သူကြီး မဟာဗန္ဓုလက နိုင်ငံရဲ့ အနောက်မြောက်ဘက်ကို နှိမ်နင်းဖို့ ရောက်ရှိနေခိုက် အင်္ဂလိပ်စစ်တပ်များက ရေတပ်နဲ့ ရန်ကုန်ကို ဝင်လာပါတယ်။စစ်သူကြီး ဗန္ဓုလ ကျဆုံးပြီး စစ်ပွဲလည်း ပြီးဆုံးပါတယ်။စစ်လျော်ကြေးလည်းပေးရ တနင်္သာရီနဲ့ ရခိုင်ဒေသကိုလည်း ပေးရပါတယ်။

ဒုတိယစစ်ကတော့ သင်္ဘောသားချင်း အချင်းများလို့ ရန်ကုန်မြို့ဝန် စီရင်တာ မကျေနပ်တာကနေ လင်းဘတ်ဆိုတဲ့ ရေတပ်ဗိုလ်ကိုလွှတ်ရာက ပြဿနာစပါတယ်။အောက်ပြည်အောက်ရွာဖြစ်တဲ့ ရန်ကုန်ကနေ ပြည်-အောင်လံအထိ ပေးရပြန်ပြီး၊ အရင်လိုပဲ စစ်လျော်ကြေးလည်း ပေးရပြန်ပါတယ်။အောက်ပြည်အောက်ရွာခေါ်တဲ့ (ဧရာဝတီ မြစ်ဝကျွန်းပေါ်အပါ) ဒေသကိုလည်း စွန့်လွှတ်ရပြန်ပါတယ်။

မြန်မာဘုရင်တွေဟာ ဆုံးရှုံးနယ်မြေကို ပြန်သိမ်းမယ် ပြန်ယူမယ်ဆိုပြီး ရည်ရွယ်ခဲ့ကြပေမယ့် သမိုင်းက အခြေအနေမပေးတော့ပါဘူး။နှစ်တစ်ရာက အောက်ပြည်အောက်ရွာဆိုတာ အင်္ဂလိပ်တို့ မြန်မာပြည်အလယ်ပိုင်းကို အပိုင်သိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး မြန်မာ့ဓလေ့ အစရှိတဲ့ အကြောင်းတွေကို သိကြရအောင်လို့ တင်ပြထားတာပါ။သတင်းစာများကို အခြေခံပြီး မှတ်တမ်းပြုပေးထားတဲ့ လူထုဦးလှရဲ့ မှတ်တမ်းစာအုပ်ပဲဖြစ်ပါတယ်။စစ် (၂) ခုကြားမှာ (၂၈) နှစ်သာ ကြာခဲ့ပါတယ်၊ (၁၈၅၂) မှာ ဒုတိယစစ်ဖြစ်ခဲ့ပါတယ်။အဲဒီအချိန်မှာ ရခိုင်၊ တနင်္သာရီနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ကို အပြီးပေးလိုက်ရပါပြီ၊ (၁၈၂၄) က စပြီး သူတို့သိမ်းပိုက်ထားတဲ့ တနင်္သာရီဒေသမှာ အင်္ဂလိပ်က သတင်းစာ စတင်ထုတ်ခဲ့ပါတယ်။

သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းကတော့ နှစ် (၁၀၀) က အောက်ပြည်အောက်ရွာစာအုပ်နဲ့ စာရေးဆရာကို “အများပြည်သူတို့ အကျိုးကျေးဇူးဖြစ်စေဖို့ စေတနာနဲ့ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်ပါကလား” လို့ အမှာစာမှာ ရေးထားတာ တွေ့ရပါတယ်။ခရဇ်သက္ကရာဇ် (၁၈၇၂) ကစပြီး (၁၉) ရာစု နောက်ဆုံးနှစ်အစိတ်အထိ မြန်မာစာအရေးအသား ဖော်ပြတာတွေလည်းရှိလို့ ဗြိတိသျှခေတ် မြန်မာစာကို လေ့လာရာလည်းရောက်တယ်လို့ ဆိုပါတယ်။ဆရာ သန်းထွန်းက ရှေးထုံးစံကို လေးစားလွန်းရင် မတိုးတက်မှာစိုးရတယ်လို့ သတိပေးစကားလည်း ဆိုပါတယ်ဗျ။

အထက်ပိုင်းက မြန်မာဘုရင်ပဒေသရာဇ်နဲ့ အောက်ပြည်က အင်္ဂလိပ်တို့ အုပ်ချုပ်ပုံချင်း မတူကြပါဘူး။ဥပမာ - အင်္ဂလိပ်က ကျောင်းဆရာကို လခနဲ့ခန့်ပါတယ်။ပညာဝန်လည်းခန့်ပါတယ်။အထက်ပြည်က မြန်မာဘုရင် ဒါတွေမသိသေးပါဘူး။အင်္ဂလိပ်က ဘာသာရေးကိုလည်း ချီးမြှောက်ကြောင်း သိစေရအောင် ပထမပြန်စာမေးပွဲကို ကျင်းပပါတယ်။မီးဘေး အရေးကြီးပုံကိုလည်း ဆော်ဩပါတယ်။

ပထမဆုံး အင်္ဂလိပ်အစိုးရဖွင့်လှစ်မယ့် အစိုးရကျောင်းအခြေအနေကို လေ့လာတဲ့အခါ ကျောင်းအိပ်ကျောင်းစား လက်ခံတယ်။မြန်မာကတော့ ဘုန်းကြီးကျောင်းမှာ နေလိုက်တာမျိုးရှိပါတယ်။ဘိလပ်သားနဲ့ ဘိလပ်ပြန်တို့ကို မူလတန်းမှာ (၃) ကျပ်၊ အလယ်တန်း (၅) ကျပ်၊ အခြားလူမျိုး (၁) ကျပ်၊ (၃) ကျပ်၊ မြန်မာဖြစ်လျှင် သူငယ်များ မင်္ဂလသုတ်သင်ရမည်။ငယ်သောကျောင်းသား (မူလတန်း) ဖြစ်လျှင် အင်္ဂလိပ်နှင့် ပါဠိကို သင်ရမည်။ကျောင်းမှာ မနက်ပိုင်း၊ ညနေပိုင်း နှစ်ပိုင်းခွဲထား၍ စာသင်ချိန်မှာ တစ်နေ့လျှင် (၅) နာရီ သတ်မှတ်ထားတာကို တွေ့ရပါတယ်။ဒါက အစိုးရဖွင့်တဲ့ ကျောင်းပါ။

သံဃာတော်များ သင်ကြားတဲ့ ကျောင်းများကိုလည်း ခွင့်ပေးထားတာ တွေ့ပါတယ်။ပညာဝန်က စစ်မေးပြီး (၁) ကျပ်၊ (၃) ကျပ် ဆုချီးမြှင့်တာတွေ့ရလို သံတော်ဆင့်သတင်းစာက ဆုချီးမြှင့်တာနည်းကြောင်း (၅) ကျပ်ခန့် ပေးသင့်ကြောင်း တိုက်တွန်းတာလည်း တွေ့ရပါတယ်။

ကျောင်းအုပ်ကြီး အလယ်ဆင့်ဆရာကြီးနဲ့ ဒုတိယဆရာတို့ကို မျက်နှာဖြူများကို ခန့်ထားပြီးတော့မှ လစာပေးရာမှာ ၆၀၀/၃၀၀/၁၅၀ အသီးသီးရရှိကြပြီးတော့ စတုတ္ထ၊ ပဉ္စမ ဆရာတို့ကိုတော့ (၁၁၀/၈၀) ချီးမြှင့်တာ တွေ့ရပါတယ်။

ဆရာ လူထုဦးလှက “နှစ်တစ်ရာက အောက်ပြည်အောက်ရွာ” ဆိုတဲ့ စာအုပ်ကို အခန်း (၁၇) ခန်းခွဲပြီး တင်ပြထားပါတယ်။ဒါကို အပိုင်းအနည်းငယ်နဲ့ တင်ပြသွားမှာပါ။

၁၈၇၄-ဖေဖော်ဝါရီ-(၇) ရက် စနေနေ့ မြန်မာသံတော်ဆင့် သတင်းစာမှာ “မြန်မာတွေ မတိုးတက်နိုင်” တဲ့ အကြောင်းကို စေ့ငုထားပါတယ်။မြန်မာတွေမှာ ရှေးအစဉ်ထုံးစံကိုလိုက်၍ သိုက်မြိုက်စွာနေကြပြီး သူတထူးတို့ ကောင်းသော အရာဌာနတွေရှိသော်လည်း မလေ့လာကြ၊ မြန်မာတို့ ကြိုးစားအားထုတ်စေကြရန် တင်ပြထားပါတယ်။

တွံတေးမြို့ ရွှေဆံတော်ဘုရားပွဲတော်မှာ လှေပြိုင်ပွဲသဘင် ထည့်သွင်းမယ့်အကြောင်း တင်ပြရာမှာ ရှေး နှစ် ၁၀၀ က အရေးအသားက အခုခေတ်ကနေကြည့်ရင် အတော်ပဲ မတူကွဲပြားတာ တွေ့ရမှာပါ၊

(တိုက်ကနက် မြို့ကျေး ခွန်ဘဏ္ဍာဆက်ပေးသော မြို့တွံတေးရာဇဌာ ရှေးမင်းတို့ရိုက်ရာတွင် သိုက်တေဇာ ဂုဏ်မညှိုး တိုက်ကြေညာစုံဖြိုးသော--) စသဖြင့် အတော်နဲ့ လိုရင်းမရောက်တာ တွေ့ရပါတယ်။သို့ပေမယ့် မြန်မာရဲ့ စာပေဓလေ့ဟာ ကာရန်ကို အသံနေအသံထားနဲ့ ဖတ်ပြပြီး ဝိုင်းပြီးနားထောင်ကြတဲ့ သဘောလို့ မှတ်ယူမိပါတယ်။အခုထိလည်း ဇာတ်ပွဲမှာသာမက  ဘုန်းကြီးတရားဟောရာမှာလည်း အသံနေအသံထားနဲ့ ဟောတတ်တဲ့ ပုဂ္ဂိုလ်ကို ပိုကြိုက်တာ တွေ့ရပါရဲ့။သတင်းစာခေါင်းကြီးလို့ဆိုရမယ့် ပေါ်လစီကိုလည်း လင်္ကာနဲ့ပဲရေးပါတယ်။

ဆီမီးမြင်းမိုရ်ပွဲအကြောင်း၊ သီတင်းကျွတ်လ ပွဲတော်အကြောင်းကိုရေးရာမှာ “ဆီမီးပွဲ မြင်းမိုရ်ပွဲ ဝင်္က္ဘာပွဲ အလဲလဲနှင့် ရဲရဲငြိဖြိုး ပြိုးပြောင်တလက်လက် ဆီမီးရောင်နှင့် ရွှေတန်ဆောင် ငွေတန်ဆောင်---” လို့ ရေးပါတယ်။

“သီတင်းကျွတ်သည်အချိန်မှာ ထက်ဝတိံ လာမနှိုင်းကြနှင့် တစ်ကိုင်းလုံး မကိုဋ်ရှင် သမိုင်းဝင်စေတီတော် တန်ခိုးတော်အနန်ကြောင့်---” စသည် ချီးမြှင့်ပါတယ်။အနန်ကြောင့်ဆိုတာ အနန္တမရေမတွက်နိုင်အောင် များပြားတယ်လို့ ဆိုချင်တာပါ။

မြန်မာသတင်းစာမို့ “ဘုရားရောင်ချည်လွှတ်တော်မူတာလည်း တွေ့ရမှာပါ” သဗ္ဗ္ဗညုမြတ်စွာဘုရား သာသနာတော် ၂၄၆၁ ခု၊ ကောဇာသက္ကရာဇ် ၁၂၃၄ ခု သီတင်းကျွတ်လပြည့်ည ကိုးနာရီအချိန်တွင်----×××” ၊ “စေတီမြတ်၏ စိန်ဖူးမှ ပြိုးပြိုးပြက် တခဲနက်သော ရောင်ခြည်တော်တို့သည် သောကြာကြယ်ကဲ့သို့×××ဟု ရေးဖွဲ့တတ်သလို” ၊ “သူတော်ကောင်းများစွာတို့ ကြေညာသည့် သာဓုသံကို ဝေဇယန်သုဓမ္မာသို့ ရွှေပေလွှာစာရင်းရောက်အောင် ချောထောက်ကာ ပို့လိုက်ပါသည်” ဆိုတဲ့ စာပိုဒ်ဆိုလျှင် ကာရန်အသံတို့မှာ ပါဠိသံပါသလို ခေတ်အသုံး “ချော” ထောက်ကာ ပို့လိုက်ပါသည်ဆိုတာကိုလည်း တွေ့ရမှာပါ။

ပုဇွန်ထောင်ရပ် ဘလုပ်သခင် စက်ရုံမှာ မီးလောင်ကြောင်း သတင်းကလည်း သတိပြုစရာပါ။

“၁၂၃၅ တပေါင်းလဆန်း ၁၃ ရက် သောကြာနေ့တွင် ကုလား ၁၅ ယောက်တို့သည် လုပ်ကိုင်နေကြရာ ဦးစွာအစ အထက်ရဟတ် အတွင်းဝင်ရိုး၌ ကုလားတစ်ယောက် ဆီလောင်းထည့်ရာ ၎င်းဆီကြေးနှင့်တကွ ဆီများကို မီးလောင်၍ ထိုသူက ဖွဲနှင့်ပက်သတ်သော်လည်း ဖွဲကိုမီးစွဲ၍ ရဟတ်က လေဟပ်သည်နှင့် မိမိကိုယ် မီးလောင်လဲကျသဖြင့် ထပ်ကာထပ် ဖွဲမီးဖုံး၍သွားသောကြောင့် အော်သံကိုသာ ကြားရလေသည်။အဆုံး၌ ကုလား ၁၄-ယောက်သည် မီးလောင်လဲကျသော်လည်း ရေထဲသို့ဆင်းပြေးကြပြီး ကယ်ယူရလိုက်ပြီး တစ်ယောက်သေ၏” လို့ ရေးသားရာမှာ လွန်ခဲ့တဲ့ နှစ် (၁၀၀) က လူမှုစီးပွားဘဝတွေကို လေ့လာရင်း စကားပြေအရေးအသားကိုပါ သတိထားလိုက်တော့ စာတို့ စကားတို့ဟာ ပြောင်းလဲတတ်တယ် ပြောင်းလဲနေတယ်ဆိုတာလေးလည်း ကျွဲကူးရေပါဆိုသလို သိခဲ့ရပါတယ်။

လင်းထင်