【 ဆောင်းပါး 】 ပင်းတယအလှကို ခံစားခြင်း

【 ဆောင်းပါး 】 ပင်းတယအလှကို ခံစားခြင်း

တစ်မြန်နေ့က အောင်ပန်းမှသည် ပင်းတယဂူဘုရားသို့ အသွားလမ်းမှာ “ကမဲဘရား” ပွဲတော်နှင့် တိုက်ဆိုင် ကံထူးသဖြင့် ဖူးမျှော်ခွင့်ကြုံသည်ဟုပြောနိုင်သလို လေ့လာခွင့်ကြုံသည်ဟုလည်း ပြောနိုင်သည်။

သို့သော် ရည်မှန်းရာက မနက်ဖြန်ကျင်းပရန်ရှိသော ဆရာဒဂုန်တာရာ၏ အသက် (၉၀) ပြည့် မွေးနေ့သို့ တက်ရောက်ဂါရဝပြုရန်ဖြစ်နေ၍ ပင်းတယဘုရားဖူးခရီးကို အချိန်ချုံ့တန်သ၍ ချုံ့ရသည်။

ကျနော်က ရောက်ဖူးသူဖြစ်သော်လည်း မရောက်ဖူးသူတွေက ပါသေးသည်။ပင်းတယ ဥမင်ဘုရားမှာ ဘုရားဖူးအရောက်အပေါက်များ၍ လှူဒါန်းရငွေလည်းများသည်။အသစ်တိုးချဲ့ခြင်း ပြင်ဆင်ခြင်း လုပ်ဆောင်နိုင်သည်၊ တစ်နှစ် တစ်ကြိမ်ကြည့်တိုင်း ပိုတင့်တယ် ပိုသပ္ပါယ်လာသည်။ဘုရားတန်ခိုးတော်နှင့် ဦးဆောင်ဂေါပကများကြောင့်လည်း တစ်နှစ်ထက် တစ်နှစ် ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေလည်း တိုးတက်လာသည်။

ပင်းတယမြို့သည် အဝေးကမြင်ရသည်မှာပင် သပ်သပ်ရပ်ရပ် သာသာယာယာရှိသည်။အရှေ့ဘက်ပိုင်းတွင် ပေ ၃၀၀၀ ကျော် ကုန်းမြင့်လွင်ပြင် အနောက်ဘက်မှာက ပေ ၅၀၀၀ ကျော်ရှိ တောင်တန်းကြီး။ပင်းတယသည် တောင်တန်းကြီး၏ခြေရင်းတွင် လှပစွာတည်ရှိသည်။

           ရှုခင်းအလွန်လှသောမြို့

ပင်းတယဂူဘုရား၏ ခြေတော်ရင်းတွင် ပင်းတယကန်ကြီး တည်ရှိ၍ ကန်ကို သံအုတ်ရိုးဖြင့် ကာထားသည်။ “ဘုတ္တလုပ်ကန်” ဟုခေါ်ကြသည်။ပင်းတယမြို့သည် သံလွင်မြစ်၏ လက်တက်ဖြစ်သော ဇော်ဂျီမြစ် တောင်မှ မြောက်သို့ စီးဆင်းရာ မြစ်ဝှမ်း၌ တည်ရှိသည်၊ ရေက အလွန်ကြည်လင်သည်။

ဇော်ဂျီမြစ်သည် ကျောက်ဆည်မြို့အနီးမှ ဖြတ်သန်းသွားသည်၊ ကျောက်ဆည် အလည်တစ်ခေါက် ရောက်တုန်းကဖြစ်သည်။မြစ်အနီးမှာ ထန်းရည်သောက်၍ မူးမူးနှင့် ရေကူးဖူးသည်။မြို့ခံတွေက မြစ်က သူစိမ်းဧည့်သည် စားတတ်သည်ဟု အယူရှိသည်။ရေက အောက်ဘက်သို့ဆွဲသည်ဟု ပြောသည်။အဲသည်မှာ မြစ်ကကျဉ်း၍ နက်သည်။ရေဆွဲသလို ခံစားရသည်၊ ကျနော်က ဘာမှမသိ၊ သမိုင်းဝင်မြစ်တစ်စင်းမှာ ရေကူးချင် ခံစားချင်သောစိတ်သာရှိခဲ့သည်။

နာဂပတ္တန် ဘုတ်တလုပ်ကန်ကြီးသည် ညောင်ကြတ်ပင်တန်းအောက်မှာ လှပစွာတည်ရှိနေသည်။ရွေဥမင်သည် မြို့၏အနောက်တောင်ယွန်းယွန်း ၁ မိုင်ခန့်အတွင်းမှာ ခမ်းနားလှပစွာ ကျက်သရေရှိစွာ တည်ရှိနေသည်။စောင်းတန်းဆီသိုကြည့်လိုက်လျှင် ရွေရောင်တဝင်းဝင်းဖြင့် စုလစ်မွန်းချွန်နှင့် မုခ်ဦးမှာပင် ဘုရားဖူးအများအပြား အဖူးအမျှော်ရှိသောဘုရားဟု အလွယ်သိနိုင် အကဲခတ်နိုင်သည်။ကျနော်တို့အဖွဲ့ ဘုရားဖူး ၁၀ ယောက်သည် စောင်းတန်းမှသည် ဂူဘုရားအပေါက်မှ ဝင်သွားကြသည်။ မြန်မာနိုင်ငံ ရှမ်းပြည်ထဲမှာ သဘာဝထုံးကျောက်ဂူတွေ အမြောက်အများရှိသည်။ရာသီဥတုဖန်တီးမှုအရ အမိုးဆီမှကျလာသော ထုံးကျောက်ရည်များ အောက်ဘက်သို့ စီးဆင်းကျရာမှ အမိုးဘက်ရော အောက်ခြေဘက်မှာပါ အစိုင်အခဲအဖြစ် တည်ရှိလာသည်။ကြာတော့ အထက်အမိုးဘက်နှင့် အောက်အခြေဘက်မှာ ကာလကြာသော် ဆက်မိသွားသည်။အပေါ်နှင့် အောက်မဆက်မီ မိုးမျှော်ကျောက်စက်ကို တီးမိလျှင် အသံမြည်သည်။ကျောက်မောင်းဟု ခေါ်တတ်သည်။မေမြို့ဘက်တွေမှာလည်း ဤသို့သော ထုံးကျောက်တောင်များရှိသည်။

ဂူဘုရား၏ အလျားမှာ ဝင်ပေါက်မှ ပေ ၄၉၀ ရှိသည်။ဥမင်အတွင်းမှာတော့ ဘုရားရုပ်တုဆင်းတုတော်များက လက်ညှိုးထိုးမလွဲရှိသည်။ကုလား-မြန်မာ-တရုတ်-ဂျပန်-ယိုးဒယား-တိဘက် မွန်ဂို-နီပေါ-သိရီလင်္ကာ ပုံတော်အမျိုးမျိုးအစားစားကို တစ်နေရာထဲ တစုတဝေး တွေ့ရသည်။

အမျိုးသားဟန် အမျိုးသားလက်ရာတွေမှာ အမျိုးသားလက္ခဏာ ကိန်းဝပ်နေသည်ဟု ကျနော်ထင်သည်။ဥပမာအားဖြင့် ကုလားဘုရားရုပ်တုတော်က သွယ်သွယ်မြင့်မြင့် နှာတံပေါ်ပေါ်၊ တရုတ်ဘုရားက ဝဝပြည့်ပြည့်၊ ဂျပန်ဘုရားက ပုအိုက်အိုက်၊ ကျတော့်တို့ဘုရားတွေက အနေတော်အရွယ်။ဤသည်ထဲမှာ အမျိုးသားသရုပ်လက္ခဏာကို ကြည်ညိုစိတ်ဖြင့်ကြည့်လျှင် တွေ့ရလိမ့်မည်။

ဂူတော်အတွင်းမှာတော့ ပုံတော်ရုပ်ထုတော်တွေ အရွယ်ရွယ်အစားစား၊ အတွင်းဘက်ရောက်လာလေ ပို၍အေးစိမ့်လာလေ၊ မီးဝေးသည့်နေရာမှာ တဖြည်းဖြည်းမှောင်လာသည်။အဆုံးသို့ရောက်အောင် ဆက်သွားလျှင် ဘယ်အထိရောက်မည်မသိ။ယခု ဘုရားဖူးခွင့်ရနေခြင်းကပင် မီးလာနေ၍ဖြစ်သည်။သဘာဝဂူများမှာ ဖြောင့်ဖြောင့်တန်းတန်းတော့မရှိ လူကိုယ်တိုင်တည်ဆောက်သော ဂူဘုရားများကတော့ ဖြောင့်တန်းသည်။ပုဂံရှိ အာနန္ဒာဘုရား၊ အလိုတော်ပြည့်ဘုရား၊ တဝဂူဘုရား၊ စူဠာမနိဂူဘုရားတို့နှင့် နှိုင်းယှဉ်ကြည့်ခြင်းဖြစ်သည်။သရေခေတ္တရာပျူမြို့ဟောင်းတွင်လည်း လေးမျက်နှာဂူဘုရားရှိသည်။

ဂူဘုရားအမြောက်အများရှိရာမှ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ကော့ဂွန်းရွာရှိ “ကော့ဂွန်းဂူ” မှာ နောက်ပိုင်းတွင် နာမည်ကြီးပြီး ဘရားဖူးများပြားလာသည်။ကော့ဂွန်းတောင်သည် တောင်တန်းတွေ ဆက်တိုက်တန်းနေခြင်းမဟုတ်ဘဲ ထီးတည်းရှိနေသော တောင်ဖြစ်သည်။အလျား ပေ ၆၀၀၀ ရှိ၍ ပင်းတယဂူနှင့် ဆယ်ဆလောက် ပိုရှည်သည်။ကော့ဂွန်းတောင်တွင် ကော့ဂွန်းဂူတစ်ဂူတည်းမဟုတ်။ကျွဲဂူနှင့် ကျားဂူဆိုတာလည်းရှိသေးသည်။ကောဂွန်းဂူက ရှေးဟောင်းစာရင်းဝင်ဘုရားဂူဖြစ်သည်၊ ထိုင်းနိုင်ငံနှင့်နီး၍ ဆင်းတုများသည် အေဒီ ၁၂၄၅-၁၄၃၈ အတွင်း ထွန်းကားသော သောက္ကတဲ (ဆူခိုထိုင်း) လက်ရာများနှင့် တူသည်။လေ့လာစရာတွေတော့ အတော်များသည်။

ကျနော်တို့အဖွဲ့ ဘုရားဖူးပြီး အပြန်တွင် ဆိုင်ထိုင်ခဲ့ကြသေးသည်။တရုတ်ခေါက်ဆွဲရသည့်ဆိုင် ခေါက်ဆွဲသက်သက်တော့မဟုတ်။ဘုရားမကြိုက်တာလေးလည်း နည်းနည်းပါသည်။ဒီနေ့အဖို့တော့ ကြုံတောင့်ကြုံခဲ တိုင်းရင်းသားဓလေ့တွေကို မြည်းစမ်းခွင့်ရခဲ့သော ကမဲဘုရားပွဲတော်ကိုလည်းရောက်ခဲ့၍ မိတ်ဆွေများဖူးမျှော်လိုသော ပင်းတယဂူလည်းရောက်ခဲ့ပြီ။

ရန်ကုန်မှ လာရင်းခရီးကတော့ ဆရာကြီးဒဂုန်တာရာ (၉၀) ပြည့် မွေးနေ့ပွဲဖြစ်သည်။အခုညဆိုလျှင် မွေးနေ့ပွဲလာမိတ်ဆွေ၊ စာရေးဆရာ၊ ကဗျာဆရာများနှင့် ဆုံတွေ့ကြရပါလိမ့်မည်။ယခုညမှာပင်လျှင် အကြိုညသဖွယ်ဖြစ်နေသဖြင့် ကဗျာရွတ်ပွဲတချို့ စာပေစကားဝိုင်း တချို့တွေ့နိုင်ဖွယ်ရာရှိနေပါသည်။

မနက်ဖြန်တော့ ဆရာကြီးဒဂုန်တာရာ သြဝါဒခံယူကာ ဦးနှိမ်ချရဦးမည်ဖြစ်သည်။

ဗဖူးနှင်းဆီ