【 ဆောင်းပါး 】 ပရဟိတ (၃)

【 ဆောင်းပါး 】 ပရဟိတ (၃)

ယနေ့အချိန်ကာလတွင် ကမ္ဘာနှင့်တစ်ဝန်းရှိ လူအချို့သည် တော်တော်ကို အတ္တစိတ်တွေကြီးလာသည်။အတ္တစိတ်တွေများလာသည်။အကုသိုလ် ဒုစရိုက်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြသည်။သူတို့ကြောင့် လူတော်တော်များများ ဒုက္ခပင်လယ်ဝေကာ ရောဂါဘယဘေး၊ စားဝတ်နေရေးချို့တဲ့သည့်ဘေး၊ အိုးမဲ့အိမ်မဲ့ဖြစ်သည့်ဘေး၊ လက်နက်ဘေး၊ အဓမ္မဖမ်းဆီးချုပ်နှောင် အနှိပ်စက်ခံရသည့်ဘေးများကို ရင်ဆိုင်ကြုံတွေ့နေကြရသည်။

ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုသလို သူတို့အသက်ရှင်ဖို့၊ သူတို့ချမ်းသာဖို့၊သူတို့ဘုန်းတန်ခိုးကြီးဖို့၊ သူတို့အပေါ်မှာ လူအများက ရိုသေကြောက်ရွံ့နေဖို့ကိုသာ အဓိကထားနေကြသည်။တစ်ပါးသူတို့၏ ဥစ္စာစည်းစိမ်တွေ ပင်ပန်းဆင်းရဲမှုတွေ ခန္ဓာကိုယ်အနာတရနှင့် အသက်တွေအထိ လုံးဝဂရုမစိုက်ဘဲ ရက်စက်ယုတ်မာနေကြသည်။

ထိုသို့သော အမည်းရောင်စိတ်ဓာတ်နှင့် တစ်ကိုယ်ကောင်း အတ္တသမားများ၏ ရက်စက်မှုတွေကို တွေ့ရလေလေ အဖြူရောင်စိတ်ဓာတ်နှင့် ကိုယ်ကျိုးစွန့် အနစ်နာခံကာ ဒုက္ခရောက်သူများကို ပင်ပင်ပန်းပန်း အကူအညီပေးနေသော ပရဟိတသမားများ၏ စိတ်ဓာတ်ကို ပိုလို့ ပိုလို့ လေးစားရလေဖြစ်ရသည်။

ပရဟိတဆောင်ရွက်နေသည့် စာနာကြင်နာတတ်သည့် လူတစ်ဦးချင်းစီရော အဖွဲ့အစည်းများနှင့် ဆောင်ရွက်သူများရောအားလုံးကို အလေးပြုစရာကောင်းလှလေသည်။အများအတွက်လည်း တကယ့်ကိုအကူအညီများစွာရပါသည်။သူတို့ကူညီပေးခဲ့သူတွေမှာလည်း သူတို့၏ကျေးဇူးကြောင့် ရှေ့ဘဝခရီးအတွက် အားမာန်သစ်တွေနှင့် ဆက်လျှောက်နိုင်ကြရသည်။

ပရဟိတလုပ်ငန်းဆိုတာ တော်ရုံလူတွေ စိတ်တောင်မကူးရဲသည့် အများအတွက် တကယ်အကျိုးရှိသည့် လုပ်ငန်းပါ။သည်ကြားထဲ တချို့လူတွေက အပြစ်တင်ချင်သေးသည်။ for show လုပ်တယ် ထင်နေကြသည်။လုပ်စားတယ် ထင်နေကြသည်။ဒါကတော့ သူများကို မကောင်းမြင်တတ်သူများ ဖြစ်ပါလိမ့်မည်။ပရဟိတလုပ်ငန်းက နာမည်ကြီးချင်တိုင်း လုပ်လို့မရပါ။လုပ်လည်း ခဏပဲရမှာပါ။တကယ်ပင်ပန်း၊ တကယ်စိတ်ရှည်၊ တကယ်သည်းခံရပြီး တကယ့်စေတနာအရင်းခံပါမှ ဖြစ်တာပါ။

ပရဟိတလုပ်နေသူကို ကူညီပံ့ပိုးပေးသည့် စေတနာရှင် အလှူရှင်တွေအနေနှင့်လည်း အချိန်ကြာလာတာနှင့်အမျှ တကယ့်စေတနာအရင်းခံပြီး ပင်ပန်းဆင်းရဲခံ အနစ်နာခံနိုင်သည့် ပရဟိတသမားကို မြင်လာတာပါပဲ။လိမ်လို့ညာလို့ရသည့် လုပ်ငန်းမှ မဟုတ်တာ။အလှူရှင်တွေပေါ်ပေါက်လာလို့ ရန်ပုံငွေတွေနှင့် စည်စည်ကားကား အောင်အောင်မြင်မြင်ဖြစ်နေသည့်အချိန်ကိုကြည့်ပြီး လွယ်မယ်လို့ အောက်မေ့နေကြတာပါ။

ပရဟိတစိတ်နှင့် စတင်ဆောင်ရွက်သည့်အချိန်ကစပြီး အခက်အခဲတွေ ဘယ်လိုဖြတ်သန်းခဲ့ရလဲ ဘယ်လောက်ကြိုးစားခဲ့ရလဲ ဘယ်လောက်ပင်ပန်းခဲ့မလဲဆိုတာ သေချာစဉ်းစားကြည့်ရင် သိနိုင်ပါသည်။မည်သို့ပင်ဆိုစေ လူတော်တော်များများကတော့ ကိုယ်ကျိုးစွန့် အနစ်နာခံကာ ပရဟိတလုပ်ငန်းများကို အားတက်သရော ပါဝင်လုပ်ဆောင်နေကြတာကို တွေ့နေရသည်။နာရေးကူညီမှုအသင်းတွေ မိဘမဲ့ကလေးစောင့်ရှောက်ရေးဂေဟာတွေ လူမှုကူညီရေးအဖွဲ့တွေ ရေဘေး၊ လေဘေး၊ မီးဘေး၊ ငလျင်ဘေး ကယ်ဆယ်ထောက်ပံ့ရေးအဖွဲ့တွေကို တစ်ဦးချင်းရော အဖွဲ့အစည်းလိုက်ပါ တက်တက်ကြွကြွဝိုင်း ဝန်းကူညီလုပ်ဆောင်နေကြသည်။ဒုက္ခရောက်နေသူများအပေါ် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရားနှင့်အညီ စေတနာထားလုပ်ဆောင်နေကြသူများဖြစ်၍ သူတို့ကို သူတော်ကောင်းများလို့ သတ်မှတ်နိုင်ပါသည်။ထို့အပြင် လူတိုင်းမလုပ်နိုင်သည့်ကိစ္စကို အချိန်အား လူအား ငွေအားနှင့် ကိုယ်ကျိုးစွန့် ကူညီနေသူများဖြစ်၍ သူရဲကောင်းများလို့လည်း သတ်မှတ်နိုင်ပါသေးသည်။

ဒုက္ခရောက်သူသာတွေ့ရင် ဖြူဖြူမည်းမည်း နူနူဝဲဝဲ ကျိုးကျိုးကန်းကန်း ဆိုးဆိုးကောင်းကောင်း ဘယ်တော့မှ ဘယ်လိုမှ ခွဲခြားမနေကြပါ။လိုအပ်သလို ကူညီကြတာပါ။အဲဒါကလည်း ဘယ်သူကမှ အမိန့်ပေးလို့ တာဝန်ပေးလို့ မဟုတ်ပါ။ကိုယ့်အသိနှင့်ကိုယ် ကိုယ့်စေတနာနှင့်ကိုယ် တတ်အားသမျှပါ ဝင်ကူညီကြတာပါ။အဲဒါ ပရဟိတသမားစိတ်ဓာတ်ပါ။

ဆရာကြီးဦးသုခ၏ အိပ်မက်နှင့် မန္တလေးဗြဟ္မာစိုရ်အသင်းကြီး၏ လမ်းပြမှုမှ အကောင်အထည်ပေါ်လာသော ရန်ကုန်မြို့ နာရေးကူညီမှုအသင်းဖြစ်မြောက်ရေး ကော်မတီတွင် နိုင်ငံကျော်အနုပညာရှင်များ၊ စာရေးဆရာကြီးများ၊ မဂ္ဂဇင်းထုတ်ဝေသူများ၊ ကုန်သည်စီးပွားရေးလုပ်ငန်းရှင်များ၊ ဝန်ထမ်းများ၊လက်လုပ်လက်စားများ စသည့် လူတန်းစားမျိုးစုံပါဝင်သည်။ဆင်းရဲချမ်းသာမရွေး လူမျိုးဘာသာမရွေး အခမဲ့ကူညီပေးရန် ဆုံးဖြတ်ပြီး လုပ်ဆောင်သည်။ဆင်းရဲချမ်းသာမရွေး လူမျိုးဘာသာမရွေး အခမဲ့အကူအညီပေးရန် အသင်းက ဆုံးဖြတ်ထားသည်။ပထမဆုံး နာရေးကူညီမှုပြုခြင်း အထိမ်းအမှတ်အဖြစ် မြန်မာ့ပန်းပုပညာရှင် ဆရာကြီး ဦးဟန်တင်၏ ဈာပနကို ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီ ကျော်သူက နာရေးယာဉ်ကို ကိုယ်တိုင်မောင်းနှင်၍ ပို့ဆောင်ပေးခဲ့သည်။

လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေး ခုနစ်ရက်သားသမီးတို့၏ နာရေးကိစ္စများ ဆေးကုသမှုများ လေဘေး၊ မီးဘေး၊ ရေဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အခမဲ့ကူညီဆောင်ရွက်ပေးနေသော နာရေးကူညီမှုအသင်းဖြစ်ပါသည်။

ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားချိန်တစ်လျှောက်မှာဆိုရင် အသင်း၏ အားကြိုးမာန်တက် လုပ်ဆောင်မှုများသည် လူများစုအတွက် များစွာအထောက်အကူဖြစ်ခဲ့ပါသည်။ကိုဗစ်ကာလမှစတင်ကာ ယနေ့အထိ သူတို့လို လူမှုကယ်ဆယ်ကူညီရေးအဖွဲ့များ တစ်ဦးချင်းရော စုပေါင်းလို့ရော အတော်များများတွေ့လာရသည်။လိုအပ်သူတွေအတွက်လည်း တကယ်အကူအညီရပါသည်။

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ခိုင်နှင်းဝေဆိုလျှင်လည်း မိဘမဲ့ကလေးများစောင့်ရှောက်ရေးကို ဂေဟာဖွင့်ကာ စေတနာပါပါ တက်ကြွစွာနှင့် အောင်အောင်မြင်မြင် လုပ်ဆောင်နေတာကို ဂုဏ်ယူအားကျစရာ တွေ့ရပါသည်။သူမ၏ဆန္ဒက ကံတရားကြောင့် မိမဲ့ဘမဲ့ဖြစ်နေရှာသော ကလေးငယ်များကို စားရေးသောက်ရေး ကျန်းမာရေး အရွယ်ရောက်လာလျှင် သူတို့၏ပညာရေး စသည့် သူတို့လေးတွေ၏ ဘဝတစ်သက်တာအတွက် မျှော်လင့်ရည်ရွယ်ကာ ဂရုတစိုက်စောင့်ရှောက်၍ ပြုစုပျိုးထောင်ပေးချင်ခဲ့သည်။သူ့ရည်ရွယ်ချက်အတိုင်းလည်း မဖြစ် ဖြစ်အောင် ကြိုးစားခဲ့သည်။ယခုလို အခြေအနေမကောင်းခင်ကဆိုလျှင် သူမဆီသို့ရောက်လာသော ကလေးငယ်လေးတိုင်းကို လက်မခံနိုင်ခဲ့သေးပေ။

မိမိတို့အခက်အခဲကို မသိစေလိုလို့ ကလေးကို ဘယ်လိုမှ မစောင့်ရှောက်နိုင်သော single mother များနှင့် သက်ငယ်မုဒိန်းကျင့်ခံရသူ မိန်းကလေးငယ်များ၏ ကလေးများကိုသာ လက်ခံပြီး စောင့်ရှောက်ပေးသည်။တချို့ကိုတော့ အကျိုးအကြောင်းပြောကာ တားထားရသည်။သူမအနေနှင့်လည်း ကလေးမွေးဖွားစဉ်ကစပြီး အသက်ကြီးသည်အထိ ပြုစုစောင့်ရှောက်ဖို့ဆိုတာ လက်ရှိအချိန်အထိပင်တိုင် အလှူရှင် ခိုင်ခိုင်မာမာ မရှိသေးတာ ကလေးတွေထားဖို့ နေရာအတည်တကျမရှိသေးတာတွေကြောင့် အခုလိုသတ်မှတ်ရတာ စိတ်မကောင်းကြောင်း အချိန်တန်ရင် ကုန်ကျမည့် နို့မှုန့်ဖိုး ဒိုက်ဘာဖိုးတွေ ကလေးတွေကို အသေအချာစောင့်ရှောက်ပေးနိုင်မယ့် nurse တွေ မခန့်ထားနိုင်သေးတာတွေအတွက် လိုအပ်ချက်တွေများနေလို့ အခုလိုသတ်မှတ်လိုက်ရကြောင်း ရှင်းပြသည်။

မိစုံဘစုံရှိနေပါလျက် သားသမီးတွေများနေလို့ အိမ်မှာမကျွေးနိုင်လို့ စသည့် အကြောင်းပြချက်များနှင့် မိမိတို့၏ ကလေးငယ်များကို မိဘမဲ့အဖြစ်မခံကြစေရန် အကြံပေးသည်။ကလေးတွေအနေနှင့်လည်း မောင်နှမတွေများနေလို့ မိဘမဲ့ဘဝရောက်ရတာမျိုး လိုချင်မှာမဟုတ်ဘဲ သူတို့ဘဝတစ်လျှောက်လုံး သိမ်ငယ်စိတ်နှင့် နေထိုင်သွားရမှာထက် မိဘရှိပြီး စားစရာ ရှာဖွေစားသောက်ရတာကမှ သူတို့စိတ် ပိုပြီးပျော်ရွှင်နိုင်ကြလိမ့်မည်ဖြစ်ကြောင်းလည်း ရှင်းပြသည်။သူမသည် သူမများ ရုတ်တရက်တစ်ခုခုဖြစ်သွားခဲ့ရင် သူမစတင်ခဲ့သည့် ကလေးသူငယ်များအတွက် ဂေဟာကြီး ပြိုလဲပျက်စီးသွားမလား အတွေးနှင့် နောက်ကြောင်းမအေးခဲ့ပေ။ထို့ကြောင့်လည်း အသက်အာမခံလုပ်ထားပြီး လက်ရှိ ဂေဟာမှာရှိသော ကလေးတွေအပါအဝင် နောက်ရောက်လာမည့် ကလေးတွေရော လက်တွဲလာတာကြာပြီဖြစ်ပြီး သူ့ထက်တောင် ပိုပင်ပင်ပန်းပန်း ပေးဆပ်နေရသည့် ဝန်ထမ်းတွေထဲက လုပ်သက်ငါးနှစ်နှင့်အထက် ဝန်ထမ်းတွေအားလုံးအတွက်ပါ ရည်ရွယ်ခဲ့သည်။

ယခုဆိုလျှင် ၂၀၂၃ ခုနှစ် ကမ္ဘာတစ်ဝန်း အားကျစရာနှင့် လွှမ်းမိုးမှုရှိသည့် ထူးချွန်ထင်ရှား အမျိုးသမီးအယောက်တစ်ရာ စာရင်းတွင် သူမ၏နာမည် ပါဝင်လာသည်။

ဒါတွေက ငွေကုန် အချိန်ကုန် လူအပင်ပန်းခံပြီး ကလေးများကို သူမ၏သားသမီးများနှင့်မခြား ဂရုတစိုက်နှင့် အရိပ်တကြည့်ကြည့် မွေးမြူစောင့်ရှောက်လာခဲ့သော သူမ မရည်ရွယ်ခဲ့သော်လည်း သူမ၏စေတနာကို အသိအမှတ်ပြုခံရသည့် အောင်မြင်မှုပင် မဟုတ်ပါလား။

ရိုက်မောင်း