【 ဆောင်းပါး 】 ပုဂံခေတ်က စခဲ့တဲ့ တောင်ပြုန်းပွဲ (၄)

【 ဆောင်းပါး 】 ပုဂံခေတ်က စခဲ့တဲ့ တောင်ပြုန်းပွဲ (၄)

မတ္တရာမှ မန္တလေးသို့ ခရီးအတွက် လူချောင်သောအချိန် လူချောင်သော ကားကို ရွေး၍ စီးကြသည်၊ သို့တိုင် သိပ်ချောင်လှသည်တော့မဟုတ်၊ တွဲလောင်းလိုက်သူတွေ နည်းချင်းသာဖြစ်သည်၊ ခရီးသည်ချင်း ဒီနှစ်ပွဲတော်လာသူချင်း ပွဲတော်အကြောင်း စမြုံ့ပြန်ကြသည်၊ အရင်နှစ်များလို မစည်းကားဟု ပြောကြသည်၊ ကိုဗစ်ကြောင့် တစ်နှစ်ကျော် ရပ်ဆိုင်းကြရသည်။ပွဲတော်ပြန်ဖြစ်တော့လည်း ညမထွက်ရသေး။

ကားထဲမှာ ၁၂ ပွဲဈေးသည် တစ်ယောက်ပါလာ၍ စကားစပ်တော့ မင်းညီနောင်ပွဲပြီးလျှင် “ရတနာ့ဂူပွဲ” ရှိသည်ဟု ပြောကြသည်။သွားချင်နေသည်။အိမ်ကို ဖုန်းဆက်တော့ ကုန်မပါသော ခါလီမော်တော်တစီး ဆိပ်ဖြူဘက်ကနေ ရေပေါ်ကျွန်းကြီးရွာသို့ ဝင်မည်။မော်တော်ရှား၍ ကုန်တွေ မြစ်ဆိပ်မှာ အပုံလိုက်ရှိနေသည်။

ကျနော်သည် “ချောက်” ကနေ ကြည့်မြင်တိုင်ဆိပ်ကမ်းအထိ ဧရာဝတီမြစ်မှ ရေကြောင်းခရီးသွားဖူးသည်။ကိုယ့်ကုန်သည်များရဲ့ပစ္စည်းတွေ အရင်ဆုံးတင်နိုင်လျှင် ကုန်သည်လည်း ဈေးကောင်းရ ကျနော်လည်း ကုန်မပြတ်၊ ရန်ကုန်မှာ မီးသွေးပြတ်သွားလျှင် စားသောက်ဆိုင်များ မီးသွေးပြတ်သွားတတ်သည်။မီးသွေးပြတ်လို့တော့မရ။ကိုယ်မီးသွေးယူသူ ဆိုင်ရှင်များနှင့် မိတ်ပျက်မခံနိုင်၊ မရမဖြစ်အောင် တခြားဆိုင်မှဖြစ်စေ အရှုံးခံ၍ဖြစ်စေ ရှာပေးရသည်။

အခြေအနေအရ သိန်းထွန်းနှင့် သိန်းဟန်တို့ ရန်ကုန်ရထားဖြင့် ပြန်သွားကြသည်၊စားရိတ်လည်း ရှာရန် မလိုတော့။တောင်ပြုန်းတွင် အများက အသောက်များချိန်တွင် ကျနော်တို့ ပါးပါးပဲပုတ်၍ ယမကာကို လျှော့ထားကြသည်။ကျနော့်အတွက်က “ချောက်” ရောက်သွားလျှင် စားရိတ်အတွက် ပူရန် မလိုတော့။လုပ်ငန်းမိတ်ဆွေတွေ အများကြီးရှိသည်။တည်းခိုတာတော့ ကိုယ့်အတွက်နှင့် မိတ်ဆွေများ အနေကြပ်မည်စိုး၍ သင့်တင့်သော တည်းခိုခန်းမှာပဲ နေလိုက်သည်။

(၂) ရက် အချိန်ရသေးလျှင် ရတနာ့ဂူပွဲတော်ကို သွားလိုက်ချင်သေးသည်။အခုလောလောဆယ်တော့ တောင်ပြုန်းမင်းနှစ်ပါးနှင့် နတ်ဆွေနတ်မျိုးများအကြောင်း သိသမျှ ပြောချင်နေသည်။မင်းညီနောင်ပွဲမှာ အင်္ဂလိပ်ခေတ်ထဲမှာပင် ဂေဇက်ဝင် ကျင်းပနိုင်သော ပွဲတော်ကြီးဖြစ်သည်။ကျနော့်အဖေ မကွယ်လွန်မီက ပြောဖူးသော မင်းညီနောင်ရာဇဝင်မှာ စိတ်ဝင်စားစရာတွေများသည်။

တောင်ပြုန်းမင်းနှစ်ပါး၏ ဖခင်မှာ ကုလားလူစွမ်းကောင်းဖြစ်သည်။သုဝဏ္ဏဘုမ္မိ သထုံပြည်သို့ လူမျိုးခြား ကုလားညီနောင်နှစ်ယောက် သမုဒ္ဒရာတွင် သင်္ဘောပျက်၍ ရောက်လာလျှင် သထုံမင်း ကိုးကွယ်သော ဆရာတော်က တပည့်အဖြစ် ကျွေးမွေးစောင့်ရှောက်ထားသည်။ဆရာတော်မှာ ပိဋကတ်မျှမက လောကီကြောင်း ဆေးဝါးမန္တရားဘက်တွင်လည်း အထုံအလေ့ရှိသည်။တစ်နေ့ ဆရာတပည့်များ ဆေးတူးသွားကြရာ ဇော်ဂျီဖိုဝင်သားကို တွေ့ခဲ့ကြသည်။ကျောင်းရောက်မှ ဆေးစီရင်မည်ဟု ဆရာတော်က မိန့်ကြားသည်။ဆရာတော်ကျောင်း၌ မရှိစဉ် ညီနောင်နှစ်ယောက်က အစွမ်းသိလို၍ ဇော်ဂျီဖိုဝင်သားကို ခိုးစားကြသည်။စွမ်းအားများတိုးလာရာ ကြီးမားလှသော ကျောက်ဖျာကြီးကို ကျောင်းထဲ ယူလာသည်။အချို့က ကျောင်းကို ဇောက်ထိုးလုပ်ထားကြောင်း ဆိုသည်။ဆရာတော်က သိသော်လည်း အန္တရာယ်ဖြစ်မည်စိုး၍ ခပ်မဆိတ်နေသည်။

ဘုရင်သိသွားသောအခါ ထီးနန်းအတွက်စိုးရိမ်ကာ ဖမ်ဆီးစေသော် အကို ဗျတ်ဝိကို ဖမ်းမိ၍ အဆုံးစီရင်ခံရသည်။နန်းတော်ကိုစောင့်ရှောက်ရန် အပိုင်းပိုင်းခုတ်ထစ်၍ မြို့ရိုးထောင့်များ၌ အစောင့်အရှောက်အဖြစ် မြေမြှုပ်စေသည်။

ဗျတ္တကတော့ လွတ်သွားသည်။သထုံမှပြေး၍ အနော်ရထာမင်းထံ ခစားသော် ပုပ္ပားတောင်မှ ပန်းကို နေ့စဉ်ဆက်သရန် ပန်းဆက်သမားအဖြစ် ထမ်းရွက်စေသည်။ပုပ္ပားနှင့် ပုဂံကို နေ့စဉ် ကူးသန်းနေရသည်။ပုပ္ပားမှာလည်း ပန်းစားဘီလူး မယ်ဝဏ္ဏရှိသည်။ပုပ္ပားသူ ချောမောလှပသော မယ်ဝဏ္ဏနှင့် လူစွမ်းကောင်း ဗျတ္တတို့ မေတ္တာသက်ဝင်ကြရာမှ ရွှေဖျဉ်းညီနောင်ကို မွေးသည်။အနော်ရထာမင်းထံ ခစားစေရာ အစွမ်းအစကို နှစ်သက်သည်။

အနော်ရထာမင်း နန်းတက်စ နှစ်များမှာ “အရည်းကြီးရဟန်း” များ သြဇာအာဏာရှိနေကြသည်၊ ပန်းဦးလွှတ်ရသည်ဆိုသော ဓလေ့မှာ တွင်ကျယ်နေသည်။အပျိုစင်က အိမ်ထောင်ပြုလျှင် အရည်းကြီးများထံ အလျဉ်ပို့ရသည်။အရည်းကြီးနှင့် ပေါင်းဖက်ပြီးမှသာ အိမ်ထောင်ပြုခွင့်ရသည်။အလွန်ဆိုးသော ဓလေ့ကြီးဖြစ်သည်။

အနော်ရထာသည် အရည်းကြီးတို့ကို မကိုးကွယ် မဆည်းကပ်၊ တိုက်ဖျက်ချင်နေသည်။ထိုအချိန်တွင် အသွင်အလျှာ ထူးခြားလှသော ဗုဒ္ဓဘာသာရဟန်းတော် ရှင်အရဟံကိုတွေ့၍ နန်းတော်သို့ ပင့်ခိုင်းလိုက်သည်။

ရှင်အရဟံသည် ငယ်ရွယ်သော်လည်း တည်ငြိမ်သည်။မျက်လွှာချထားသည်။ဦးပြည်းကတုံးကလည်း ဆံကိုစွန့်ပယ်ထားကြောင်း သိနိုင်သည်။

အနော်ရထာမင်းကြီးသည် သည်အရွယ်နှင့် ဤမျှတည်ငြိမ်သူကို မတွေ့စဖူး၊ မည်သည့်နေရာထိုင်ပါဟု မပြောဘဲလျက် အမြင့်မြတ်ဆုံး ဘုရင့်ပလ္လင်မှာ ထိုင်သည်။ဗုဒ္ဓဘုရားရှင်၏ အကျင့်အကြံကို စွဲမြဲကြောင်း ရှင်းလင်းစေ၍ တရားဟောပြီးလေသော် မင်းကြီးကိုယ်တိုင် တရားတော်ကို နှစ်သက်လွန်း၍ တသိမ့်သိမ့်ဖြစ်ရသည်။မင်းကြီးသည် ပီဋကတ်တော်ကို လိုချင်၍ သထုံကို စစ်ချီသည်။ထို့နောက် ဗုဒ္ဓစွယ်တော် ကိုးကွယ်လို၍ တရုတ်ပြည်ကို စစ်ချီသည်။စစ်ချီရာတွင် ကိုဗျတ္တနှင့် မယ်ဝဏ္ဏတို့၏သား ရွှေဖျဉ်းညီနောင်ကို ခေါ်သွားသည်။ ရောက်သော် ဘုရားရှင်စွယ်တော်ကို ဖူးမြင်လို၍ လိုချင်၍လာကြောင်း စာသဝဏ်ပါးသည်။

တရုတ်ဥတည်မင်းက အရေးမစိုက်နေသည်။ရက်ကြာသော် ရွှေဖျဉ်းညီနောင်ကို အစွမ်းအစသိလို၍ စေခိုင်းသည်။စွယ်တော်မရသော်လည်း သက်တော်စောင့်အထူအထပ်အကြားမှ ဘုရင်ဥတည်မင်း၏ လည်ပင်းမှာ ထုံးသုံချက်တားပြီးမှ ပြန်လာသည်။အချို့ကလည်း အနော်ရထာ၏ ကျွန်ဖြစ်ကြောင်း မသတ်လို၍ သတိပေးခြင်းဖြစ်ကြောင်း စာရေးခဲ့သည်ဆို၏။တရုတ်ဘုရင်လည်း သူ့စက်တော်ခေါ်ရာ အခန်းထဲထိ ရောက်လာနိုင်သည်ကို လန့်သွားသည်။အကယ်၍ သတ်ခဲ့လျှင် အခုလောက်ဆို သေပြီးဖြစ်နေပြီ။စွယ်တော်ပွားကိုသာ စေတီတည်၍ ကိုးကွယ်ပါဟု စာစေကာ ပါးလိုက်သည်။အနော်ရထာလည်း ဤမျှနှင့် ကျေနပ်ကာ ပြန်ခဲ့ရသည်။

တောင်ပြုန်းအရပ်မှာ  ဆုတောင်းပြည့်စေတီ တည်သည်၊ ဘုရင့်အမှုထမ်းများ ရပ်သူရွာသားများ တာဝန်ချ၍ ကိုယ့်တာကိုယ်ယူ၍ စုပေါင်းတည်ကြရသည်။ထိုအချိန်တွင် လူငယ်မျှသာရှိသေးသော မင်းညီနောင်မှာ အတူသေရည်သောက်စားလျက် မူးနေကြတာ တာဝန်ပျက်ကွက်ကြသည်။

ဘုရားကို အနော်ရထာ ကြည့်ရှုလေသော် အုတ်နှစ်ချပ်လပ်သည်ကိုမြင်သော် မည်သူလစ်လပ်သနည်းဟု မေးမြန်းရာ မင်းညီနောင် လစ်လပ်ကြောင်း သိရသဖြင့် ဖမ်းဆီးစေသည်။လွန်ကြိုးလို၍ တောင်းသည့် ရွာမှာ “လွန်တောင်းရွာ” ဟု ယခုထိရှိသည်။မင်းညီနောင်နှစ်ယောက်သည် ယက္ကန်းသူ မမရွှေဥကို နှစ်သက်သဖြင့် ချစ်ခွင့်တောင်းသည်။ငြင်းပယ်သဖြင့် ကျားနှင့်တိုက်သတ်သည်။မယ်ဥကျားချီ ဇာတ်လမ်းမှာ ဇာတ်ပွဲ၊ ရုပ်သေးပွဲများက ကပြသော လူကြိုက်များသော ဇာတ်ထုတ်ဖြစ်သည်။

မင်းညီနောင်တို့သည် နတ်ဖြစ်သွားကြ၍ အနော်ရထာထံ နေရာတောင်းသော် တောင်ပြုန်းကိုပင် အပိုင်စားစေသည်။ပွဲကြီးလမ်းကြီး ကျင်းပစေသည်။ဘုရင်ဦးဆောင်ပွဲဖြစ်၍ ပိုမိုစည်ကားသည်။ယနေ့အထိလည်း အစဉ်အဆက် ကျင်းပကြသည်။

ဗဖူးနှင်းဆီ