【 ဆောင်းပါး 】 ပုဂံခေတ်က စခဲ့တဲ့ တောင်ပြုန်းပွဲ (၅)

【 ဆောင်းပါး 】 ပုဂံခေတ်က စခဲ့တဲ့ တောင်ပြုန်းပွဲ  (၅)

အနော်ရထာဘုရင် ဗုဒ္ဓစွယ်တော်ရယူရန် တရုတ် ဥတည်မင်းထံ စစ်ချီရာမှ ပြန်လာသည်။တရုတ်မှ ရရှိလာသော စွယ်တော်ပွားကို စေတီတည်ရာတွင် အုတ်နှစ်ချပ်လပ်သဖြင့် မင်းညီနောင် အသတ်ခံရသည်။အသတ်ခံရသော တစ်နွယ်ငင်တစ်စဉ်ပါ သေလွန်သွားကြသူများလည်းရှိသည်၊ နတ်ဆွေနတ်မျိုးများဟု ပြောနိုင်သည်။

နတ်ဖြစ်ရသော အကြောင်းများထဲတွင် ဘုရင်က မတရားပြု၍ သေလွန်သွားသူကို စေတနာရှိခြင်း၊ ဂရုဏာဖြစ်ရခြင်း၊ မေတ္တာသက်ဝင်ခြင်း မသေလွန်မီက အားကိုးအားထားပြုနိုင်သည့် အချက်များကို တွေ့ရှိရလိမ့်မည်။တစ်မိသားစုလုံး ဘုရင့်အာဏာကို အကြောင်းပြု၍ သေလွန်ကြသူများတွင် သာဓကပြလျှင် မောင်တင့်တယ် (ခေါ်) အိမ်တွင်း မင်းမဟာဂီရိနတ်သည် အသင့်တော်ဆုံးဖြစ်သည်။

ပုဂံမှာ သေလည်ကြောင်မင်း အုပ်စိုးစဉ် တကောင်းပြည်မှာလည်း တကောင်းမင်းကြီး ထီးနန်းအပြိုင် အုပ်စိုးနေသည်။တကောင်းမှာ ပန်းပဲအတတ်ဖြင့် တရားသဖြင့် သမ္မာအာဇီဝ လုပ်ကိုင်နေသော ပန်းပဲဆရာကြီးထံတွင် သားတစ်ယောက် သမီးနှစ်ယောက် ထွန်းကားသည်၊ သား မောင်တင့်တယ် အရွယ်ရောက်သော် အားခွန်ဗလနှင့် ပြည့်စုံသည်။ထိုအကြောင်း တကောင်းမင်းကြားလျှင် ထီးနန်းလုမှာ စိုးရိမ်လာသည်နှင့် ဖမ်းဆီးခိုင်းရာ မောင်တင့်တယ် ရှောင်ပြေး လွတ်မြောက်သွားသည် တကောင်းမင်းက ပရိယာယ်တစ်မျိုးနှင့် ကြံသည်။

မောင်တင့်တယ် နှမကို မိဖုရားမြှောက်ပြီး အယုံသွင်းသည်၊ နန်းတော်သို့ ခစားလျှင် မြို့ဝန်ရာထူးပေး၍ မြှောက်စားမည်ဟု မိဘုရားကတစ်ဆင့် အခေါ်လွှတ်စေသည်။ဘုရင့်ပရိယာယ်ကို မသိသော မောင်တင့်တယ် ရောက်လာလျှင် ဖမ်းဆီးပြီး စကားပင်မှာချီ၍ မီးတိုက်သတ်သည်။နှမတော်က သူ့ကြောင့်ဖြစ်ရလေသည်ဆို၍ မီးပုံထဲဆင်း၍ အသေခံသည်။နာကြည်းစရာဖြစ်သည်။ရပ်ရွာက မြို့သူမြို့သားများက ဘုရင့်မတရားမှုကို တုံ့ပြန်သည့် သဘောဖြင့် ဘုရင်ကို ဆန့်ကျင်ကြောင်း ပြချင်သည်။စကားဝါပင်မှာ သူတို့ဝိဉာဉ်များရှိဦးမည်ဟု အရပ်ကယုံကြည်ကြသည်။စားဖွယ်ရာများ တင်လှူပသသည်။အားလုံးမှာ ဘုရင့်တရားမဲ့မှုကို ရှုတ်ချနေခြင်းဖြစ်သည်။ဘုရင့်ဘက်ကသူများ စကားပင်အောက်ရောက်လာလျှင် ဖမ်းစားသည်ဟု စကားဖြစ်သည်။

ဘုရင်က စိုးရိမ်လာသဖြင့် စကားပင်ကို အရင်းကတူး၍ ဧရာဝတီမြစ်အတွင်း မျှောချလိုက်သည်။ပုဂံဘုရင် သေလည်ကြောင်မင်းက ပုဂံအနီးတွင် စကားပင်ဆိုက်နေကြောင်း အိပ်မက်အရ သိရှိ၍ ဆယ်ယူသည်။မောင်တင့်တယ်တို့ မောင်နှမကို ပုပ္ပားတောင်တွင် နတ်ကွန်းဆောက်လုပ်၍ “မင်းမဟာဂီရိ” နတ်ဟူ၍ လူအများကို ပူဇော်စေသည်။ဘုရင်ကိုယ်တိုင် ကိုးကွယ်စေခြင်းဖြစ်၍ စည်ကားသည်။မြန်မာနတ်များထဲတွင် ပထမဆုံး ဘုရင့်အမိန့်ဖြင့် အကိုးကွယ်ခံရသော နတ်ဖြစ်သည်။

မောင်တင့်တယ်နတ်နှင့်အတူ နတ်ဖြစ်သွားသူများမှာ နှမတော်နတ်၊ ရွှေနဘေ-မောင်တင့်တယ်မယား-နဂါးမျိုး-မင်းတုန်းမြို့သူ၊ သုံးပန်လှ-နှမတော်၊ မနှဲမိ-မနှဲလေး-သုံးပန်လှ သမီး၊ ရှင်ညို-ရှင်ဖြူ-ရွှေနဘေ၏ သားများ ဖြစ်သည်။ဒွတ္တပေါင်တွင် ခစားစဉ် ဥပယ်တမည်ဖြင့် အသတ်ခံရသည်၊ အားလုံး နတ်ဖြစ်ကြသည်။

ရွှေဖျဉ်းညီနောင်နတ်နှင့် အနွယ်များမှာ အဖ ဗျတ္တမှာ ရာဇဝတ်သင့်၍ သေသည်၊ ပုပ္ပားမယ်တော်-ရွှေဖျဉ်းညီနောင်၏ မိခင်ဖြစ်သူသည် သားတော်နှစ်ပါးကို ဘုရင်က အတင်းခေါ်ဆောင်သွား၍ ရင်ကွဲနာကျ သေသည်။ညီနောင်တို့၏ အထိန်းတော် အရက်သောက်သူလည်း သေသည်။နတ်ဖြစ်ကြသည်။ယက္ကန်းသည် မရွှေဥ-မင်းညီနောင်က ကျားနှင့်ကိုက်သတ်၍ သေသည်။တောင်ပြုန်းမှာ နတ်ကွန်းရှိသည်၊ သခင်မတောင်- မမဥတောင်ဟု မန္တလေးသားများ ခေါ်ကြသည်။

အတွင်း ၃၇ မင်း အပြင် ၃၇ မင်းကို အမျိုးသားပညာဝန် ဦးဖိုးကျားက ဤသို့ရှင်းပြသည်။

“အတွင်း ၃၇ မင်းဟူသည်ကား အနော်ရထာမင်းကြီးသည် ပုဂံ ရွှေထီးခုံစေတီ၏ တံတိုင်းအတွင်း၌ ရုပ်ပုံနှင့်တကွ ထားသောကြောင့် အတွင်း ၃၇ မင်း ခေါ်သည်။ထားသော ရည်ရွယ်ချက်မှာ နတ်တို့သည် ဘုရား၏ အခြံအရံသာဖြစ်ကြောင်း၊ ဘုရားက ပိုမြင့်မြတ်ကြောင်း ပြသရန် ရည်ရွယ်ရင်းဟု ဆိုသည်။

အပြင် ၃၇ မင်းမှာ ယခု မြန်မာပြည်တွင် ကိုးကွယ်ပသနေသည့် နတ်များဖြစ်သည်။မင်းမဟာဂီရိမှာ တကောင်းခေတ်နတ် အစောဆုံးဖြစ်သော်လည်း သိကြားနတ်ကို ရှေ့တင်ထားသည်။သာသနာနှင့် သက်ဆိုင်သူကို ရှေ့ဆုံးမှာ ထားခြင်းဖြစ်သည်။

နတ်ဖြစ်သူများကိုလေ့လာလျှင် လူမျိုးခွဲခြားခြင်းမရှိ၊ နန်းတွင်းသား၊ အရပ်သား ခွဲခြားသည်လည်း မတွေ့ရ။ကြီးသည် ငယ်သည်နှင့်လည်း မဆိုင်၊ အဓိကအကြောင်းမှာ မြို့သားရွာသားများက ချီးမွန်းစရာရှိခြင်း၊ အားကိုးရခြင်း၊ မေတ္တာရှိခြင်း၊ သနားခြင်း သေစဉ်က အုတ်အော်သောင်းသဲရှိခြင်း၊ လူသူအများသိရှိကြပြီး စွဲလောက်ဖွယ် စိတ်ထိခိုက်ကြရခြင်း အစရှိသဖြင့် တွေ့ရသည်ဟု ဦးဖိုးကျားက ထောက်ပြသည့်အပြင် ပုဂံနရပတိစည်သူ (၅၃၆--၅၇၄) သည် သူ၏ မြင်းခံတော် ငပြည့်ကို ကွပ်မြက်ပြီးနောက် နတ်ကွန်းနတ်အိမ်ဆောက်၍ လူထုကို ကိုးကွယ်စေသည်။ဘုရင်ကစ၍ ပူဇော်ခိုင်းသူ နတ်လည်းရှိသည်။မြင်းဖြူရှင်နတ်ဖြစ်သည်။

နတ်စာရင်းတွင် ဝန်ကြီးပဒေသရာဇာ စာရင်းနှင့် မြဝတီမင်းကြီးဦးစ စာရင်း (မူ) ၂ ခုရှိသည်။ယခုလက်ခံထားရှိသည်မှာ မြဝတီမင်းကြီး ဦးစ၏ စာရင်း (မူ) ဖြစ်သည်။ကွဲလွဲမှု (၁၉) ပါးရှိသည်။များသည်။

ခေတ်နှင့်ကြည့်သော် တကောင်းနှင့် ပုဂံ-၂၂ ပါး၊ အင်းဝ-၉၊ ပင်းယ-၁၊ တောင်ငူ-၅ ဖြစ်သည်။လူမျိုးနှင့်ကြည့်သော် မြန်မာ-၂၈၊ မွန်-၂၊ ရှမ်း-၁၊ ယွန်း-၁၊ ပုဏ္ဏား-၂၊ ကုလားနွယ်-၃ ရှိသည်၊ မြန်မာနတ်အများစုမှာ အထက်အညာနတ်များဖြစ်သည်။အရပ်ဒေသနှင့်ကြည့်သော် ပုဂံ၊ အင်းဝ၊ တကောင်း-၂၃ ရှိသည်၊ သေဆုံးကြပုံကြည့်သော် ကျား၊ မြွေ၊ မီး၊ စိတ္တဇ၊ ကွပ်မျက်ခံရ (အသေဆိုး)-၂၃၊ ဘိန်း အရက်-၂၊ ဖျားနာ-၁၂ ဖြစ်သည်၊ မြန်မာနတ်များ အရက်သောက်သည်ဟု နာမည်ပျက်ရသော်လည်း အရက်၊ ဘိန်းနှင့် သေဆုံးခြင်း နည်းပါးသည်။

အမျိုးသားပညာဝန် ဦးဖိုးကျားက မြန်မာများ မရှင်းမလင်း လက်လှမ်းမမှီဖြစ်နေသော ၃၇ မင်းနတ်များကို လေ့လာ၍ ဖော်ထုတ်ပြသည်၊ တိုင်းရင်းနတ်များသည် လူမျိုးနှင့် ဒေသပေါ်တွင် အခြေခံ၍ ပေါ်ပေါက်လာရကြောင်း ရှင်းပြသည်။

ယိုးဒယားတွင် ဗုဒ္ဓဘာသာကိုးကွယ်သော်လည်း ဒေသနတ်များ မပျောက်၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ တိဘက် စသည်တို့မှာလည်း ဒေသနတ်များ မပျောက်ဟု ထောက်ပြသည်။ဘုရားရှင်က ပိုမြတ်သည်ကိုလည်း မသိမဟုတ် သိကြသည်။လောကီထဲက လူတွေအများစုကတော့ ဘုရားကိုလည်း ကြည်ညို၍ နတ်များကိုလည်း ကိုးကွယ်မြဲဖြစ်သည်။ဘုရားဖူးသော အိမ်များမှာ နတ်အုန်းသီးလည်း တင်ထားကြသည်။

ကမ္ဘာပေါ်တွင် အဓိက ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယန်ဘာသာ၊ အစ္စလာမ်ဘာသာ (၄) မျိုးရှိသည်။ကြိုက်ရာကို ငှားယူ၍ ပူဇော်နိုင် ကိုးကွယ်နိုင်သည်၊ သို့သော် ဧည့်သည်သာဖြစ်သည်၊ ကိုယ့်အနီးအနားတွင်ရှိသော နတ်များသည် ကျနော်တို့နှင့် တူသည်။ကျနော်တို့နေသလို နေသည်။ကျနော်တို့ပျော်သလို ပျော်သည်။ကျနော်တို့ ထန်းရေနှင့် ကြက်ကြော် ကြိုက်သလို နတ်ကလည်းကြိုက်သည်။ကြက်ဆင်သားကို ကျနော်တို့ မကြိုက်ပုံခြင်းမှာလည်း တူသည်။

ကိုယ့်အရပ်နှင့် ကိုယ့်ဇာတ်ဆိုသလို မကောင်းလည်းကိုယ့်လူ၊ ကောင်းလည်းကိုယ့်လူဟူ၍သာ သတ်မှတ်လိုက်သည်။ဧည့်သည်ကို အလေးထား၍ အိမ်သည်ခြင်းလည်း ချစ်ကြသည်။

နတ်ဆိုတာ ဘာလဲ။မေးစရာ မေးခွန်း မဟုတ်တော့။

ဗဖူးနှင်းဆီ