【 ဆောင်းပါး 】 ပုဂံခေတ်က စတဲ့ တောင်ပြုန်းပွဲ (၂)

【 ဆောင်းပါး 】 ပုဂံခေတ်က စတဲ့ တောင်ပြုန်းပွဲ (၂)

ဟို အဝေးဆီ မျှော်ကြည့်လျှင် မြန်မာပြည် တစ်နံတစ်လျားတွင် တွေ့ရတတ်သော ဘုရားပွဲတော်များနှင့် သဏ္ဍာန်တူပါသည်။

ယခုနှစ်ပိုင်းများတွင် ခေတ်စားလာသော ပုခက်သဏ္ဍာန် လှေကြီးဖြစ်သည်။အတော်မြင့်မြင့် လွှဲနိုင်သဖြင့် အသည်းအေးပြီး စီကနဲညံကနဲ အော်သံတွေထွက်လာတတ်သော လှေကြီးဖြစ်၏။မပါမဖြစ် ရဟတ်ကလည်း အတော်ကြီးသည်။မိန်းကလေးတွေအကြိုက်ဖြစ်သည်။အရွယ်ငယ်သေးသော ကလေးတွေအတွက်ကဖြင့် အထက်အောက် ခုန်စွခုန်စွလုပ်ပေးသော မြင်းစီးရုပ်ရှိသလို၊ ဝိုင်းပတ်လည်နေသော ဂျစ်ကားကလေးတွေလည်း တွေ့ရသည်၊ ညနေစောင်းစမို့ စီးမည့်သူတော့ သိပ်မတွေ့သေး။

ကျနော်စိတ်ဝင်တစားရှိသည်မှာ ရိုးရာနွားလှည်းတွေဖြစ်သည်။ပေါင်းမိုးပါကြမည်။လှည်းကို ဒေါက်ထောက်ထား၍ လှည်းအနီးတွင် ခဲသုံးခုကို ဖိုခနောက်ဆိုင်ထားသော မီးဖိုတွင် ဆုတောင်းပြည့်စေတီ ဆွမ်းကပ်ရန်နှင့် ပွဲတော်လာ မိသားစုများ စားသုံးရန် ချက်ပြုတ်နေသော မီးခိုးတလူလူနှင့် ရုပ်ပုံလွှာဖြစ်သည်၊ မြန်မာပြည်တစ်နံတစ်လျားတွင် လွန်ခဲ့သော နှစ် (၁၀၀) က (သို့မဟုတ်) လွန်ခဲ့သော နှစ် (၅၀) က မြင်ကွင်းတွေ ရုပ်ပုံလွှာတွေ ဘာတွေ ပျောက်ကွယ်ပြီး၊ ဘာတွေကျန်နေသေးသနည်း။အရင်ခေတ်စကားနှင့်ပြောရလျှင် ကုန်လုပ်ဆက်ဆံရေး မည်သို့ဖြစ်တည်၊ မည်သို့ပြောင်းလဲသွားသလဲဟု တွေ့ချင်မြင်ချင် လေ့လာလိုခြင်းဖြစ်ပါသည်။

လွန်ခဲ့သော နှစ် (၃၀) အတွင်း ရန်ကုန်တိုင်းထဲမှ သံလျင်၊ ကျိုက်ခေါက်ဘုရားပွဲတော်တွင် နွားလှည်းတွေ ၇၀ ရာခိုင်နှုန်းလောက် ပျောက်သွားသည် ထင်သည်။ထိုနေရာတွင် ထွေလာဂျီများ အစားဝင်လာသည်။စက်ဘီးများနေရာတွင် ဆိုင်ကယ်တွေ အစားဝင်လာသည်၊ ရိုးရာသုံးစွဲမှုတွေ မည်မျှကျန်သနည်း၊ ခေတ်ပေါ်အသုံးအဆာင်တွေ မည်မျှပါဝင်လာသနည်း၊ကျေနပ်စရာမည်မျှ၊ မကျေနပ်စရာမည်မျှ၊ ကျနော်ကြည့်မိရာတွေမှာ ရာနှုန်းအနည်းငယ်တော့ တွေ့နေရသေးသည်။လမ်းမပေါ်မှာတော့ ခရီးအတွက် သင့်လျော်သော ဒိုင်နာအတိုအရှည်တွေကို တွေ့ရများ၏၊ အသေအချာပြောရဲသည်မှာ ကားအကောင်းစားတွေနှင့်လာပြီး ဖောဖောသီသီ သုံးကြလှူကြ ထောင်တန်တွေကြဲကြသူများမှာ အရက်ကုမ္ပဏီ အရက်လုပ်ငန်းရှင်များဖြစ်နေကြခြင်းဖြစ်သည်၊ ကျနော်သည် မူးရိပ်မူးရိပ်နှင့်ပင် နွားလှည်းများရှိရာသို့ ငေးကြည့်နေမိတော့သည်၊

ပွဲခင်းထဲမှာ နတ်ကနားပွဲတွေထဲမှာတော့ ကိုယ့်မိတ်နှင့်ကိုယ် သူ့မိတ်နှင့်သူ ပွဲတဲနန်းအသီးသီးမှာ ကနား “က” ကြသည်၊ သူတို့အခေါ် နတ်ချော့နေကြသည်၊ အနာဂတ်ကို မေးနေကြသည်၊ ဆွဲကြိုးဘယက်နှင့် လက်ကောက်တတောင်ဆစ်ခိုက်သော ဖြူဖြူဝဝ အမကြီးက “သူဆင်းရဲသွားမှာလား” ဟု နတ်ကို အတင်းမေးနေသည်၊ နတ်ဝင်မနေသော နတ်ကတော်အခြောက်က အမကြီးပုခုံးကိုကိုင်လျက် “ဒီတစ်သက်မဟုတ်ဘူး ဆယ်သက် ဆယ်သက် မဆင်းရဲဘူး” ဟု အာမခံနေသည်၊ ဖြူဖြူဝဝလည်း ကျေနပ်သွားကာ တစ်သောင်းတန်ငါးရွက်ကို ခေါင်းပေါင်းစထဲ ထိုးပေးသည်၊ နတ်ကတော်က နှစ်ရွက်ကိုကိုင်ယူလျက် ဆိုင်းဆရာ ရွာစားဘက်ကို အဓိပ္ပါယ်ပါပါကြည့်သည်၊ ရွာစားကလည်း လက်ကိုအားကုန်မြောက်ကာ ဒိုးပေါက်ခမန်းတီးသည်၊ ရွာစားက သူ့ဆိုင်းအဖွဲ့ဘက်ကိုကြည့်ကာ “ဟေ့ ဟေ့” ဟု အသံပေး၍ ခေါင်းဆတ်သည်၊ “နတ်ကတော်”
ဘယ်လောက်ကောင်း ဆိုင်းသတ်လျှင် နတ်သေသည်၊ နတ်နှင့် အပေးအယူညီလျှင် ကနားပေးသူ အထုပ်ထဲက နှိုက်ပေတော့၊ ဒီပွဲမှာ မင်းညီနောင်ပွဲဖြစ်သော်လည်း ဦးမင်းကျော်ကလည်း အတော်ဝင်ရ အတော်ကရသည်၊ လှူချင်ပေးချင်သူများကလည်း သူတို့ကိုပဲ ပွဲတောင်းသည်၊ သူတို့ဝင်မှပဲ ပိုက်ဆံအိတ် ဇစ်ဖွင့်သည်၊ ဟေ့ဟေ့ ဝါးဝါး ဆိုင်းသံနှင့် ညာသံများက ကနားတိုင်းဆီမှ လွင့်ပျံလာနေသည်၊ သူ့အတွေးထဲက ကုန်ထုတ်လုပ်မှုကွင်းဆက်ကို စိတ်ရောက်နေသည်။

ကုန်ထုတ်မှုပုံစံပြောင်းလျှင် တန်ဖိုးထားမှုအပါအဝင် အရာများစွာပြောင်းသွားသည်၊ နက္ခတ္တပညာသိလာ၍ သံလိုက်အိမ်မြှောင်သုံးတတ်သွားသည်နှင့် ပင်လယ်ကူးသင်္ဘောများခေတ်/ကုန်းရောင်းကုန်ဝယ်ကုန်သွယ်သောခေတ် ရောက်လာသည်၊ ရေနွေးငွေ့အင်ဂျင်ပေါ်လာအခါ ရက္ကန်းစက်တွေပေါ်လာသည်၊ ရွက်လှေသင်္ဘောကြီးများခေတ်ကနေ ကျောက်မီးသွေး ဘွိုင်လာသင်္ဘောများ ရောက်လာသည်၊ လူသားက စက်တွေကို ခိုင်းတတ်လာသည်၊ ကုန်ထုတ်လုပ်ပုံရော ဖြန့်ဖြူးပုံပါ ပြောင်းသွားသည်၊ ရှေ့ဦးက ပေါ်တူဂီ၊ စပိန် နောက်ပေါက်က အင်္ဂလန်၊ ပြင်သစ် လူ့အဖွဲ့အစည်းကို ကျေးကျွန်မွေးသွားသည်၊ ယခု လှည်းတွေ၊ လှေတွေ တဖြည်းဖြည်းပျောက်လာသည်၊ ထွေလာဂျီတွေ၊ ပဲ့ချိတ်တွေ ရောက်လာသည်၊ ကိရိယာတွေ အကြီးအကျယ်ပြောင်းလဲလာသည်၊ ရှေ့ခေတ်ကား မည်သို့နည်း၊
ပတ်မချက်နဲ့ လင်းကွင်းသံကြောင့် အတွေးများ ဘယ်ရောက်သွားသည်မသိ။

တောင်ပြုန်းပွဲတော် ဒုတိယကမ္ဘာစစ်အတွင်းကအကြောင်းကို လူထုဒေါ်အမာက --

“တောင်ပြုန်းနတ်ပွဲဟာ စစ်ကြီးဖြစ်နေတုန်းကလည်း တစ်နှစ်မှ မရပ်နားဘူး၊ သူ့အချိန်တိုင်တော့ သက်ဆိုင်ရာတွေက လုပ်ရိုးလုပ်စဉ်တွေကို ဗုံးသံကြား၊ စက်သေနတ်သံကြားက မပျက်မကွက်လုပ်ကြတာပဲ၊ လူစည်တာနဲ့ လူမစည်တာနဲ့ပဲ ခြားနားပါတယ်၊ စစ်ပြီး ဒီဘက်ခေတ်ရောက်တော့ နတ်ကိုးကွယ်မှုနတ်နဲ့ပတ်သက်ပြီး လွတ်လပ်ရေးတိုက်ပွဲဝင်ကာလတုန်းက ဝေဖန်ပညာပေးကြသေးတယ်၊ ဆောင်းပါးတွေက နည်းလာပြီး ဝန်ကြီးချုပ် (ဦးနု) က “ဗလိနတ်စာ” ကျွေးတဲ့ ပွဲတွေ ဘာတွေလည်း ရှိလာခဲ့တယ်၊ ****

တောင်ပြုန်းပွဲဟာ မင်းကြီးမင်းလေးလို့ခေါ်တဲ့ ရွှေဖျဉ်းညီနောင်ဆိုတဲ့ နတ်နှစ်ပါးရဲ့ပွဲမို့ သူတို့နတ်နန်းနှစ်ခုပဲရှိတာပါ၊ မင်းညီနောင်ရဲ့နတ်ပွဲသက်သက်၊ ခု တောင်ပြုန်းပွဲက မြန်မာတစ်နိုင်ငံလုံးကသူတွေ ကိုးကွယ်သမျှ နတ်တွေအားလုံးရဲ့ ပွဲကြီးဖြစ်နေပါတယ်” လို့ ပြောသွားပါတယ်၊ ဒါကို ဒီလိုပဲတွေ့ရတာတော့ မှန်နေပါတယ်။

ကျနော် မုံရွာဘက်သွားဖို့ ကိစ္စပေါ်လာတော့ “ဆရာကြီး ဦးအံ့မောင်” အိမ် ဝင်လည်ပါသည်။စကားစပ်ကြရင်း အထက်အညာက နတ်တွေအကြောင်း ပြောမိကြပါသည်။

“ကို-------” ရေ ကျုပ်တို့အညာက နတ်တွေများသဗျ၊ ကိုးကွယ်တာလည်း သူတို့အဘိုးအဘွား၊ ဆွေမျိုးမိဘ၊ ဦးကြီးသားချင်း၊ ညီအကိုမောင်နှမလိုကို ခင်ကြချစ်ကြသလိုမျိုးဗျလို့ ပြောပါသည်။

တကယ်ဆို အဲသည်အရာတွေက အညာတောင်မဟုတ်၊ အညာကြီးလို့ပြောရမည့် နေရာတွေဖြစ်ပါသည်။သမိုင်းအစဉ်အတိုင်းပြောရင် မြန်မာဘုရင်တွေ နန်းစိုက်ရာ အင်းဝ၊ စစ်ကိုင်း၊ အမရပူရ၊ ရတနာပုံတို့ဟာ မြန်မာနယ်ပါပဲ၊ အောက်ဟံသာဝတီက မွန်နယ်၊ ကရင်နယ်၊ ဟံသာဝတီကို မြန်မာတွေသိမ်းပြီးတဲ့အချိန် အင်္ဂလိပ်က တစစသိမ်းတာ၊ ရန်ကုန်ကို မြို့တည်ထာင်တာ အင်္ဂလိပ်၊ အင်္ဂလိပ်က လူမျိုးပိုင်နက်မကြည့်ပဲ သင်္ဘောဆိပ်ကမ်းကောင်းတာကိုကြည့်ပြီး ရန်ကုန်ကိုတည်သည်။လွတ်လပ်ရေးပေးတော့ သူတို့သိမ်းတဲ့ မြန်မာဘုရင်နယ်အတိုင်း ပြန်ပေးခြင်းဖြစ်သည်၊ တကယ့် မြန်မာ့နေရင်းဌာနက မြန်မာပြည်အလယ်ပိုင်းနင့် အထက်ပိုင်း အင်းဝဖြစ်သည်၊ အဲဒါကြောင့် မြန်မာနတ်အများစုမှာ အထက်အညာဒေသက ဖြစ်နေတာပါ၊ မြန်မာနတ်ထဲမှာ အစောဆုံး အကြီးဆုံး သက်တန်းအရင့်ဆုံးက “အိမ်တွင်း မင်းမဟာဂီရိ” ပါ၊ တကောင်းခေတ်ထဲမှာ ပေါ်ပေါက်တာပါ၊ ပုဂံခေတ်ထက် အတော့်ကိုစောပါတယ်။

တကောင်းကို သမိုင်းအရ အဓိကအထောက်အထားတွေ မရမီက ခေတ်တစ်ခုအနေနဲ့ လက်မခံနိုင်သေးတာက တစ်ကိစ္စပါ၊ မြေအောက်ပစ္စည်းတွေ မတူးဖော်နိုင်သေးတာ မြေအောက်ပစ္စည်းတွေ တူးဖော်ရရှိပြီး ကြည့်ရှုလေ့လာပြိး သုတေသနကလည်း မလိုက်နိုင်သေးတာ၊ ဒါက တိုင်းပြည်က မလုပ်နိုင်တဲ့ကိစ္စ အများကြီးကိုနောက်ကျနေပါပြီ၊ ကျနော်က တကောင်းခေတ်ကို ယုံတဲ့သူပါ၊ မြန်မာနတ်အကြောင်း၊ ၃၇ မင်းသောနတ်တွေအကြောင်း လေ့လာချင်ရင် အထောက်အထားတွေ ဒီမှာမရှိ၊ အိန္ဒယနဲ့ အင်္ဂလန်မှာသာရှိတယ်ဆိုရင် အံ့အားသင့်ကြမလားမသိဘူး။

နတ်အနွယ်တွေချင်း သူပိုင်တယ်၊ ငါပိုင်တယ်တွေ ဖြစ်ကြတာလဲ အမှန်ပါပဲဆိုရင် ပိုပြောတယ်ထင်ကြမလား မသိပါ။

ဗဖူးနှင်းဆီ