【 ဆောင်းပါး 】 ပုဂံအရသာ

【 ဆောင်းပါး 】 ပုဂံအရသာ

ဧည့်သည်မြင်တာနဲ့ ပြုံးနေတဲ့မျက်နှာနဲ့ မင်္ဂလာပါလို့ လှမ်းနှုတ်ဆက်တတ်တဲ့ ကောင်မလေးဟာ သူ့ကိုယ်သူ ပုဂံသူဖြစ်တယ်လို့ ဂုဏ်ယူစွာနဲ့ ဆိုတယ်။

သူ့အသားအရေ ညိုစိမ့်စိမ့်နဲ့ သူ့လေသံ ပေါင်းလိုက်ရင် ပုဂံသူဖြစ်ကြောင်း သေချာနေတဲ့ ပုဂံသူမျိုး။

သူတို့ ဟိုတယ်ဝန်ထမ်းတွေ အားလုံးဟာလည်း ဒေသခံတွေချည်းပဲလို့ သူကဆိုတယ်။တိုင်းပြည်ရှေ့သို့ ချီလာတာနဲ့အမျှ ပုဂံဟာလည်း ကျွဲကူးရေပါ နိုင်ငံခြားဧည့်တွေမပြတ်၊ အခုနောက်ပိုင်း မြန်မာပြည်သူတွေဟာ ခရီးသွားခြင်းအရသာကို ခံစားတတ်လာတာမို့ ရှေးဟောင်းမြို့တော် ပုဂံမှာ ပြည်တွင်းဧည့်တွေလည်း သိသိသာသာ များပြားလာပြီလို့လည်း ၂၀၁၇ ခုနှစ် ကျနော်တို့မိသားစု သူအလုပ်လုပ်ရာ ဟိုတယ်မှာတည်းခိုက် ပြောပြတယ်။ပြီးတော့ ပုဂံရဲ့ အားသာချက်က ၁၂ လရာသီ မိုးအကြိုက်ရွာတာမျိုးမရှိလို့ ရာသီမရွေး လည်ပတ်လို့ အဆင်ပြေသတဲ့။

သူတို့ ဟိုတယ်က ပုဂံမြို့သစ်၊ မြင်းကပါအရပ်က ယွန်းမြို့သူဟိုတယ်။ပုဂံကို မနက်စောစောရောက်။အထုပ်အပိုးချ ရေမိုးချိုးပြီးတာနဲ့ အီးဘိုက်ဌားပြီး ရောက်တတ်ရာရာ။နေ့ခင်း ထမင်းစားပြီးနောက် ဟိုတယ်မှာ နေ့ခင်းဝင်ခို။ညနေ ၃ နာရီကျော် နောက်တစ်ခေါက် ထပ်လည်မလို့ အခန်းသော့အပ်ပြီး အီးဘိုက်ငှားတဲ့အချိန် အညာသူလေးနဲ့ ခဏတဖြုတ် စကားကောင်းခဲ့။

ပုဂံကိုလာတဲ့ ပြည်တွင်းဧည့်တွေထဲမှာ ၂ မျိုး ၂ စား ရှိသတဲ့။ပထမတစ်မျိုးက သမားရိုးကျ ဘုရားဖူးလာကြတဲ့သူတွေ။အဲဒီအမျိုးအစားက ရှေးနှစ်ပေါင်းများစွာကနေ ဒီနေ့အထိ အခိုင်အမာ။သူတို့က ဘုရားတွေ တဝကြီးဖူးကာ စိတ်ကျေနပ်ကြသူတွေ။ဘုရားဖူးမယ်။လှူမယ် တန်းမယ်။ကုသိုလ်ယူကြမယ်။ကုသိုလ်ကောင်းလို့ ပုဂံဘုရားတွေ လာဖူးခွင့်ရတယ်လို့လည်း ဆိုကြရဲ့။နောက်တစ်ထပ်တစ်မျိုးက ရှေးဟောင်းအငွေ့အသက်တွေ ရာနှုန်းပြည့် လွှမ်းခြုံထားတဲ့ ပုဂံကို အရသာလာခံသူတွေတဲ့။

‘သမီးတို့လို လူငယ်တွေက ပုဂံကို လာအရသာခံကြတာ။ထန်းတောတွေထဲ သွားမယ်။ပုဂံရဲ့အလှတွေ သဘာဝတွေကို လိုက်ငေးမယ်။ရှေးဟောင်းယဉ်ကျေးမှုတွေကို လေ့လာမယ်။ဘုရားဖူးတာကတော့ ဖူးတာပေါ့’ လို့ သူကပြောပြတယ်။

‘အခုညနေခင်း ဘယ်သွားရင်ကောင်းမလဲ’ လို့ မေးကြည့်တော့ ညနေခင်း နေဝင်ချိန် ဧရာဝတီမြစ်ကို လှမ်းကြည့်လို့ရမယ့် ဘုရားတွေဆီသွားဖို့ သူကအကြံပြုတယ်။သဗ္ဗုညုဘုရားတို့လို ဉာဏ်တော်မြင့်တဲ့ဘုရားတွေဆီ သွားကာ ဧရာဝတီမြစ်ကို အပေါ်စီးကနေ လှမ်းငေးချင်ငေး၊ ဒါမှမဟုတ် ဧရာဝတီမြစ်ကမ်းဘေးက ဗူးဘုရားသို့ သွားချင်သွားလို့ သူကအကြံပြုတယ်။

ဒါနဲ့ ဗူးဘုရားကို သွားကြမယ်လို့ ဆုံးဖြတ်လိုက်တယ်။ဗူးဘုရား သွားဖို့ရာ လမ်းတွေက မခက်။မြေပုံစာရွက်ကြည့်၊ လမ်းညွှန်ဆိုင်းဘုတ်တွေကြည့်ပြီး အလွယ်တကူ။နန်းမြို့ရိုးထဲဝင်ပြီး ၅ မိနစ်လောက် အီးဘိုက်မောင်းရင် ဗူးဘုရားရောက်ရှိပြီဆိုတော့ နန်းမြို့ရိုးထဲက ဘုရားတွေထဲ အရင်လျှောက်ဝင်ကြည့်ဖြစ်တယ်။မိန်းမကတော့ ဘုရားထဲရောက်ရင် သေချာထိုင်ကန်တော့၊ အလှူငွေထည့်။နာမည်ကြီးဘုရားတွေထဲရောက်ရင် သူ့အမေက လှူခိုင်းလိုက်တဲ့ ငွေတွေ ဘာတွေပါ လှူပေါ့။

ကျနော်ကတော့ ပုဂံခေတ် အံ့မခန်းဗိသုကာကို ကိုယ်ဉာဏ်မှီသလောက် လျှောက်ငေးကာ ကိုယ့်အရသာနဲ့ကိုယ်။တချို့ဘုရားတွေက ဥမင်တွေ လှိုဏ်ခေါင်းတွေ နေ့ခင်းကြောင်တောင် အမှောင်ထဲ ငွေ့ငွေ့သာ လင်းနေတာတွေ၊ တိတ်ဆိတ်ခြင်း၊ ငြိမ်သက်ခြင်း၊ ကြည်လင်ခြင်းနဲ့ တရားဓမ္မကို ထိုးထွင်းသိမြင်ခြင်းမှာ မွေ့ခဲ့ကြလေသလား။ထုနဲ့ထည်နဲ့ တည်ထားခဲ့တဲ့ ဘုရားတွေကို မြင်ရတော့ ပုဂံမှာ ဗမာတွေရဲ့ ခွန်အားကြီးခဲ့မှုကို ကိုယ်စားပြုခဲ့သလားလို့လည်း တွေးမိတယ်။

ကျနော့်သားကတော့ ဟိုး .. မြင့်မြင့်တက်ရတဲ့ ဘုရားဆို သိပ်ကြိုက်တာမို့ ခက်ခက်ခဲခဲတက်ရတဲ့ ဘုရားတွေဆိုလည်း သူ့အကြိုက် ကိုယ်ပါလိုက်တက်ရင်း ဟိုး … အမြင့်ကြီးဆီကနေ စေတီပုထိုးပေါင်းများစွာနဲ့ ဖွဲ့နွဲ့ထားတဲ့ ပုဂံကို ငေးမဝဖြစ်ရတယ်။

ဗူးဘုရားကိုရောက်တော့ ညနေ ၅ နာရီကိုတောင် စွန်းစပြုပြီ။ဗူးဘုရားပေါ်ကနေ ဧရာဝတီမြစ်နောက်ခံနဲ့ နေဝင်ချိန်ကို လှမ်းအရသာခံလိုတဲ့ မြန်မာပရိသတ်ကလည်း တော်တော်များတာမို့ အညာသူဟိုတယ်ဝန်ထမ်း ပြောပြတဲ့ ပုဂံသို့လာခြင်းအဓိပ္ပါယ်ကို ဆဝါးကြည့်မိတယ်။

ဗူးဘုရားပေါ်ကနေ လှေကားအတိုင်း ဆင်းလိုက်ရင် မြစ်ကမ်းဘေး စားစရာဆိုင်တွေဆီရောက်တာမို့ မြစ်နဲ့နီးနီး ထိုင်ချင်စိတ်ကြောင့် တစ်ခုခုစားဖို့ ဆင်းလိုက်တယ်။ဘာစားခဲ့သလဲ မမှတ်မိတော့ပေမယ့် အညာနံ့သင်းနေတဲ့ တစ်ခုခုဖြစ်မှာတော့ သေချာတယ်။

အဲဒီဆိုင်မှာ ထိုင်နေရင်းနဲ့ မော်တော်တွေပေါ် နိုင်ငံခြားသားတွေ တက်သွားတာ မြင်ရလို့ မေးကြည့်တော့ နေဝင်အလှကို ဧရာဝတီမြစ်ထဲကနေ အရသာခံကြတာတဲ့။မော်တော်ဈေးမေးကြည့်တော့ လေး၊ ငါးသောင်းထက် မပိုတာနဲ့ မော်တော်ပေါ်တက်ကြတယ်။မော်တော်က နည်းနည်းခပ်လှမ်းလှမ်းအထိ မောင်းသွားပြီး အဲဒီကနေ စက်ကိုသတ်ကာ ရေစီးအတိုင်း ပြန်မျှောချ။တိတ်ဆိတ်ငြိမ်သက်စွာ နေဝင်အလှကို ငေးပေါ့။အလွန်ဆုံးကြာလှ မိနစ် ၂၀ ကျော်ဆိုပေမယ့် စိတ်ထဲပေးရတဲ့ငွေနဲ့ တန်တယ်လို့ တွေးမိတယ်။

ဗူးဘုရားက အပြန်မှာ ၆ နာရီကျော်ပြီမို့ အမှောင်ကသန်းနေပြီ။အပြန် လမ်းနံဘေးမှာ မနူဟာဘုရားက မီးတွေထိန်ထိန်။မူလရည်ရွယ်ရင်းအတိုင်း မနူဟာဘုရားကိုဝင်။အကျဉ်းစံ မွန်ဘုရင်ရဲ့ အနာဂတ်မရှိတဲ့နေ့တွေကို ငေးကြည့်မိတယ်။နန်းကျဘုရင် မနူဟာက သူဝတ်ထားတဲ့ နန်းစဉ်လက်စွပ်ကို ပုဂံသူဌေးတစ်ဦးထံ ရောင်းချပြီး ဘုရားတည်ခဲ့တာတဲ့။ကုလားကျောင်းခံ လှိုဏ်ဂူဘုရား။ဆင်းတုတော်ကြီးက လှိုဏ်ဂူအပြည့် ကျဉ်းကျဉ်းကျပ်ကျပ်။မနူဟာဘုရင်ရဲ့ အကျဉ်းစံဘဝ ကျဉ်းမြောင်း ကျပ်တည်းမှုကို ကိုယ်စားပြုခဲ့တယ်လို့ ဆိုကြတယ်။

ရေခြား မြေခြား ဘဝခြားခဲ့တဲ့ နန်းကျဘုရင်အဖြစ် သုဝဏ္ဏဘူမိကနေ ပုဂံမှာ လာခေါင်းချ ဘယ်လောက်တောင် ညှိုးငယ်လေမလဲ။ရေမြေ့အရှင်ဘဝလည်း ပြီးဆုံး၊ သုဝဏ္ဏဘူမိသည်လည်း ပြီးဆုံး။ပုဂံမြေက အနာဂတ်မရှိတော့တဲ့ နေ့တွေမှာ မသေမချင်း အပူမီးတွေ ဘယ်၍ဘယ်မျှ တောက်လောင်ခဲ့လေမလဲ။ကျနော်ဟာ နန်းကျဘုရင် မနူဟာရဲ့ နေ့စဉ်မှတ်တမ်းတွေကို စိတ်ဝင်စားမိ။

သားနဲ့မယားရဲ့ နှိုးဆော်ချက်အရ ဟိုတယ်ပြန်ကြမယ်ဆိုမှ မနူဟာဘုရားကနေ ထဖြစ်တယ်။ပုဂံညကို ဒီအတိုင်းငုတ်တုပ်ထိုင်ဖြတ်လို့တော့ ဘယ်ဖြစ်မလဲ။ဘီယာအေးအေးလေးနဲ့ အရသာခံသင့်ကြောင်း သွေးက တောင်းဆိုလာတယ်။အညာကြက်ကင် မွှေးမွှေးလေးနဲ့ ရှတတအေးအေး။ပုဂံညတွေဟာ အဲဒီလိုအေးအေးလေး။

ငြိမ်းဆက်