【 ဆောင်းပါး 】 ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ အဆိုးနှစ်ခု

【 ဆောင်းပါး 】 ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ အဆိုးနှစ်ခု

အုပ်စုနဲ့ အစွမ်းပြပြီး အလုပ် လုပ်ရာမှာ ထိရောက်တဲ့ နည်းလမ်းတွေကို မော်တန် တီ ဟန်ဆန်က ဘယ်လိုလမ်းညွှန်ပေးလဲဆိုတာတွေကို ဆက်လက်ဖော်ပြပေးပါမယ်။

ပူးပေါင်းဆောင်ရွက်ရာမှာ ကောင်းကျိုးဖော်ဆောင်ပေးမယ့် နည်းလမ်းတွေရှိသလို၊ အချို့နည်းလမ်းတွေကလည်း အကောင်းထက် အဆိုးဖက်ကို ဦးတည်သွားတတ်တာကို သတိပြုနိုင်ဖို့ ဘယ်လိုတင်ပြပေးထားသလဲဆိုတာ ဆက်လက်လေ့လာကြည့်ကြပါဦးစို့။

          “အစည်းလိုက်ရှိနေတဲ့ ထင်းချောင်းတွေကို ချိုးဖို့ မဖြစ်နိုင်ဘူး”
          ကံဉာဏ်စကားပုံ

၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ တွမ်ဝီလ်ဆင် (အမည်လွှဲ) ဆေးရုံ နောက်ထပ်တစ်ကြိမ် တက်ရပြန်တယ်။အသက် ခြောက်ဆယ့် ရှစ်နှစ်အရွယ် အိမ်ထောင်ကွဲ စစ်ပြန်ကြီးမှာ ရောဂါအမည် စာရင်းရှည်ကြီးနဲ့ဖြစ်ပြီး၊ အဲဒီအထဲမှာ နှလုံးသွေးကြောပိတ်ရောဂါကလည်း တစ်ခုအပါအဝင်ဖြစ်တယ်။အဲဒီရောဂါကြောင့် သူ့နှလုံးရဲ့ သွေးညှစ်အား လျော့ကျနေပြီး၊ နာတာရှည် အဆုတ်ရောဂါကလည်း ခံစားနေရတဲ့အတွက် အသက်ရှူရတာခက်ခဲတဲ့ ဝေဒနာကလည်း ရှိနေပြန်တယ်။နှလုံးဖောက်တာ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ စိတ်ကျရောဂါ၊ သွေးတိုးရောဂါတို့အပြင် ခါးနာဝေဒနာကလည်း စွဲကပ်နေသေးတယ်။ဒါကြောင့် ခြောက်လအတွင်းမှာ အရေးပေါ်ဌာနကို ခြောက်ခါ တက်ရောက်ခဲ့ရတယ်။

ဝီလ်ဆင်က လူဦးရေ ၂၅,၀၀၀ ခွဲရှိတဲ့ ဆင်ခြေဖုံး လယ်ယာစိုက်ပျိုးရေး အစုအဖွဲ့လေးရှိတဲ့ အိုင်အိုဝါခရိုင်၊ ဖော့ဒေါ့ဂျ်မှာ တစ်ယောက်တည်း နေထိုင်သူဖြစ်တယ်။သူ့အနေနဲ့ ဂရုစိုက်ကုသပေးတဲ့ အထူးကု ဆရာဝန်ကြီးတွေနဲ့ ပုံမှန်စစ်ဆေးကုသမှု ခံယူရတာကို အဆင်ပြေပေမယ့်၊ ဆရာဝန်ကြီးတွေ အချင်းချင်းကြားမှာ ချိတ်ဆက်ပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေမှာရှိတယ်။သူ ဖော့ဒေါ့ဂျ်မှာ ဆေးရုံတက်နေတုန်းက တစ်ဌာနမှာ နှစ်ပတ်လောက်တက်ရတယ်၊ ဝီလ်ဆင်က သူ့အဓိကကုသရတဲ့ သမားတော်၊ နှလုံးအထူးကု၊ အဆုတ်အထူးကု၊ ကျောက်ကပ်အထူးကုနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းအထူးကုတွေအပြင် ပြင်ပလူနာဌာန၊ အရေးပေါ်ဌာန၊ အထူးကြပ်မတ်ရေးအဆောင်၊ ပြင်ပလူနာဌာန စတဲ့ ဆေးကုသရေး ကိုးဌာနကြားမှာ ခုန်ပျံကူးလူး ကုသခဲ့ရတယ်။တစ်ဌာနမှာကုတာကို အခြားတစ်ဌာနက သိဖို့ မဖြစ်နိုင်တဲ့ အခြေအနေကို ရောက်ခဲ့တာပါ။

ဝီလ်ဆင်က သူ့ နာတာရှည်ရောဂါတွေ နေကောင်းသက်သာအောင် လိုအပ်တဲ့ ကုသမှုကို သေသေချာချာမရရှိဘဲဖြစ်မှာကို အလွန်စိုးရိမ် ပူပန်မိခဲ့ရတယ်။ ဆေးရုံအကြောင်းနဲ့ပတ်သက်ပြီး ပရော်ဖက်ဆာ အေမီအက်မွန်ဆမ်၊ ရှေးဦးသုတေသနတာဝန်ခံ အက်ရှ လေကေ ဖရိုင်ရာတို့နဲ့ ကျွန်တော်နဲ့အတူ ဟားဗတ်စီးပွားရေးကျောင်းအတွက် ရေးသားခဲ့တဲ့ကိစ္စမှာ တွေ့ကြုံခဲ့တဲ့အရပြောရရင် ဒီလိုပူးပေါင်းဂရုစိုက်ဆောင်ရွက်မှု လစ်ဟာခဲ့တာက ကံမကောင်းစွာဘဲ ဝီလ်ဆင်တစ်ယောက်တည်း မဟုတ်ပါဘူး။

ဆေးရုံဝန်ထမ်းတစ်ယောက် ရှင်းပြတာက “လူနာတွေက ဆေးရုံကနေ ဆင်းခွင့်ရပြီး နှစ်ပတ်၊ သုံးပတ်အကြာမှာ ပြန်လည်စစ်ဆေးမှုခံယူဖို့ ရှေးဦးကုသရေး သမားတော်ကြီးနဲ့ လာပြရပါတယ်၊ ဒါပေမဲ့ ရှေးဦးကုသရေး သမားတော်ကြီးက ဒီလူနာဟာ လတ်တလော ဆေးရုံမှာ တက်ရောက် ဆေးကုသမှုခံထားရသူလို့ လုံးဝမသိပါဘူး။

နောက်ထပ် ဝန်ထမ်းတစ်ယောက် ပြောပြတာက “ဘယ်သူမှ လူနာရဲ့ ဆေးကုသမှုရာဇဝင်ကို သေချာမကြည့်ကြဘူး၊ အဲဒါကိုလည်း တာဝန်ယူဖို့ မစဉ်းစားကြဘူး။အထူးကု ဆရာဝန်ကြီးတိုင်းက သူတို့နဲ့ သက်ဆိုင်တဲ့ အပိုင်းကိုပဲ ကြည့်ပြီး ကုသွားကြတာပဲ”။

အဲလိုချိတ်ဆက်ကုသမှု မရှိတဲ့အတွက် ဆရာဝန်၊ သူနာပြု၊ ကုထုံးပညာရှင်နဲ့ အိမ်မှာ ပြုစုကုသပေးသူတို့က ဆေးစစ်တာ၊ စစ်ဆေးတာ တစ်မျိုးတည်းကိုပဲ ထပ်ပြီးလုပ်ခိုင်းတာမျိုး ဖြစ်လာတယ်။ရှေ့ကြောင်း နောက်ကြောင်း ခြုံငုံကြည့်ပြီး ကုသတာမျိုးမဟုတ်တဲ့အတွက် အရည်အသွေးကျတဲ့ ကုသမှုမျိုးတွေဖြစ်လာပြီး၊ ဒေသတွင်း အခြေခံကုသမှုစနစ်ဟာ စရိတ်စကကြီးလာပါတယ်။

          ပူးပေါင်းဆောင်ရွက်မှု အဆိုးရွားဆုံး နှစ်ခု

ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ရေး ပထမပြစ်မှုလို့ နာမည်တပ်သင့်တဲ့ “ပူးပေါင်းဆောင်ရွက်မှု နိမ့်ကျ ခြင်း” ဖြစ်ခဲ့တယ်ဆိုတာကို ကုသမှုပေးတဲ့ ဆရာတွေက ဝန်ခံခဲ့ကြပါတယ်။ဖော့ဒေါ့ဂျ်ရဲ့ ကျန်းမာရေးစနစ်က လူတွေကို ကူညီပေးဖို့အတွက် ပူးပေါင်းဆောင်ရွက်ပြီး ဆုံးဖြတ်ချက်ချခြင်းနဲ့  သတင်းအချက်အလက် ပေးမျှခြင်းတို့ကို စနစ်တကျလုပ်ဆောင်ထားတာမရှိဘူး။လူတွေက စပါးကျီအဖွဲ့အစည်းလို့ သရော်ကြတဲ့အတိုင်း အမေရိကမှာရှိတဲ့ ဆေးရုံတော်တော်များများရဲ့ စနစ်တွေက ဖော့ဒေါ့ဂျ်ဆေးရုံလိုပဲ ဌာနတစ်ခုနဲ တစ်ခုကြားမှာ နံရံအမြင့်ကြီးတွေနဲ့ ခြားထားကြတယ်။အဲဒီ စပါးကျီပုံစံ ကျန်းမာမှုစောင့်ရှောက်ရေးကြီးဟာ နှစ်ပေါင်းများစွာ သက်ဆိုးရှည်ကြာခဲ့ပြီး ဒီဘက်ခေတ်အထိပါ ကူးစက်လာခဲ့တယ်။အထူးကုတွေကိုတော့ ပေါက်ကွဲသလို မွေးထုတ်ပေးနေတယ် - အမေရိကန် ဆေးပညာဘုတ်အဖွဲ့ရဲ့ စာရင်းအရ ၁၉၈၅ မှာ အထူးကု ၆၅ ယောက်၊ ၂၀၀၀ မှာ ၁၂၄ ယောက်၊ ၂၀၁၇ မှာ ၁၃၆ ယောက်ပါ။အခုလောလောဆယ် ကျန်းမာမှုစောင့်ရှောက်ရေးက အရေးကြီးတဲ့ ပြဿနာတစ်ရပ် ဖြစ်လာပါပြီ။အမေရိကအနှံ့ ဆေးရုံကိုးရုံမှာ ဆေးရုံတက်ရောက်ကုသမှု ၁၀,၇၄၀ နဲ့ ပြုလုပ်ခဲ့တဲ့ သုတေသနအကြီးတစ်ခုက တွေ့ရှိချက်အရ ဆေးကုဌာန တစ်ခုနဲ့ တစ်ခုအကြား သတင်းအပေးအယူ ညံ့ဖျင်းတဲ့အတွက် ဆေးကုသမှုအလွဲအမှားတွေ အများကြီးဖြစ်ပွားနေတယ်ဆိုတာ တွေ့ခဲ့ရတယ်။

ဝန်ထမ်းတွေက လွယ်ကူတဲ့ ဆက်သွယ်ရေးပုံစံတစ်ခု အသုံးပြုဖို့ လေ့လာသင်ယူမိသွားတဲအခါမှာတော့ အဲဒီလို ဆက်သွယ်ရေးညံ့ဖျင်းလို့ ဖြစ်ရတဲ့ ထိခိုက်နစ်နာမှုတွေ ၃၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။အရင် စပါးကျီတစ်ခုနဲ့ တစ်ခု ချိတ်ဆက်အပေးအယူလုပ်တာ ညံ့ခဲ့တုန်းက ဆိုးရွားတဲ့အဖြစ်တွေ အများကြီးဖြစ်ပွားခဲ့ရတယ်။

အရှေ့မှာ ဖော်ပြခဲ့သလို အသင်းအဖွဲ့တစ်ခုနဲ့ တစ်ခုအကြား အပေးအယူ အချိတ်အဆက်ကောင်းကောင်းနဲ့ ပူးပေါင်းလုပ်ဆောင်မှုက အတော်အတန်တော့ ခက်ခဲတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။စပါးကျီစနစ် အရိုးစွဲပြီး အခိုင်အမာဖြစ်နေခဲ့တော့ အချို့ လူနာရှင်တွေက ဘောင်ကျော်ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုသရေးတစ်ခုနဲ့ တစ်ခုအကြား ကြိုးစားပြီး ချိတ်ဆက်ခဲ့ကြရတယ်။ကြိုးစားချိတ်ဆက်တယ်လို့ ကျွန်တော်ပြောတာက သီးခြားအဖွဲ့နှစ်ခုက လူတွေကို ချိတ်ဆက်ပေးတာ၊ သတင်းပေး - သတင်းယူ လုပ်ပေးတာ၊  ချိတ်ဆက်ထားတဲ့ ပရောဂျက်တွေမှာ ပါဝင်ကူညီ အလုပ် လုပ်ပေးတာတို့ကို ဆိုလိုတာဖြစ်ပါတယ်။

ချိတ်ဆက်ပေးရတဲ့ အဖွဲ့တွေမှာ အခြားအသင်းအဖွဲ့၊ အုပ်စုခွဲတွေ၊ အရောင်းရုံးခန်းတွေ၊ ဌာနခွဲတွေ၊ နယ်မြေအလိုက် ပံ့ပိုးသူတွေနဲ့ လုပ်ငန်းအခွဲတွေ ပါဝင်ပါတယ်။

ဖြေရှင်းရတဲ့ ကိစ္စလေးကတော့ ကျွမ်းကျင်သူတွေ ပြောစကားအရ လွယ်ကူရိုးရှင်းပါတယ် - စပါးကျီ ကုသရေးစနစ်ကို ဖျက်ပစ်လိုက်ပါတဲ့။အဲဒီနံရံတွေ တံတိုင်းတွေကို ဖြိုချလိုက်ရင် အဖွဲ့တစ်ခုနဲ့ တစ်ခု နှောင့်နှေးမှု မရှိဘဲ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ပါလိမ့်မယ်တဲ့။စပါးကျီတွေကို ဖြိုဖျက်ပစ်တယ်ဆိုရာမှာလည်း ကျွမ်းကျင်သူတွေ လိုချင်တာက ပိုပြီးတက်ကြွစွာလုပ်ဆောင်ဖို့၊ ကော်မတီတွေဖွဲ့ဖို့၊ အဖွဲ့တစ်ခုနဲ့ တစ်ခုကြား ကူးလူးဆက်သွယ်ပေးမယ့် အဖွဲ့တွေထားဖို့တို့ပါ လုပ်စေချင်တာပါ။ဒီစိတ်ကူးက အထွေထွေလျှပ်စစ် စီအီးအိုဟောင်း ဂျက်ဝဲလ်ရဲ့ နာမည်ကျော် “နယ်စည်းမခြား ကုမ္ပဏီ” အတွေးအခေါ်ကနေ ပုံစံဆင်တူ ပေါ်ထွက်လာတာဖြစ်ပါတယ်။ဒီစံပြအလေ့အကျင့်က ဝန်ထမ်းတွေကြားမှာ စိမ့်ဝင်ပျံ့နှံ့ခဲ့ပြီး ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ခြင်းဟာ သိပ်ကောင်းတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပြီး ကိစ္စအတော်များများကို ပိုကောင်းအောင် လုပ်နိုင်တယ်ဆိုတဲ့ အသိကို ဆေးကုသရေး လောကတစ်ခုလုံးက လက်သင့်ခံလာကြပြီး ထိထိရောက်ရောက် လိုက်နာကျင့်သုံးလာခဲ့ကြပါတယ်။ဒီယုံကြည်မှုရဲ့ တွန်းအားကြောင့် ကျွန်တော်တို့ဟာ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှုရဲ့ ဒုတိယပြစ်မှုကို ကျူးလွန်မိလာကြပါတယ် - အဲဒါက အလွန်အကျူးချိတ်ဆက် ပူးပေါင်းမိခြင်းပါပဲ။

ဒီစိတ်ကူးကို ကျွန်တော် စတင်ယုံကြည် ကျင့်သုံးကာစက မာတိန်ဟာအက်စ် (ထိုစဉ်က ဆေးပညာသင်တန်းသား၊ ယခု ဝါတန်စီးပွားရေးကျောင်းရဲ့ ပရော်ဖက်ဆာ) တို့ ဟားဗတ်စီးပွားရေးကျောင်းက ကျွန်တော်ရဲ့ ရုံးခန်းထဲမှာ ရှိနေကြတာ မှတ်မိနေတယ်။ကျွန်တော်တို့ ဆက်သွယ်နည်းပညာအတိုင်ပင်ခံ ကုမ္ပဏီကြီးတစ်ခုရဲ့ အရောင်းအဖွဲ့ ၁၈၂ ဖွဲ့ကို သုတေသနလုပ်ထားတဲ့ အချက်အလက်တွေကို လေ့လာနေကြတယ်။ဆန်တရာ အကြံပေးလို့ ဟန်ပြနာမည်ပေးထာတဲ့ ကုမ္ပဏီရဲ့ ထိပ်ပိုင်းမန်နေဂျာကြီးတွေက သူတို့သာ စပါးကျီတွေကို ဖြိုချလိုက်နိုင်ရင် သူတို့ရဲ အကြံပေးပုဂ္ဂိုလ် ၁,၀၀၀ က ရုံပေါင်း ၅၀ ကျော်နဲ့ ပူးပေါင်းချိတ်ဆက်ပြီး အသိအမြင်ဗဟုသုတတွေ ပိုပြီးဖလှယ်နိုင်မယ်လို့ ယုံကြည်တယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့တယ်။မန်နေဂျာကြီးတွေက ဗဟုသုတစီမံခန်ခွဲရေး စနစ်တစ်ခုကို ဖန်တီးအသုံးပြုစေနိုင်ခဲ့တဲ့အတွက် အကြံပေးပုဂ္ဂိုလ်တွေက ကျွမ်းကျင်ပညာရှင်တွေနဲ့ ဖောက်သည်တွေနဲ့ပတ်သက်တဲ့ အရင်က တင်ပြခဲ့တဲ့ presentation တွေကို ရှာဖွေ download လုပ်နိုင်ခဲ့ကြတယ်။ရုံးတစ်ခုနဲ့ တစ်ခုကြား ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်ခဲ့ကြတယ်။စံပြပူးပေါင်းဆောင်ရွက်မှုတစ်ခုကို ဖော်ဆောင်နိုင်ခဲ့ကြတယ်။မန်နေဂျာတွေက သူတို့ရဲ့ စပါးကျီတွေကို အောင်မြင်စွာ ဖြိုချနိုင်ခဲ့တယ်။

ကျွန်တော်တို့ရဲ့ ဗဟုသုတဖလှယ်ရေးအစီအစဉ် အောင်မြင်မှု ရှိ၊ မရှိ သိနိုင်ဖို့ ကျွန်တော်နဲ့ မာတိန်းတို့ က မေးခွန်းရိုးရိုးလေးတစ်ခုကို ထုတ်ခဲ့တယ်။

“ရုံးခန်းအသီးသီးက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပိုမိုထိတွေ့ခွင့်ရပြီး အရောင်းအဖွဲ့တွေဟာ ဖောက်သည်တွေဆီက အော်ဒါပိုရလာသလား” ရလာတဲ့ အဖြေတွေကို အချက်အလက် ခွဲခြမ်းစိတ်ဖြာ စနစ်ထဲထည့်ပြီး စိစစ်ကြည့်လိုက်တယ်။စစချင်း ရလာတဲ့ အဖြေက “ထူးခြားထိရောက်မှု မရှိ” လို့ ဖြစ်ပါတယ်။

ကွန်ပြူတာမျက်နှာပြင်ကို ကျွန်တော်တို့ မျက်စိပေကလပ်နဲ့ အံ့အားတသင့် ကြည့်နေမိတယ်။ဘယ်လိုကြောင့် ချိတ်ဆက်ပူးပေါင်းမှု ပိုသာတဲ့ အခြေအနေဖြစ်လျက် ထူးခြားမှု မရှိရတာလဲ။

ကျွန်တော်တို့ ပိုနက်ရှိုင်းစွာ မေးကြည့်ပြီး အဖြေရှာကြည့်လိုက်တယ်။အဖြစ်မှန်က အခြားရုံးက မိတ်ဆွေတွေနဲ့ ထိတွေ့မှုရှိတဲ့အဖွဲ့တွေက ကုန်အမှာစာရကြတယ်၊ ဒါပေမဲ့ အခြားအဖွဲ့တွေက အမှာစာမရဘဲ ဖြစ်ကုန်တယ်။အင်း.... ဒါက ထင်မထားတဲ့ အချက်ပဲ၊ ချိတ်ဆက်ပူးပေါင်းမှု ရတာချင်းအတူတူ၊ ပေါ်ထွက်လာတဲ့ အကျိုးကျေးဇူးက အကွာကြီး ကွာခြားသွားတယ်။ကျွန်တော်တို့ ဖြစ်နိုင်ခြေရှိတဲ့ အဖြေတွေကို ဇကာတိုက်ချပြီး စစ်ကြည့်တယ်။အဖွဲ့တစ်ခုချင်းမှာ ဖွဲ့စည်းပေးထားတဲ့ လူအရေအတွက်က အရောင်းရလဒ်အပေါ် သက်ရောက်မှုရှိသွားတာလား။မဟုတ်သေးပါဘူး။ဒါဆို အဖွဲ့က ရင်ဆိုင်ခဲ့ရတဲ့ ယှဉ်ပြိုင်မှုအခြေအနေကြောင့်လား။မဟုတ်ပြန်ဘူး။ဒါဆို အရောင်းအဝယ်ပမာဏကြောင့်လား။မဟုတ်ဘူး။ဒီလိုနဲ့ နောက်ဆုံးတော့ နိုင်မလား၊ ရှုံးမလား ဘာကြောင့်ဖြစ်ခဲ့တာလဲဆိုတာကို တွေ့သွားခဲ့တယ်။အဲဒါက အတွေ့အကြုံပါပဲ။

ဒေါင်!  

အမှာစာ ရရှိရာမှာရော၊ ရောင်းချတဲ့ ပစ္စည်းကို ကျွမ်းကျင်မှုမှာရော အတွေ့အကြုံ အလွန်သေးငယ်သေးတဲ့ အဖွဲ့တွေအတွက် ပြင်ပကရလာတဲ့ အကူအညီက အကျိုးထူးရစေပါတယ်။အဲလိုချက်နဲ့လက်နဲ့ စဉ်းစားကြည့်တော့ ထင်ထင်ရှားရှား တွေ့လာရတယ်၊ သိပ်ဟုတ်တာပဲ။နှိုင်းယှဉ်ကြည့်လိုက်ရင် အတွေ့အကြုံ အလွန်ရင့်ကျက်နေတဲ့ အဖွဲ့အတွက်ကြတော့ လုပ်ဖော်ကိုင်ဖက်တွေဆီက အထောက်အကူရတာက သူတို့အတွက် ပိုဆိုးဖို့ ဖြစ်လာရတယ်။အကူအညီရလေလေ အရောင်းအမှာစာရဖို့ သူတို့အတွက် အခွင့်အရေးပိုနည်းလေလေ ဖြစ်သွားတယ်။ဒီအဖွဲ့တွေက သူတို့ရဲ့ ကျွမ်းကျင်မှုရဖို့အတွက် အဖိုးတန်အချိန်များစွာကို ရင်းနှီးခဲ့ရတယ်၊ အဲဒီနောက် သူတို့က သူတစ်ပါးအတွက် အကြံပေး အတိုင်ပင်ခံနေရာတွေမှာ ရပ်တည်လာကြတယ်။သူတို့က ပိုမိုရှုပ်ထွေးမှုတွေ၊ ယောက်ယက်ခတ်မှုတွေ၊ ထိရောက်မှုမရှိတဲ့ အရောင်းကမ်းလှမ်းချက်တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ လုံးထွေးရစ်ပတ် အနာတရဖြစ်ခဲ့ကြ ရတယ်။အဲဒီအဖွဲ့တွေဟာ အလွန်အကျူးချိတ်ဆက် ပူးပေါင်းမိကြတာဖြစ်ပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ သူတို့က ပြင်ပအကူအညီကို အတင်းအကြပ်ယူစရာ အကြောင်းမရှိ၊ မလိုအပ်လို့ဖြစ်ပါတယ်။

ဘာလို့ ကျွမ်းကျင် သမ္ဘာရင့် ပညာရှင်တွေက ကုမ္ပဏီတစ်ခုလုံးရှိ လုပ်ဖော်ကိုင်ဖက်တွေဆီကနေ တကယ်မလိုအပ်ဘဲ အကူအညီတောင်းခဲ့တာလဲ။အကြံပေးပုဂ္ဂိုလ် တစ်ဦးချင်းကို အင်တာဗျူးပြီးနောက် ကျွန်တော်တို့သိလိုက်ရတာက အတူတကွပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ ဖိအားပေးခံရတဲ့ ခံစားချက် သူတို့ကို ဖိစီးနေလို့ဖြစ်ပါတယ်တဲ့။

“သင်ဟာ အခြားအဖွဲ့နဲ့ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သင့်တယ်ဆိုတဲ့ စံသတ်မှတ်ချက်တစ်ခု ဒီမှာဖြစ်နေတယ်” လို့ သူတို့ကပြောပြပါတယ်။

“တကယ်လို့ သင်က အကူအညီမတောင်းခံခဲ့ဘူးဆိုရင် သင့်ကို ဆန့်ကျင်သူတစ်ယောက်အနေနဲ့ သတ် မှတ်ကြလိမ့်မယ်” ဒါကြောင့်မို့ သူတို့က အကြောင်းပြချက်မရှိ၊ မလိုအပ်ဘဲ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ကြတာဖြစ်တယ်။ဒီလိုနဲ့သူတို့ဟာ ပူးပေါင်း အလုပ် လုပ်ဖို့ ကြိုးစားကြရင်းနဲ့ ရှေးရိုးနည်းလမ်းဖြစ်တဲ့ “အလုပ်ကို ကြိုးစားပမ်းစားလုပ်” ပုံစံခွက်ထဲကအတိုင်း လုပ်ဆောင်မိကြတာပါ။

အပို အားစိုက်ရတဲ့ ဗဟုသုတရှာမှီးတာတို့ ဖလှယ်တာတို့၊  ရလဒ်ကောင်းရဖို့ထက် ပူးပေါင်းဆောင်ရွက်မှု အကြိမ်အရေအတွက်များဖို့တို့ကို အားစိုက်လုပ်လာကြတယ်၊ ဒီအတွက် ရလဒ်ကတော့ သူတို့ တလွဲတွေဖြစ်ကုန်တာပါပဲ။အခုရေးသားတဲ့ စာအုပ်အတွက် သုတေသနလုပ်ရင်း အလွန်အကျူးပူးပေါင်းဆောင်ရွက်ခြင်းဟာ စွမ်းဆောင်ရည်ကို ကျဆုံးစေတယ်ဆိုတာ ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။

မင်နီဆိုတာ လက်လီကုမ္ပဏီက ဈေးကွက်ခွဲခြမ်းစိတ်ဖြာပညာရှင် အသက်သုံးဆယ့်တစ်နှစ်ရှိ ကော်နာဆိုသူက “အခြားလုပ်ငန်းဌာနတွေက ကျွန်တော့်ကို အသေးအမွှားအရေးမပါတဲ့ ကိစ္စတွေကို ခနခန အကူအညီတောင်းကြတယ်။အဲဒီတော့ ကျွန်တော့်အဓိကတာဝန်တွေအပေါ် အာရုံကောင်းကောင်းမစိုက်နိုင်ဘဲ လစ်ဟင်းကုန်တယ်” လို့ ငြီးတွားပါတယ်။ဒါက သူ့လူကြီးတွေ သူ့ကိုစိတ်ပျက်အောင် လုပ်မိသလို ဖြစ်ကုန်တော့တာပါပဲ။
Collaboration, Cooperation လို လုပ်ငန်းတိုးတက်အောင် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြဖို့ တွင်တွင်ပြောနေကြတဲ့ ကာလကြီးမှာ မော်တန် တီ ဟန်ဆန်က သူ့သုတေသနက တွေ့ရှိချက်တွေနဲ့ ကိုးကားပြီး၊ ပူးပေါင်းဆောင်ရွက်မှု အလွဲလေးတွေကို သတိပေး တင်ပြထားတာ မှတ်သားစရာကောင်းလှပါတယ်။

မှန်ကန်တဲ့ နည်းစနစ်တွေနဲ့ မိမိလုပ်ငန်းခွင်မှာ ထိထိရောက်ရောက် အစွမ်းပြ လုပ်ဆောင်နိုင်သူများဖြစ်ကြပါစေ။

(ဆက်လက်ဖော်ပြပါဦးမယ်။)

သက်ထွန်း (သျှမ်း)