【 ဆောင်းပါး 】 ပူးပေါင်းတိုက်ဖျက်နေရသည့် အွန်လိုင်းလိမ်လည်မှုများ

【 ဆောင်းပါး 】 ပူးပေါင်းတိုက်ဖျက်နေရသည့် အွန်လိုင်းလိမ်လည်မှုများ

ယခုနောက်ပိုင်းတွင် ဆက်သွယ်ရေးစနစ်များ တိုးတက်မြင့်မားလာသလို အင်တာနက်သုံးစွဲမှုများလည်း ကျယ်ပြန့်လာလျက်ရှိပြီး တိုးတက်လာသော အခြေအနေကောင်းများအပေါ် အခွင့်အရေးယူကာ လိမ်လည်လုပ်ဆောင်ကြသည့် ဖြစ်ရပ်များလည်း အများအပြားပေါ်ပေါက်လာခဲ့သည်။

ဆက်သွယ်ရေးလိမ်လည်မှုလုပ်ငန်းများမှာ အင်တာနက်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လက်ရှိခေတ်မီဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံကြီးများကိုယ်တိုင်ပင် သားကောင်ဖြစ်လာစေသော အခြေအနေမျိုးရှိတတ်သည်။

အဆိုပါ ဆက်သွယ်ရေးလိမ်လည်မှု၏ အရေးအကြီးဆုံးအချက်မှာ ငွေကြေးဝန်ဆောင်မှုများလည်းဖြစ်သည်။အရှေ့တောင်အာရှ ဒေသများနှင့် ဒူဘိုင်းတို့တွင်ရှိသည့် ချမ်းသာသူအများအပြားမှာ စင်ကာပူနိုင်ငံ၌ သွားရောက်နေထိုင်ကြပြီး ငွေကြေးခဝါချမှု၊ ဝန်ဆောင်မှုများပေးသည့် ငွေကြေးဆိုင်ရာကုမ္ပဏီများကို ထူထောင်ထားကြသည်။ထိုငွေကြေးများကို Virtual currency မှတစ်ဆင့် ငွေကြေးခဝါချသည့် ဝန်ဆောင်မှုများနှင့်အတူ ယနေ့ခေတ်တွင် စင်ကာပူသည်လည်း ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးလိမ်လည်မှု ရာဇဝတ်မှုဆိုင်ရာ ငွေကြေးခဝါချမှုစင်တာကဲ့သို့ ဖြစ်လာကြောင်း မစ္စတာကျုံရှောင်ဖေးက ၎င်း၏ WeChat သတင်းစာမျက်နှာမှတစ်ဆင့် ဖော်ပြထားသည့် သတင်းဆောင်းပါးအတွင်း အသိပေးထားသည်။

အဆိုပါ မစ္စတာကျုံရှောင်ဖေးဆိုသူမှာ (၁၄) ကြိမ်မြောက် CPPCC အမျိုးသားကော်မတီ၊ Tianjin New Media Association ၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သလို Tianjin Red Coast Culture Development တည်ထောင်သူလည်းဖြစ်သည်။လက်ရှိတွင် တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် အခြားသောနိုင်ငံများအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများကို လက်တွဲပူးပေါင်းလုပ်ဆောင်နေပြီး ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးတွဲ တရားဥပဒေစိုးမိုးရေးစင်တာကို တည်ထောင်နိုင်ရန် ကြိုးပမ်းလျက်ရှိနေကြောင်းကို မစ္စတာကျုံရှောင်ဖေးက အသိပေး ပြောဆိုထားသည်။

ထိုဆက်သွယ်ရေးနှင့် အွန်လိုင်းမှ လိမ်လည်မှုကျူးလွန်သူများကို ဖြိုခွင်းနိုင်ရန်အတွက် မြန်မာနှင့် တရုတ် နယ်စပ်တွင် ထိန်းချုပ်ရေးဇုန် တည်ဆောက်မည်ဟု တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ အာဏာပိုင်များက ထုတ်ပြန်ထားခဲ့ကြသည်။ထိုဆက်သွယ်ရေးနှင့် အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုကျူးလွန်နေသူများကို ဖြိုခွင်းနိုင်ရန်အတွက် ယခု အောက်တိုဘာ ၁ ရက်မှ စတင်ကာ ဒီဇင်ဘာ ၃၁ ရက်အထိ တရုတ်-မြန်မာ နယ်စပ်ဒေသဖြစ်သော Tengchong မြို့တွင် ယာယီနယ်စပ်ကန့်သတ်ထိန်းချုပ်ရေးဇုန်တစ်ခု တည်ထောင်ကာ အကောင်အထည်ဖော်နေလျက်ရှိသည်။

Tengchong မြို့သည် အရှေ့တောင်အာရှနှင့် တောင်အာရှဒေသသို့ သွားရောက်ရန်အတွက် တရုတ်နိုင်ငံ၏ အဓိကဂိတ်တံခါး မြို့တစ်ခုလည်းဖြစ်သည်။ယူနန်ပြည်နယ်၊ အနောက်ပိုင်းတွင် တည်ရှိသလို မြန်မာနိုင်ငံ မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် နယ်စပ်ချင်းထိစပ်နေသော မြို့လည်းဖြစ်သည်။ရေမြေသဘာဝအားဖြင့်လည်း မီးတောင်လှုပ်ရှားမှုကြောင့် လူသိများခဲ့သည်။ထိုမြို့ကို ယခင်က တရုတ်လို Tengyue ဟုခေါ်သော ၎င်း၏ နိုင်ငံရေးဗဟိုချက်အဖြစ် လုပ်ဆောင်သည့် Tengchong မြို့ကို အစွဲပြု၍ အမည်ပေးထားခြင်းဖြစ်သည်ဟု ဆိုကြသည်။

အဆိုပါမြို့တွင် မြို့အတွင်းကို လူနှင့် မော်တော်ယာဉ်များ ဝင်ရောက်သွားလာမှုကို စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရန်အတွက် နယ်စပ်ကန့်သတ်ထိန်းချုပ်ရေးဇုန် တည်ထောင်ခြင်းဖြစ်ပြီး ယင်းကဲ့သို့ တည်ထောင်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းမှတစ်ဆင့် လိမ်နေသည့် ဂိုဏ်းများအတွက် ပါဝင်ဆောင်ရွက်မှုများနှင့် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများကို လျှော့ချနိုင်မည်ဖြစ်သည်ဟု ယူနန်ပြည်နယ် အာဏာပိုင်များက ဆိုထားကြသည်။ဆက်သွယ်ရေးလိမ်လည်မှုများ နှိမ်နင်းရာတွင် လူကုန်ကူးမှုနှင့် ဆက်သွယ်ရေးလိမ်လည်မှုလုပ်ငန်းများ ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ရန်အတွက် နယ်စပ်ဖြတ်ကျော်ကာ ဖြားယောင်းသွေးဆောင်သည့် ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းပေးရန်အတွက်ကိုလည်း မြန်မာဘက်မှ တရုတ်အစိုးရထံကို တောင်းဆိုထားခြင်းများလည်းရှိသည်ဟု ဆိုထားခြင်းများရှိသည်။

ထိုကဲ့သို့ နယ်စပ်ကန့်သတ်ထိန်းချုပ်ရေးဇုန်မှာ မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော Houqiao မြို့၊ Mingguang မြို့နှင့် Diantan မြို့အပါအဝင် တရုတ်နိုင်ငံ၏ နယ်စပ်မြို့များအားလုံးအတွက် အကျုံးဝင်မည်ဖြစ်ကြောင်း ယူနန်ပြည်နယ် အာဏာပိုင်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားလျက်ရှိသည်။

ဇုန်အတွင်းကို ဝင်ရောက်လိုသည့် လူနှင့် ယာဉ်များအနေဖြင့် သက်ဆိုင်ရာ စာရွက်စာတမ်းများနှင့်အတူ သွားရောက်လိုသည့် အကြောင်းအရာများကို ဒေသဆိုင်ရာ အာဏာပိုင်များထံ အသိပေးကာ မှတ်ပုံတင်ရန် သတ်မှတ်ထားလျက်ရှိသည်။ထိုသတ်မှတ်ချက်များအရ ဇုန်အတွင်းနေထိုင်ကြသော ဒေသခံများအနေဖြင့် ဖြတ်သန်းခွင့်အတွက် သက်ဆိုင်ရာစာရွက်စာတမ်း လက်မှတ်များကို နီးစပ်ရာ နယ်စပ်ထိန်းချုပ်ကန့်သတ်ရေးဇုန်များတွင် တစ်လ တစ်ကြိမ် မှတ်ပုံလာတင်ရန် လိုအပ်ကြောင်း ယူနန်အာဏာပိုင်များက ဆိုသည်။သို့ရာတွင် နယ်စပ်စီမံကိန်းများတွင် အလုပ် လုပ်ကိုင်နေသူများနှင့် သတ်မှတ်ထားသော ဇုန်များအတွင်း သစ်ဝါးများကို လာရောက်ခုတ်ထွင်သူများအနေဖြင့်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အလုပ်ရှင်များက သက်ဆိုင်ရာစာရွက်စာတမ်းများ ပြုလုပ်ပေးရမည်ဖြစ်ပြီး ယင်းအထောက်အထားများကို ယူဆောင်လာကာ နီးစပ်ရာ ထိန်းချုပ်ကန့်သတ်ရေးဇုန်တွင် ၁၅ ရက် တစ်ကြိမ် လာရောက်၍ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သတ်မှတ်ထားလျက်ရှိသည်။

အဆိုပါနယ်စပ်ဒေသ ကန့်သတ်ထိန်းချုပ်ရေးဇုန်အတွင်းသို့ ဝင်ရောက်လာသူများကို တစ်ဦးချင်းစီကိုလည်းကောင်း၊ မော်တော်ယာဉ်များနှင့် ပတ်သက်၍လည်းကောင်း အထောက်အထားစာရွက်စာတမ်းများကို သက်ဆိုင်ရာဒေသအာဏာပိုင်များက စစ်ဆေးမှုများလုပ်ဆောင်ခြင်းဖြင့် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများအပါအဝင် ဆက်သွယ်ရေးလိမ်လည်မှုများကို နှိမ်နင်းရာတွင် ထိရောက်သည့်အခြေအနေမျိုး ဖြစ်လာစေမည်ဖြစ်သည်။

ထိုကဲ့သို့ ဒေသတွင်း လောင်းကစားနှင့် လိမ်လည်မှုများအပါအဝင် ရာဇဝတ်မှုများကို ပူးပေါင်းတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးတို့နှင့်အတူ သုံးပွင့်ဆိုင် ညှိနှိုင်းဆွေးနွေးမှုများကိုလည်း ပြီးခဲ့သော သြဂုတ် ၂၂ ရက်က ပြုလုပ်ခဲ့ကြသေးသည်။ထိုသို့ဖြင့် မြန်မာနိုင်ငံရှိ တရုတ်၊ ထိုင်း၊ လာအို သုံးနိုင်ငံမှ သံရုံးများကလည်း ညှိနှိုင်းဆောင်ရွက်မှုများကို တိုးမြှင့်၍ မြန်မာနိုင်ငံနှင့် သုံးနိုင်ငံမှ သက်ဆိုင်ရာဌာနများအကြားတွင် ယင်းသဘောတူညီမှုများကို ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ရန် ထောက်ခံအားပေးကြပြီး ပြင်းထန်သော တိုက်ဖျက်မှုလုပ်ငန်းများဆောင်ရွက်၍ ရာဇဝတ်မှုဖြစ်ပွားသည့် အခြေအနေများအပေါ် ထိရောက်သည့် နှိမ်နင်းမှုမျိုးဖြင့် လုပ်ဆောင်သွားကြရန်အတွက်လည်း သံရုံးအကြီးအကဲများက ဆွေးနွေးထားခဲ့ကြပြီးလည်းဖြစ်သည်။

ထို့အပြင် တရုတ်၊ ထိုင်း၊ မြန်မာ၊ လာအို စသည့် လေးနိုင်ငံမှ ရဲတပ်ဖွဲ့များက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြီးခဲ့သည့်လပိုင်းအတွင်း အစည်းအဝေးများ ကျင်းပပြီး ဒေသတွင်း ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား ရာဇဝတ်မှုဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ယင်းဖြစ်ရပ်များမှတစ်ဆင့် ပေါ်ပေါက်လာသော လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှု၊ တရားမဝင်ဖမ်းဆီးမှု အစရှိသည့် ရာဇဝတ်မှုများကိုလည်းကောင်း အထူးပူးပေါင်းတိုက်ဖျက်မှုများ ဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

အဆိုပါဆက်သွယ်ရေးလိမ်လည်သည့် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးမှုလုပ်ဆောင်ခြင်းများမှာ မြန်မာနိုင်ငံနှင့် အခြားသောသက်ဆိုင်ရာဌာနအသီးသီးနှင့်အတူ လောင်းကစားလိမ်လည်မှုများ ပူးပေါင်းနှိမ်နင်းရန် လုပ်ဆောင်နေသည့် တရုတ်နိုင်ငံ၏ ခိုင်မာသော ရပ်တည်ချက်ကို ပြသနေခြင်းလည်းဖြစ်သည်။သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသအသီးသီးကလည်း ဒေသတွင်း လောင်းကစားလိမ်လည်မှုများကို နှိမ်နင်းရန်အတွက် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှု၊ ပိုမိုတက်ကြွသော သဘောနှင့် ပိုမိုကျွမ်းကျင်သော လုပ်ဆောင်ချက်များကို အသုံးပြုမည်ဖြစ်၍ ထိရောက်သည့် အောင်မြင်မှုများရလာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

မကြာသေးမီကလည်း ယူနန်ပြည်နယ်၊ ဖူအယ် ပြည်သူ့လုံခြုံရေးဗျူရိုနှင့် မြန်မာဘက်မှ တာဝန်ရှိသူများ ပူးပေါင်း၍လည်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ သံသယရှိသူ ၂၃၄၉ ဦးကို ဖမ်းဆီးရမိပြီး တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြသေးသည်။ထိုဦးရေပမာဏမှာ မြန်မာမြောက်ပိုင်းဒေသအတွင်း  ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ ရာဇဝတ်မှုများကို စတင်တိုက်ဖျက်ခဲ့သည့် ကာလအတွင်း တစ်ကြိမ်တည်းဖြင့် လွှဲပြောင်းပေးအပ်သူဦးရေ အများဆုံးသောကာလလည်းဖြစ်ခဲ့သလို ယင်းဖမ်းဆီးရမိသူများတွင် အွန်လိုင်းဝရမ်းပြေး ၁၁၁ ဦးလည်း ပါဝင်ခဲ့သည်ဟု ဆိုထားသည်။

အောက်တိုဘာလအတွင်းကလည်း မြန်မာနိုင်ငံ မြောက်ပိုင်း ဆက်သွယ်ရေးလိမ်လည်မှု သံသယရှိသူ ၇၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး တရုတ်ဘက်သို့ လွှဲပြောင်းခဲ့သလို စက်တင်ဘာလအတွင်းကလည်း ၂၆၉ ဦး၊ သြဂုတ်လအတွင်း ၂၄ ဦး၊ ဇွန်လအတွင်း ခြောက်ဦး စသည်ဖြင့် ဖမ်းဆီးရမိခြင်းများရှိခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားသည်။မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထားမှာ ကုန်သွယ်ရေးနှင့် စီးပွားရေးအရ အခြေအနေကောင်းသော ဗျူဟာမြောက်သည့် နေရာတွင်ရှိနေပြီး စီးပွားရေးဖွံ့ဖြိုးမှုနှင့်အတူ ဆက်သွယ်ရေးလိမ်လည်မှု ဖြစ်ရပ်များလည်း အများအပြားကြုံလာတတ်သည်။

ထို့ကြောင့်ပင် ယခုလို ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှုဆိုင်ရာ ကိစ္စရပ်များအပေါ် ပူးပေါင်းတိုက်ဖျက်ကြခြင်းဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုများနှင့်အတူ ပိုမိုတောက်ပလာမည့် အနာဂတ်ပုံရိပ်ကောင်းတစ်ခုကို ပီပြင်အောင် ပုံဖော်သွားနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပေတော့သည်။

ဧပရယ်လ်