【 ဆောင်းပါး 】 ပေါလိုက်တဲ့ ဂေါ်ဖီ၊ မုန်လာဥနှင့် လူ့သောကတွေ

【 ဆောင်းပါး 】 ပေါလိုက်တဲ့ ဂေါ်ဖီ၊ မုန်လာဥနှင့် လူ့သောကတွေ

ဒီနေ့မနက်က ကျနော်စျေးသွားရသည်။ညကတည်းက မိန်းမဖြစ်သူက မှာထားသည်။စျေးကို စောစောသွား၊ တောသည်တွေဆီကနေ ဂေါ်ဖီတို့ မုန်လာဥတို့ လတ်လတ်ဆတ်ဆတ် ဥကြီးကြီး အထုပ်ကြီးကြီးတွေ ဝယ်ဖို့ဖြစ်သည်။

ခါတိုင်း ရုံးချိန်မီရန် စောစော စျေးသွားလေ့ရှိသော်လည်း ယနေ့ ဒီထက်စောရသည်အကြောင်းကရှိသည်။ဘာကြောင့်ဆို အမေက မုန်လာဥနှင့် ဂေါ်ဖီကို အချဉ်စိမ်တာ၊ အခြောက်ခံတာတွေ လုပ်ထားဖို့ဖြစ်သည်။

မုန်လာဥတွေ၊ ဂေါ်ဖီတွေ အချဉ်စိမ်တာ အခြောက်ခံတာတွေက အမေ၏ အမေ ကျနော်တို့အခေါ် ‘အမ’ လို့ ခေါ်သည့် အဖွားရှိစဉ်က နှစ်စဉ်လုပ်လေ့ရှိသည်။ထိုစဉ်ကတော့ အဖွားက သူ့မြေးတွေဖြစ်သည့် ကျနော်တို့ ကလေးတွေ အရေးအကြောင်း အစားအစာရှားပါးပါက မငတ်ရန် အသီးအရွက်တွေပေါတုန်း ကြာရှည်ခံရန် လုပ်ခြင်းဖြစ်သည်။အဖွားဆုံးသည့် ၁၉၈၇ နောက်ပိုင်း အမေက စက်ချုပ်သဖြင့် အဖွားလို ကရိကထခံပြီး မလုပ်တော့။ဒါတောင် ၈၈ ဆန်ရှားတော့ အဖွားလုပ်ပေးထားခဲ့သည့် ထမင်းခြောက်တွေ အတော်ရှိသေးသဖြင့် လမ်းထဲ အတော်ဝေလိုက်ရသေးသည်။

မုန်လာဥတွေ ဂေါ်ဖီတွေ အချဉ်စိမ်တာ၊ အခြောက်ခံတာလုပ်ဖို့ အကြံက ညဘက် မိသားစုငါးယောက် ခေတ်ကာလအကြောင်း အကြောင်းစုံပြီးပြောရာမှ ပေါ်လာခြင်းဖြစ်သည်။အိမ်တွင် အမေ၊ ကျနော်၊ ကျနော့်အမျိုးသမီး၊ အဒေါ်ကမွေးသည့် အမေ့တူမနှစ်ယောက်တို့ရှိသည်။ယခင်ကတော့ သုံးယောက်သာ။အခုက နယ်မှာနေသည့် အမေ့တူမ၊ ကျနော့်ညီမဝမ်းကွဲနှစ်ယောက်ကို အမေက စိတ်မချသဖြင့် ဒီလှမ်းခေါ်ထားတာ ၃ နှစ်လောက်ရှိပြီ။ညီမတွေက တောသူတောင်သားတွေဆိုတော့ ဒီလိုအသီးအရွက်တွေ အခြောက်ခံတာတို့ နေလှန်းတာတို့က သူတို့မစိမ်း။သို့သော် ရန်ကုန်မှာ စျေးဝယ်တာ အသားမကျသဖြင့် စျေးဝယ်သည့်တာဝန်မှာ ကျနော် သူတို့ဆီ လွှဲမရသေး။ကျနော် အခုထိ အနားမရသေး။

ဒီလိုခေတ်ကာလအကြောင်း ညဘက်ပြောရင်း စျေးတွေတက်လာတဲ့အကြောင်း ပြောဖြစ်ကြသည်။ကျနော့်အမျိုးသမီးက ဆန်စျေးတွေ ဘယ်လောက်ရှိပြီဆိုတာပြောသည်။အခု ဆန်ကြမ်းက သုံးထောင်ကျော်လာချိန် စားနေကျ ဆန်က တစ်အိတ်ကို နှစ်သိန်းရှိလာကြောင်း၊ ရွှေဘိုပေါ်ဆန်းမွှေး (အသစ်) က တစ်ပြည် ၆၇၀၀၊ ပေါ်ဆန်းမွှေးအဟောင်းက တစ်ပြည် ၅၅၀၀၊ ဆန်လတ်လို့ခေါ်တဲ့ ပခန်းက တစ်ပြည် ၄၀၀၀၊ ရက် (၉၀) က တစ်ပြည် ၄၀၀၀ ကျပ်၊ ဧည့်မထ (အဟောင်း) က တစ်ပြည် ၄၂၀၀ ကျပ်ဈေး။

ရွှေစျေးက တရားဝင်မှာ ၃၆ သိန်းခွဲဖြစ်ပြီး တစ်ကယ်ဝယ်သည့်အခါ ထိုစျေးဖြင့် မရနိုင်သည့်အကြောင်း၊ ရပ်ကွက်ထဲမှာ လိုက်တောင်းသူတွေလာတာ အရင်ကထက်များလာကြောင်း၊ အမျိုးထဲက ဘယ်သူသား ဘယ်သူ့သမီး အောက်လမ်းလို့ခေါ်သည့် မြဝတီဘက်ကနေ ထိုင်းဘက်ထွက်ပြီး ဟိုဘက်မှာ အထည်ချုပ်လုပ်ဖို့ သွားကြကြောင်း၊ ကုန်ကားမောင်းနေသည့် ဘယ်သူ့၏ သားကတော့ လမ်းသွားလာလို့ မကောင်းသဖြင့် ကားမောင်းသည့်အလုပ် မရှိတော့ဘဲ သူ့မိန်းမနယ်မှာ လိုက်နေကြောင်း စသဖြင့် အရပ်ရပ်စုံလင် ဆွေမျိုးများ၊ သိသူများ၏ ဒုက္ခများကို အငှားယူကာ သောကပွားကြသည်။

အမေက ကျနော်တို့ပြောတာ နားထောင်ရင်း ‘အခုလိုဆို ငါတို့လည်း ကြာရင် မလွယ်ဘူး၊ ဝင်ငွေက နင်တစ်ယောက်တည်းရှိတာ’ ဟု ကျနော့်ကိုပြောသည်။

ပြီးတော့ ကျနော်တို့ကို ‘အခု လုပ်ရတာ လွယ်နေတုန်း လုပ်သင့်တာ လုပ်ထားဖို့’ ပြောသည်။

ဒီတော့ ကျနော်တို့လင်မယားက ‘အမေရယ် ဖြစ်တော့ အများပဲ ဘယ်တတ်နိုင်ပါ့မလဲ’ ဟု ပြောသည့်အခါ အမေက ဆူဆဲလေသည်။

အမေဆူဆဲတာကို အမေ့တူမကပါ ရယ်ပြီး ‘ကြီးကြီး ဘာလုပ်ချင်လို့လဲ’ ဟု မေးရာမှ အမေက ‘အခုအချိန် အသီးနှံတွေ ပေါနေသေးတယ်။နင်တို့အဖွားရှိတုန်းကလို တကယ်ရှားပါးလာရင် စားလို့ရအောင် အသီးအရွက်တွေ အခြောက်ခံ၊ ငါးတွေ စျေးပေါရင် ရင်ခွဲနေလှမ်းပြီး ငါးခြောက်လုပ်ပေါ့’ သူ့တူမတွေကို ပြောလေသည်။

ဒီမှာ ညဘက် အမေတို့ အစီအစဉ်ချပြီး မနက်အလုပ်ပိတ်သည့် ကျနော်မှာ အမျိုးသမီးနှင့်အတူ စျေးဝယ်ဖို့ တာဝန်ကျသည်။စျေးထဲ ရာသီပေါ် မုန်လာဥတွေ၊ ဂေါ်ဖီတွေ၊ ပန်းဂေါ်ဖီတွေ ပေါတာကို ရှာဝယ်ခိုင်းခြင်းဖြစ်သည်။မနက်စောစော ကျနော့်အမျိုးသမီးက စျေးဝယ်၊ ကျနော်က ဆွဲခြင်းကိုင်ကာ လိုက်သယ်ရမည်ဖြစ်သည်။ကျနော့်ညီမတွေက အသီးတွေလှီးကာ အခြောက်လှမ်းမည်။ဆားစိမ်မည်။ငါးတွေခွဲကာ နေလှမ်းဖို့ အမေနှင့်အတူ လုပ်ကြမည်။

ဒီမနက်တော့ ကျနော်က ဆွဲခြင်းကိုင်ကာ နောက်ကနေလိုက်သည်နှင့် သိကျွမ်းသော စျေးသည်တွေက ကျနော့်အမျိုးသမီးကို လှမ်းစကြသည်။

“အဒေါ်ရေ ဦးလေး စျေးဖိုးတွေ ဘတ်တာများလို့ ကိုယ်တိုင်ထွက်ဝယ်ရတာလား” ဟု။

စျေးထဲမှာက ကျနော်တို့ကို လူသိများသည်။များသည်ဆိုတာလည်း ယောင်္ကျားကြီးတစ်ယောက် စျေးစစ်စစ်ပေါက်ဝယ်တတ်တာကြောင့်လည်း ဖြစ်နိုင်သည်။နောက်တစ်ခုက အမေနှင့်ပတ်သက်ပြီးဖြစ်သည်။ဒီစျေး စတည်ကာစ အမေသွားနိုင်လာနိုင်တုန်း အမေစျေးသွားပြီဆို တော်တော်နှင့်ပြန်မလာ လမ်းစျေးဖြစ်သဖြင့် ကျနော်တို့ကလည်း မပူ။စျေးဝယ်ရင်း စကားပြောမပြတ်လို့ ခဏခဏနောက်ကျတာ ရိုးနေပြီ။ရင်းနှီးသည့် စျေးသည်အဒေါ်ကြီးတွေဆို နေ့လယ်ဘက် အိမ်ကိုလာပြီး အမေနှင့် စကားပြောကြ၊ တစ်ခါတရံ ညနေစျေးပြန်မထွက်ခင် အိမ်မှာ တစ်ရေးတစ်မောအိပ်ကြနှင့် သူတို့အတွက် ကျနော့်အိမ်မှာ တစ်ထောက်နားရာ နေရာလိုဖြစ်နေသည်။နောက်ပြီးတော့ သူတို့ရောင်းမကုန်သည့် သားငါးအသီးအရွက်တွေကို အမေက ဘေးအိမ်တွေနှင့် မျှကာလည်း ယူပေးလေ့ရှိသည်။ဒီတော့ အမေ့ကို စျေးသည်တိုင်းက ခင်မင်ကြသည်။

အခုတော့ အမေ အပြင်မထွက်နိုင်တာ ကြာပြီ။ကြာပြီဆို အသက် ၇၀ ကျော်ကတည်းကဖြစ်သည်။လမ်းထဲတောင် ကိုဗစ်စကတည်းက မဆင်းတော့။အမေ အိမ်ထဲကနေတာ မထွက်တာ ကိုဗစ်မတိုင်ခင်ကတည်းကဆိုတော့ မရှိဘူးဆို သုံးလေးနှစ်လောက်ရှိပြီ။အသက်ကြီးတာလည်းပါသည်။တချို့ဆို အမေရှိနေသေးသည်လို့တောင် မထင်။တစ်ခါတလေ အကြောင်းဆုံလို့ သိမှ အမေရှိသေးမှန်း သိကြသည်။

ယနေ့ စနေနေ့ဖြစ်သဖြင့် စျေးထဲမှာ စျေးသည်စျေးဝယ်ဖြင့် လူစုံသည်။စျေးထဲမှာ အသီးအရွက်သည်တွေက နိုင်းချင်း။အသားငါးသည်တွေမှာ စီပီကြက်သည်တွေ၊ အမဲဝက်သားငါးသည်တွေက အပုံအပင်။လာသမျှလူဝယ်ဖို့ သူ့ထက်ငါဦးအောင် ခေါ်နေကြသည်။

စျေးက ငါးခူ တစ်ဆယ်သား ၁၀၀၀ စျေး၊ ငါးတန်က တစ်ဆယ်သား ၁၀၀၀၊ ငါးကြင်းလည်း တစ်ဆယ်သား ၁၃၀၀၊ ၁၆၀၀။ငါးချဉ်ကတော့ တစ်ဆယ်သား ၁၃၀၀၊ ငါးမြွေထိုးက ၂၅ ကျပ်သားဆို ၅၅၀၀ နဲ့ စျေးခေါ်နေသည်။တီလားဗီးယားဆို တစ်ပိဿာ ၁၂,၀၀၀၊ ပုစွန်ကျော့လည်း တစ်ပိဿာ ၂၀,၀၀၀၊ ငါးကျည်းက တစ်ပိဿာ ၁၈,၀၀၀၊ ငါးနုသန်းလေးတွေက တစ်ပိဿာ ၁၃,၀၀၀၊ တွေ့ရခဲ့သည့် ငါးဘတ်က တစ်ပိဿာ ၁၁,၀၀၀၊ ငါးခေါင်းပွဆို တစ်ပိဿာ ၆၀၀၀။

မြင့်မားသည့် အသားငါးစျေးတွေကနေ ကျနော်တို့လင်မယား ဝေးရာကိုရှောင်ပြီး အသီးရွက်သည်တွေဆီ ဦးတည်သည်။အသီးရွက်သည်ဆိုသည်မှာ ပုံမှန်ဝယ်နေကြ မိုလ်ဘိုင်းစျေးသည်ကို။ထိုစျေးသည်က ဆိုက်ကားပေါ်မှာ စျေးဗန်းကြီးတင်ကာ နေ့လယ်ဆို ရပ်ကွက်ထဲ လှည့်ရောင်းသည်။မနက်စျေးချိန်ဆို စျေးလမ်းထဲက လမ်းသွယ်ထဲ ဆိုက်ကားထိုးပြီး ရောင်းသည်။သူ့ဆီက စျေးချိုသည်။လတ်ဆတ်သည်။မုန်လာဥတွေက ဒီမနက်မှာ သူ့ဆီမှာ အလုံးကြီးကြီးတွေ။ ၅ ဥလောက်ပါတာ တစ်စည်း သုံးရာတဲ့။တခြားဖြစ်တဲ့ ပန်းဂေါ်ဖီက တစ်ပွင့် ၅၀၀၊ ပန်းဂေါ်ဖီစိမ်းက ၇၀၀၊ ဂေါ်ဖီထုတ်ဆို တစ်ထုပ် ၃၀၀၊ မုန်ညှင်းရွက်က တစ်စည်း ၃၀၀။သူ့ဆီမှာ စျေးဝယ်တွေများနေသည်။

ကျနော်တို့က သူဆီက များများဝယ်တာ  ကိုယ်အကြံနှင့်ကိုယ်။တခြားသူတွေကလည်း ကျနော်လို အသီးအရွက်များများဝယ်တော့ ပထမထင်တာ စားဖို့ဟု။နောက်တော့ သည်လိုမဟုတ်။သူတို့လည်း ကျနော်တို့လို အများအပြား။မုန်လာဥတွေ ဂေါ်ဖီတွေ၊ နောက် မုန်ညှင်းစိမ်းတွေ။ကျနော့်အမျိုးသမီးနှင့် သူတို့ပြောနေတာကို ကျနော်နောက်ကနေကြားရတာ သူတို့လည်း နောင်ရေးအတွက် ကျနော်တို့လို ကြာရှည်ခံထားရန်အတွက် ဝယ်နေကြတာ။သူတို့ကတောင် ဘယ်လိုလုပ်ထားရင် ကြာရှည်ခံတာ၊ ဘယ်ဟာကို ဘယ်လိုအချဉ်ခံဖို့ ဆားကိုအရင်ကျိုပြီး အေးမှထည့်ဖို့ဆိုတာ နည်းတောင်ပေးနေသေးသည်။

ရောင်းသည့်လူကလည်း ဗူးသီးကို ကြာရှည်ခံအောင် ဘယ်လိုထားလို့ရသည်ဆိုတာ။နောက် ခရမ်းသီးကို ဘယ်လိုထားရင် ကြာရှည်ခံတယ်ဆိုတာ။ဖေ့စ်ဘွတ်မှာ အသီးတွေ ဘယ်လိုထားရင် ခံတယ်ဆိုတာ ရှာကြည့်လို့ရတယ်ဆိုတာ။စျေးဝယ်တစ်ဦးကတော့ ‘ဒီလိုဝယ်ပြီး ကြာရှည်ခံအောင်လုပ်ထားပေမယ့် တကယ်ဖြစ်လာရင် အဲဒီလုပ်ထားတာတွေ ယူဖို့တောင် အချိန်ရပါ့မလား’ ဟု ရယ်သွမ်းသွေးကာ တိုးတိုးပြောလေသည်။ကျနော်က နောက်ဘက်ကနေ ‘အမတို့ပြောတာ ကျနော်ဖုန်းနဲ့ အသံဖမ်းထားတယ်နော်’ လို့ နောက်တော့ သူတို့ရယ်ကြပြီး ‘ဒါဆို ရှင့်မိန်းမလည်းပါမှာ’ ဟု ပြန်နောက်လေသည်။

စျေးသည်က အသီးတွေ တစ်ပုံတစ်ပင်ကို စျေးဝယ်တွေကို အိတ်ဖြင့်ထည့်ပေးရင်း  ‘အရင်လို စျေးကောင်းမရဘူး။ရာသီချိန်မှာ စျေးကွက်က ရန်ကုန်ပဲရှိတော့တာ။အကုန် ရန်ကုန်ကို ပြုံဆင်းနေတော့ ဘယ်သူမှ မထိန်းထားရဲဘူး။အခင်းမှာ မခူးဘဲ အပုပ်ခံရမယ့်ဘေးကလည်းရှိသေး။ဒါစာရင် ဘယ်လောက်ရရ ရောင်းရတာ။စိုက်တဲ့သူက ချရောင်းရတာ။စိုက်တဲ့သူလည်းရှုံး၊ ရောင်းတဲ့သူလည်းရှုံး၊ ကုန်ပို့တဲ့သူလည်း ဆီစျေးနဲ့ရှုံး။ကုန်စိမ်းက အထိကြမ်းတယ်’ ဟု မသက်မသာ ဆိုသည်။

ဝယ်သူကလည်း စျေးသည်ငြီးတာကို ‘နင့်အသီးအရွက်ပေါတာ မှန်ပေမယ့် ဒီတိုင်းစားလို့ရတာ မဟုတ်ဘူး။ဆီစိုက်၊ ဆားစိုက်ရသေးတာ။အခု အပေါဆုံး စားအုန်းဆီတောင် ခြောက်ထောင်နား ကပ်နေပြီ။ငါတို့လည်း မသက်သာဘူး’ ဟု ဆိုလေသည်။

စျေးသည်၊ စျေးဝယ်ကြား အနည်းငယ်တိတ်ကာ တုံ့ဆိုင်းသွားပြီးနောက် စျေးဝယ်တစ်ဦးက ‘ဒီခေတ်က အကုန်ကျပ်တာ။ဘယ်ဟာမှ မသက်သာဘူး။မချောင်ဘူး။ပေါတာ၊ သက်သာတာ ဘာမှမရှိဘူး။ပေါတာဆို သောကပဲရှိတယ်’ ဟု ပြောလေသည်။

သူပြောတာ တကယ်စဉ်းစားကြည့်တော့ ဟုတ်ပေသား။ဒီခေတ်မှာ လူတိုင်းအတွက် ပေါတာ သောကတွေပါပဲလားဟု .....။

မောင်ဦးလွင်