【 ဆောင်းပါး 】 ပျောက်ကွယ်နေသည့် .... နွေရာသီခံစားချက်

【 ဆောင်းပါး 】 ပျောက်ကွယ်နေသည့် .... နွေရာသီခံစားချက်

နွေရာသီရောက်လာသည်နှင့်အမျှ အချိန်ပိုတွေက များလာသည်။အိမ်မှာရှိတာကလည်း လူကြီးတွေချည်း ဖြစ်လာသလို အသက်တွေကလည်း ကြီးလာကြတော့ တစ်ခါတလေ စကားလက်ဆုံကြတာကလွဲလို့ စကားနည်းလာပြီး အတွေးကများလာသည်။

ညဘက်ဆို တူမက ဇနီးသည်နှင့် အမေနားထိုင်ကာ နှိပ်ပေးလျှင် နှိပ်ပေး၊ မနှိပ်ပေးလျှင် ဆေးလူးပေး၊ ဒါမှမဟုတ် တီဗီမှလာသော ကိုရီးယားဇာတ်လမ်းတွဲကို သူတို့ကြည့်နေကြ။

ကျနော်က အိမ်ရှေ့ ဝရံတာမှာ ပက်လက်ကုလားထိုင်လေးချကာ ဆေးလိပ်ဖွာပြီး စာအုပ်တစ်အုပ်ကို ဖတ်ရင်ဖတ်။မဖတ်ရင် ရပ်ကွက်ထိပ်က လဘက်ရည်ဆိုင်မှာ သွားထိုင်၊ မထိုင်ရင် အမေနဲ့ စကားလေးပြော။ဒီလိုမှမဟုတ်ရင် ပြတင်းပေါက်ကနေ လမ်းမဘက်ကြည့်ကာ ဟိုငေးဒီငေးနှင့် စိတ်က ဟိုတွေးဒီတွေး။

နွေရာသီ သရုပ်သကန် ပီပြင်လာသည့် ဒီလိုရက်များဆို ယခင်က ကျနော့်အတွက် အလုပ်များသည့်အချိန်ဖြစ်သည်။စာမေးပွဲရက်တွေ ကပ်လာသဖြင့် မအားမလပ်။မနက်ဘက် အိမ်ကနေထွက်သွားတာ ည ၉ နာရီ ၁၀ နာရီမှ အိမ်ပြန်ရောက်သည်။ယခုလိုအချိန်ကာလမျိုး မဟုတ်သဖြင့် အိမ်သားတွေလည်း ကျနော်အပြန်နောက်ကျတာကို သိပ်မစိုးရိမ်။စာသင်ဝိုင်းတစ်ခုကနေ တစ်ခုဆီ ကူးရတာဖြစ်သဖြင့် ကြုံရာနေရာတွင် စားရသည်။ဒီတော့ အိမ်ရောက်လျှင် မနက်စောစောပြန်ထနိုင်ရန် အိမ်သားတွေနှင့် စကားမပြောနိုင်။မနက်ဖြန် ဘာတွေထပ်ပြီးသင်ပေးရမလဲဆိုတာ၊ စာမေးပွဲမှာ မေးတတ်တာတွေကို စဉ်းစားပြီး အိပ်ရသည်။

ယခုသုံးလေးနှစ်မှာတော့ ဟိုတုန်းက ပင်ပန်းခဲ့သည့်အရာတွေက လွမ်းစရာဖြစ်လာသည်။စာသင်ရသည့်အချိန်က အသက်ကြောင့်ထက် ခေတ်ကာလကြောင့် တစ်နှစ်ထက် တစ်နှစ် နည်းလာသည်။ဘယ်သူမှ ပညာရေးကို ယခင်နှစ်တွေလို သိပ်အလေးမထားလာကြ။အလေးမစိုက်လာကြ။ဒီတော့ ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း လုပ်ရသည့်သူတွေ အခက်တွေ့လာသည်။ဒီထဲ ကျနော်လည်းပါသည်။

အခက်တွေ့သည်ဆိုသည်မှာ စာသင်လို့ ငွေရခြင်း အနည်းအများဆိုသည်ထက် စာသင်တာကို ဝါသနာလိုဖြစ်ခြင်းကြောင့် နေလို့မရထိုင်လို့မရဖြစ်နေခြင်းက ပိုဆိုးသည်။ပြီးခဲ့သည့်နှစ်အထိ စာမသင်ဘဲ နေခဲ့သော်လည်း ၃ နှစ်လောက် ဖြစ်လာသည့်အခါ မနေနိုင်တော့။ဒီတော့ စာသင်တာကို ပြန်ဆက်သွယ်ရသည်။တော်သေးသည်က ယခင်လို များများစားစား မသင်ရတော့သော်လည်း သင့်သလောက် စာသင်ဝိုင်းလေး နှစ်ခုသုံးခုလောက် ချိတ်မိသွားသည်။ထို့ကြောင့် စာသင်ရတာ အရင်လိုမများသော်လည်း အိမ်ကနေ နေ့စဉ်အပြင်ထွက်ဖို့ လုံလောက်သော အကြောင်းပြချက်ကိုတော့ ရသည်။လဘက်ရည်ဆိုင်ထိုင်ရတာ ယခင်လိုမဟုတ်။အလုပ်လေးရှိတော့ အဓိပ္ပါယ်ရှိလာသည်။

သို့သော် ယခင်လိုတော့ မဟုတ်။ဒီလိုအချိန်တွေဆို စာမေးပွဲအနီးကပ်ဖြင့် မအားမလပ်။အခုတော့ ဒီလိုမဟုတ်။အေးအေးဆေးဆေးပင်။ပိုသိသာသည်က မိဘတွေရော ကလေးတွေပါ ယခင်ကလောက် စာမေးပွဲကို အလေးမထားခြင်းပင်ဖြစ်သည်။ဒီတော့ ဆရာတွေမှာ ဝန်ဖိအား စိတ်ပူရတာတွေ လျော့ကျသွားပြီး အေးအေးဆေးဆေးလိုတာကို ညွှန်ကြားလို့ရလာသည်။သို့သော် နှစ်ပေါင်းများစွာ စာမေးပွဲနီးလို့ ကျောင်းသားပူ၊ ဆရာပူ၊ မိဘပူဆိုသော ပူခြင်းသုံးရပ်ကာလမှာ နေသားကျခဲ့တော့ နေရတာ တစ်ခုခုလိုနေသလို။

ဒီတော့ နွေရာသီမှာ နေရတာ နွေရာသီမရောက်သေးသလိုမျိုး ခံစားရသည်။ရာသီရဲ့ သဘောအရ နွေရာသီသဘာဝကို အပြည့်အဝရနေသည်ဆိုသော်လည်း ကျောင်းဆရာတစ်ဦး၏ နွေရာသီခံစားချက်ကို မရဘဲ ဖြစ်နေသည်။ကိုယ်တစ်ဦးတည်း ဒီလိုဖြစ်နေတာလားဆိုတော့ လူတိုင်း လူတိုင်း။

ဒီအချိန်ဆို ရပ်ထဲရွာထဲမှာ ရဟန်းခံရှင်ပြုတွေ၊ အလှူနားသတွေ၊ မင်္ဂလာဆောင်တွေ စနေ၊ တနင်္ဂနွေနှင့် ပိတ်ရက်တွေမှာ ပြည့်လို့။ရပ်ကွက်ထဲ လူကြီးတစ်ပိုင်း ကျောင်းဆရာတစ်ပိုင်း ကျနော်လည်း ဒီလိုကာလဆို အိမ်ပြန်ရောက်သည့်နှင့် အိမ်သူက လမ်းထဲက ဘယ်အိမ်က လာဖိတ်ထားတဲ့ အလှူ၊ ဘယ်နေ့ရှိတယ် သွားလိုက်ဦး၊ဘယ်သူ့မင်္ဂလာဆောင်က ဘယ်ရက်။တစ်ခါတလေ လူရင်းတွေနေရာက တစ်နေရာဆီ၊ရက်က တစ်ရက်တည်း အချိန်က သိပ်မကွာသည့်အခါ လင်မယားနှစ်ယောက် တစ်နေရာဆီ ခွဲသွားရသည်အထိ ရှိသည်။ယခုတော့ ခေတ်ကာလကြောင့်လား မသိ။အလှူတွေလည်းမမြင်၊ မင်္ဂလာဆောင်ဆိုလည်း တိုးတိုးတိတ်တိတ်၊ ယခင်လို ရဟန်းခံ ရှင်ပြုလည်း တွေ့ရတာ နည်းလေသည်။

ဒီလိုတစ်ခုတည်းသာ နည်းပါးနေသလားဆိုတော့ ဒီတစ်ခုတည်း မဟုတ်။ဒီလိုအချိန်မှာ နယ်ကျောင်းသားတွေက ကျောင်းပိတ်ချိန် ဇာတိရပ်ရွာကို ပြန်ကြသည်။တချို့က အညာ၊တချို့က အကြေ။တချို့ကတော့ အထက်စက်တော်ရာ အောက်စက်တော်ရာ ဘုရားဖူး၊တချို့တော့ ပြင်ဦးလွင်၊ ကလော၊ တောင်ကြီးဘက် အပူရှောင်ရင်း အပန်းဖြေ၊တချို့ကတော့ ကမ်းခြေဘက် ခရီးတွေထွက်။ဘာသာရေးသမားတွေကတော့ ဒီလိုအချိန်ဆို တရားစခန်းတွေ လှိုင်လှိုင်ဖွင့်ကြပြီမို့ တရားစခန်းကို ကျောင်းပိတ်ရက် ကလေးတွေခေါ်ပြီးဝင်ဖို့ ပြင်ကြနှင့်။နွေရာသီဆိုသည်က အကုန်လုံးကို လှုပ်လှုပ်ရွရွဖြစ်စေသည့် အချိန်အခါဖြစ်သည်။

ယခုတော့ ဒါတွေက နှစ်စဉ် ပုံမှန်ယန္တရားတစ်ခုလို လည်ပတ်နေရာကနေ ရပ်တာကရပ်၊ နားတာကနားနှင့် အားလုံး ကစဉ့်ကလျားဖြစ်လို့ဖြစ်။တချို့ခင်ရသူတွေလည်း ဟိုးအဝေးရောက်လို့ရောက်၊ ပြန်မဆုံနိုင်သော တမလွန်ခရီးထိ တချို့မိတ်ဆွေတွေလည်း ထွက်ခွာ။တချို့တွေလည်း မိသားစုတွေ တကွဲတပြား။ဘဝတိုင်းသည် အစိုးမရစွာ။ကျနော်ရော ယခင်တွေးထားခဲ့သလို ဖြစ်ချင်ခဲ့သော ဘဝနေဝင်ချိန်မျိုး ဖြတ်လို့မရတော့။မသေခင် ကြုံရမည့် ဘဝလောကဒဏ်တွေကို ဘယ်လိုပုံစံမျိုးနဲ့ ရင်ဆိုင်ရဦးမလဲဆိုတာ မသိတော့။

ညဘက် ပက်လက်ကုလားထိုင်မှာ ထိုင်တိုင်း ဒီလိုအကြောင်းတွေ တွေးမိသည့်အခါ ရင်ထဲလည်းမကောင်း၊ စိတ်ဖြောင့်ဖြောင့်လည်းမနေနိုင်။ပြန်မရနိုင်သော အချိန်တွေ လူတွေ မိတ်ဆွေတွေ၊ ပြီးတော့ လွမ်းဆွတ်စရာ အဖြစ်တွေ။နွေရာသီဆိုသည့် တစ်နှစ်တာမှာ လူတိုင်းကို လူရော စိတ်ရော အနားပေးသည့် ယခင်လိုကာလမျိုး ပြန်ကောရောက်နိုင်ပါဦးမလားဆိုတာ တွေးမိတိုင်း ကလေးတွေအတွက် စိတ်ထဲမကောင်း ...။

မောင်ဦးလွင်
Photo Credit - ဝီကီပီးဒီးယား