【 ဆောင်းပါး 】 ပြန်လာချိန်

【 ဆောင်းပါး 】 ပြန်လာချိန်

   ပြန်လာချိန်ဆို တစ်ယောက်တည်းရှိတဲ့သူတွေ ဘယ်လောက်တောင် ရှိနေပြီလဲ။ကျနော်တို့မသိသော ကွေကွင်းခြင်းတွေ အနဂ္ဂမထဲ တချို့ကတော့ မသိသာဆိုးဝါးစွာ ထင်ရှားစွာပြုကြသည်။ဘယ်သူမဆို ဒီလိုတစ်ခါတော့ ကြုံရတတ်ခြင်းရှိသည်။ကိုယ်ကချန်သည်ဖြစ်စေ၊ ကိုယ်ကချန်ခဲ့ခံရသည်ဖြစ်စေ ပြန်လာသည့်အချိန်တွင် တစ်ယောက်တည်းဖြစ်တတ်သည်ကတော့ ရှိတတ်သည်။
   ကျနော်တို့ ပြန်လာချိန်ကို ဘယ်သူက ကြိုနေမည်လဲ။
                                     (၁)
   ရန်ကုန်ကို ဆင်းလာသည့် အချိန်သည် ကျနော့်အတွက် ငယ်ရွယ်လွန်းသည့် အရွယ်တော့မဟုတ်။ရန်ကုန်မှတစ်ဆင့် ကမ္ဘာထဲ ခုန်ချဖို့ စခန်းတစ်ထောက်အဖြစ်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ရန်ကုန်နေ့များသည် စည်ကားသလို ရန်ကုန်ညများသည် မရှိသည့်နေ့များတွင် ရက်စက်ကြမ်းကြုတ်လေသည်။တချို့သောရက်များတွင် သင်တန်းမှပေးသော စာများ၊ လက်တွေ့လေ့ကျင့်ခန်းများ၊ မကုန်သေးသော စုဆောင်းငွေများ၊ ဖတ်ချင်သော စာအုပ်များကြောင့် နေချင်စဖွယ်ညများ ဖြစ်နေသော်လည်း ထိုရက်များကို ကျော်လွန်ပြီး အရာရာပြုန်းတီးသော နေ့ရက်များသို့ ရောက်လာသည့်အခါ အဖော်လွင်တီးခေါင်ဖြင့် ပြန်လာချိန်သည့် တစ်ယောက်တည်းဖြစ်ရသည့် ရက်များ စလာခဲ့သည်။
   ချုပ်စ ညနေသည် စိတ်မျောပါသည့်အတိုင်း သွားနေသူများအဖို့ အရာရာစိတ်ကူးတည့်ရာဖြစ်သည်။တောင်မှ မြောက်သို့ ဖြစ်နိုင်သလို လမ်းဘေးဆိုင်များ၊ ကမ်းနားမှ အခမဲ့ဘော်ယာများ။တစ်ခါတလေ အဆောင်၏ မျက်နှာကျက်များသို့ စိတ်သည်ကပ်တွယ်ငြိတတ်နေသည်။လူးလားခေါက်တုံ ဒွိဟစိတ်များဖြင့် ဇာတိသို့ အခါခါပြန်ရောက်သည်ဆိုသော်လည်း တင်းခံနေသော စိတ်ကြောင့် တကယ်ခြေဦးမတည်ဖြစ်။တကယ်တမ်းမှု ပြန်လာချိန်ကို ကြိုမည့်သူ မရှိနေနိုင်ခြင်းလည်း ပါဝင်နေသည်။ကျနော်ထွက်ခါစက တစ်ဦးတည်းသော သံယောဇဉ်တွယ်သူ၏ ထိမ်းမြားကြောင်း ဖိတ်စာသည် ဇာတိကို မေ့ထားပစ်ရန် လုံလောက်သော အကြောင်းအရာ ဖြစ်သည်။သို့သော် ကျနော်မသိသည်မှာ ဇာတိက သံယောဇဉ်ထဲမှာ ဖျောက်ဖျက်လို့ မရနိုင်သော အခက်ခဲဆုံး သံယောဇဉ်ဖြစ်ကြောင်းကိုပင်။
   ထိုအကြောင်း ကျနော်သိလာသည့်အခါ ဇာတိသို့ပြန်ရန် ကျနော့်တွင် လုံလောက်သော အားစိုက်ထုတ် နိုင်စွမ်းမရှိတော့သည့်အခါမှ သိလာခြင်းဖြစ်သည်။ကျနော့်အဆောင်တွင် ဗုန်းဗုန်းလဲသည့် ညသည် ပြန်လာချိန် တစ်ယောက်တည်းသာရှိသော နေ့ဖြစ်သည်။
                                     (၂)
   ကျနော်နေသော အဆောင်သည် အပေါ်ဆုံးထပ်တွင်ရှိကာ နေကြာပန်းပိုစတာနှင့် ကောင်းကင်နှင့် အနီး စပ်ဆုံးနေရာတွင်ရှိသည်။အဝေးကလာသော အသံမှန်သမျှသည် ကျနော့်အတွက်တော့ လွမ်းစရာဖြစ်သည်။အာလူးထုတ်ပေါ်မှ မျဉ်းကွေးများသည့် တောင်များကို ရည်ညွှန်းနေခြင်းကလည်း ကျနော်အတွက် ဇာတိလွမ်းစိတ်ကို ပိုပြင်းထန်စေသည်။ဆန်စေးစေးဖြင့် စားခဲ့ရသည့် ကျနော့်မနက်စာသည် ဘယ်တော့မှ စိတ်ပျက်စရာမဖြစ်ခဲ့။နေကြာပန်းများ သည် ဇာတိ၏ အမှတ်တံဆိပ်ဖြစ်သည်။ပြန်လည်နာလန်ထူလာသော တစ်ခုသော မနက်ခင်းတွင် ဇာတိရှိရာအရပ်သို့ မျက်နှာမှုသည့် ပြတင်းပေါက်ကို ဖွင့်နိုင်ခြင်းကပင် ကျနော့်အတွက် အိမ်လွမ်းစိတ်ကို အထိုက်အ‌လျောက် သက်သာစေလေသည်။
   ရန်ကုန်သည် ဘယ်သို့သူများအတွက် ရန်ကိုကုန်စေသည်ကို ကျနော်မမှတ်မိနိုင်။ကျနော့်အတွက်တော့ ရန်များသလို လိုသည်ထက်ပို၍ သူစိမ်းဆန်လေသည်။သို့သော် ရန်ကုန်၏ လွတ်လပ်ခြင်းက ကျနော့်ကို ဇာတိထက်ပိုပြီး နေပျော်စေသည်။လဘက်ရည်ဆိုင်များ၊ ဘီယာဆိုင်များ၊ လဖက်သုတ်ဆိုင်များ။နောက် ရပ်ကွက် ဆင်ခြေဖုံးလမ်းများထဲမှ အရက်ဖြူဆိုင်များ။ငွေအနည်းငယ်ဖြင့် ထမင်းတစ်နပ်ကို ဖန်တီးလို့ရမှန်း သိလာသောအချိန်တွင် ကျနော်အသွေးအသားသည် ရန်ကုန်၏ စရိုက်ဖြင့် ထုံမွမ်းသွားခဲ့ပြီဖြစ်သည်။
   မည်သို့အသားကျသည်ဖြစ်စေ စောင့်မျှော်သူမရှိသည့် အိမ်တံခါး၏ တံခါးဖွင့်သံသည် ကျနော်ကို မျောလက်စ စိတ်ကူးထဲကနေ ရိုက်ထုတ်ခဲ့သလိုချည်းဖြစ်သည်။
                                     (၃)
   တက်ကြွသောနေ့ရက်များ ကုန်ဆုံးပြီးနောက် ကျနော်၏ စိတ်ပျက်ဖွယ်နေ့ရက်များ စတင်လာသည်။မရှိခြင်းက အရာရာကိုလွှမ်းမိုးလာသည်။ဖုန်းကိုင်ခြင်းသည် ဆက်သွယ်သူမရှိသည့်အခါ အချည်းနှီး တန်ဖိုးမဲ့လာသည်။ဖုန်းသည် ဖျော်ဖြေရေးသက်သက်ဖြစ်လာသည်။တစ်ခါတရံ လမ်းများသည် ကျနော်အသွေးအသားဖြစ်လာသည်။လမ်းများထက် နေရာများသည် ကျနော့်အတွက် အဖုအပိန့်များလို့ ထိသည်နှင့် သိလာသည်။ထိုသို့ ခံစားမှုမျိုး ဇာတိဒေသတုန်းက ခံစားခဲ့ရဖူးသည်။ထိုတုန်းကတော့ တောင်ကြောနှင့် ကိုယ်သည် တစ်သားတည်း။
   တချို့သောနေ့များတွင် မိုးသည်းထန်သည့်အခါ လမ်းများသည် ချမ်းလို့ အနွေးဓာတ်လိုနေမလားဟု ကျနော့်စိတ်က တွေးမိသည်မျိုးရှိသည်။လမ်းများ၏အနွေးဓာတ်သည် လူများ၏ ပျော်ရွှင်မှုလားဟု ကျနော်စဉ်းစားမိသည်။ထိုသို့ဆို ကျနော်လည်း ပျော်ရွှင်မှုလိုနေခြင်းဖြစ်နိုင်သည်။သို့သော် ကျနော့်တွင် ပျော်ရွှင်မှုပျောက်နေသည်မှာကြာနေပြီ ဖြစ်သဖြင့် ရယ်ပြုံးခြင်း အခြေခံကိုပင် တစ်ယောက်တည်း ပြန်လေ့ကျင့်နေရပြီ။ထိုအခါ ကျနော်ရူးနေပြီဟု တချို့က ထင်ကြပြန်သည်။
   ကျနော်ပြန်လာချိန်သည် မိုးပို ပိုချုပ်လာသည်။တိတ်ဆိတ်သော ညထဲ မသိမသာ ရွှေ့လျှားဝင်ရောက်လာသလိုမျိုး။ကျနော် တံခါးဖွင့်သံသည် ပို၍ တိတ်ဆိတ်လာသည်။တံခါးပတ္တာတွင် သံတို့ အချေးတက်စပြုပြီ။အဖွင့်အပိတ်ဘေးထားသည့် ကော်ပုံးမှာ ရက်များစွာ မှောက်လဲနေသည်။အိပ်ယာဘေး ဆေးလိပ်တိုများ ပို၍နည်းလာသည်။ပြတင်းပေါက်မှ လေများက နေ့ရောညပါ ပို၍အတားဆီးမဲ့စွာ။ကျနော်နေသော အခန်းသည် သဘာ၀နှင့် တစ်သားတည်းဖြစ်လာသည်။ကျနော့်အခန်းထဲမှ နေကြာပန်းပိုစတာသည် အခန်းထဲပြည့်လာသည်။
   ကျနော် ဇာတိသို့ ပြန်လာနေပြီဖြစ်သည်။ထိုနေ့က ရထားလည်းမထွက်ပါ။ကားလည်းမထွက်ပါ။လေယာဉ်ပျံများလည်း ပျံမဝဲပါ။ကောင်းကင်တွင် လေများလည်းမတိုက်ပါ။
   သို့သော် ကျနော်ကတော့ တောင်ရိုးများအတိုင်း စိတ်က လေနှင်ရာလို လွင့်နေတော့သည်။
   လင်းနိုင်ကျော်စိုး