【 ဆောင်းပါး 】 ပြောင်းလဲခြင်းများနှင့် ဘဝ

【 ဆောင်းပါး 】 ပြောင်းလဲခြင်းများနှင့် ဘဝ

လောကမှာ အရာရာသည် တစ်သတ်မတ်တည်း တည်မြဲသည်ဟူ၍ မရှိပါ။အခြေအနေနှင့် အချိန်အခါအရ အရာအားလုံး ပြောင်းလဲနေကြပါသည်။

တစ်ဦးတစ်ယောက်တည်း၏ စိတ်သည်ပင် အခုကောင်းလိုက် အခုဆိုးလိုက် အခုတွေဝေနေလိုက်နှင့် အမျိုးမျိုးပြောင်းလဲလေ့ရှိသည်ကို တွေ့နိုင်၏။တကယ်တော့ စိတ်ပြောင်းလဲနေတတ်ခြင်း၏ အဓိကအချက်သည် သူ၏အတွေးအခေါ်တွေ ပြောင်းလဲတတ်ခြင်းကြောင့်ဖြစ်သည်။ထိုအတွေးအခေါ်သည်လည်း သူ၏မူလစိတ်ရင်းကိုအခြေခံကာ သူမွေးဖွားကြီးပြင်းရာ သူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင် ထိတွေ့ဆက်ဆံမှုများ မြင်နေကြားနေရမှုများမှ သူသင်ယူရရှိလာသော အတွေးများပင်ဖြစ်သည်။

သူကြီးပြင်းရာဒေသသည် ကောင်းသောပတ်ဝန်းကျင်ဖြစ်လျှင် လူကောင်းဖြစ်ဖို့များပြီး ဆိုးသောပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့ပါက လူဆိုးဖြစ်နိုင်ချေ ပို၍များပါသည်။မွေးဖွားကြီးပြင်းရာ ပတ်ဝန်းကျင်ကောင်းဖို့ အလွန်အရေးကြီးပါသည်။ငယ်စဉ်ကာလမှာ ကျင်လည်ရသော ပတ်ဝန်းကျင်သည် သူ့ဘဝအပင်ရှင်သန်မှုမှာ အဓိကရေသောက်မြစ်ကြီးဖြစ်ပါသည်။လေမုန်တိုင်းကြောင့် အသိုက်ထဲမှ လွင့်ပါသွားပြီး တစ်ကောင် တစ်နေရာစီရောက်ကာ ကြီးပြင်းရပြီး နေရာအလိုက် မတူညီသည့် ပတ်ဝန်းကျင်မှာ မတူညီသော စရိုက်တွေနှင့် ကျေးပေါက်စညီနောင်အကြောင်းကိုတော့ တော်တော်များများ ကြားဖူးနေကျဖြစ်မည် ထင်ပါသည်။

ဥတ္တရာပဉ္စာလမြို့တွင် ပဉ္စာလမင်းကြီး မင်းပြုသည်။တောကြီးတစ်ခု၏ လက်ပံတောတွင် ကျေးညီနောင် နေသည်။ထိုနေရာ၏ လေညာအရပ်တွင် ခိုးသူတို့ရွာရှိသည်။လေကြေအရပ်တွင် ရသေ့ငါးရာတို့၏ ကျောင်းသင်္ခမ်းရှိသည်။ကျေးညီနောင်တို့ အတောင်ပေါက်ခါစအချိန်ဖြစ်သည်။တစ်နေ့တွင် လေပြင်းမုန်တိုင်း တိုက်ခတ်လေသည်။အငယ်ကောင် ကျေးသားသည် မုန်တိုင်းနှင့်အတူ လွင့်သွားပြီး ခိုးသူတို့၏ လက်နက်ပုံပေါ် ကျသည်။သတ္တိဂုမ္ဗဟု အမည်ပေးသည်။ကျေးသား အကြီးကောင်သည် ရသေ့တို့၏ ကျောင်းသင်္ခမ်းရှိ ပန်းခြုံပေါ်တွင် ကျသည်။ရသေ့များက ကောက်ယူ မွေးစားထားပြီး ပုပ္ဖကဟု အမည်ပေးထားသည်။

တစ်နေ့တွင် အမဲလိုက်ထွက်လာသော ပဉ္စာလမင်းကြီးသည် ထိုပတ်ဝန်းကျင်သို့ရောက်လာ၏။သမင်နောက်သို့ မြင်းရထားစီး၍ လိုက်သော်လည်း မမီသဖြင့် အရိပ်ကောင်းသည့် သစ်ပင်အောက်မှာ ခေတ္တနားနေသည်။ထိုနေရာသည် ခိုးသားတို့နေထိုင်ရာ အနီးမှာရှိသည်။ထိုအချိန်က ခိုးသားများ အပြင်သွားနေကြ၍ သတ္တိဂုမ္ဗကျေးသားနှင့် ထမင်းချက်တို့သာ စခန်းမှာကျန်ရစ်သည်။ကျေးသားသည် ဘုရင်ကြီးကို မြင်သောအခါ အိပ်ပျော်နေသူ မင်းကြီးထံမှ အဝတ်အစားများကိုချွတ်ယူ၍ မင်းကြီးနှင့် ရထားမှူးနှစ်ယောက်လုံးကို သတ်လိုက်ရန် ထမင်းချက်ခိုးသားအား အော်ဟစ်သတိပေးလေသည်။ယင်းအသံကိုကြားရသော ပဉ္စာလမင်းကြီးသည် အန္တရာယ်ရှိနိုင်ကြောင်း သတိထားမိသည့်အတွက် ရထားမှူးကို အမိန့်ပေးကာ သစ်ပင်အောက်မှ မြင်းရထားကို အပြင်းမောင်းပြီး ထွက်လာခဲ့ရသည်။ သည်တစ်ခါတော့ ရသေ့များ၏ ကျောင်းသင်္ခမ်းအနီးသို့ ရောက်လာသည်။

ရသေ့များသည်လည်း အပြင်သို့ သစ်သီးရှာထွက်နေကြသဖြင့် ပုပ္ဖကျေးသားသာ ကျန်ရစ်သည်။ပုပ္ဖကျေးသားက ဘုရင်ကြီးကိုမြင်သည်နှင့် ဝမ်းသာအားရ ကြိုဆိုနှုတ်ဆက်လေသည်။နေကောင်းပါရဲ့လား အေးဆေးနားနေပါ။ချိုမြိန်သောသစ်သီးများ စားသုံးကြပါရန် အေးမြသော စိမ့်စမ်းရေများ သောက်သုံးကြပါရန် ဧည့်ဝတ်ပြုလေသည်။

ထိုအခါ ပဉ္စာလမင်းကြီးက ကျေးသားကို ပထမတွေ့ခဲ့ရသော ကျေးသား၏ ရက်စက်ရိုင်းပြမှုကို တစ်ဆင့်ပြန်ပြောပြသည်။ပုပ္ဖကျေးသားက သူနှင့် ညီအကိုအရင်းတော်ကြောင်း လေပြင်းမုန်တိုင်းကြောင့် တစ်ယောက် တစ်နေရာစီ ရောက်နေရကြောင်း ကြီးပြင်းခဲ့သော ပတ်ဝန်းကျင်ပေါ် မူတည်၍ အကျင့်စရိုက်များ ကွဲပြားခဲ့ရကြောင်း ပြောပြသည်။ပဉ္စာလဘုရင်ကြီးလည်း ရသေ့များပြန်ရောက်လာသည်အထိ အေးဆေးစွာ အနားယူခဲ့ပြီးမှ နန်းတော်သို့ ပြန်လာခဲ့လေသည်။

ညီအစ်ကိုအရင်းဖြစ်သော်လည်း ကြီးပြင်းရသော နေရာအလိုက် အကျင့်စရိုက်များ ကွာခြားသွားခဲ့လေပြီ။

မွေးဖွားကြီးပြင်းရာ နေရာဒေသပတ်ဝန်းကျင်နှင့် အခြေအနေများ အရေးကြီးသလို အဆင့်ဆင့် ဖွံ့ဖြိုးလာသော အသက်အရွယ်အသီးသီးမှာ ထိတွေ့ရသည့် ပတ်ဝန်းကျင်အခြေအနေသည်လည်း အရေးကြီးလှသည်။

ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း အုပ်ချုပ်သည်။ဘုရားလောင်းသည် ထိုမင်း၏ ပညာရှိအမတ်ဖြစ်သည်။ဘုရင်ကြီးတွင် မဟိဠာမုခအမည်ရှိ ဆင်တစ်ကောင်ရှိသည်။ထိုဆင်သည် ဘုရင်မင်းမြတ်၏ မင်္ဂလာဆင်တော်ဖြစ်ပြီး အလွန်နူးညံ့သိမ်မွေ့သည်။တစ်ညတွင် သူခိုးတစ်စုသည် ဆင်တင်းကုပ်အနီးတွင် မှောင်ရိပ်ခိုရင်း ဥမင်လိုဏ်ခေါင်းကို မည်သို့တူးမည် မလွတ်ဘူးထင်လျှင် လူသတ်တန် သတ်ရမည် သတ်သည့်အခါ ဘယ်လိုသတ်ပုတ်ကြမည်ကို တိုင်ပင်ကြသည်။နောက်နေ့များတွင်လည်း ညစဉ်လာရောက်တိုင်ပင်ကြသည်။မင်္ဂလာဆင်တော်သည် ညတိုင်းလိုလို သူခိုးတို့၏ တိုင်ပင်မှုကို မြင်ရကြားရဖန်များပြီး သူ့ကိုလာသင်ပေးနေသည်ဟု ထင်မြင်လေသည်။တစ်နေ့ နံနက်တွင် ဆင်ထိန်းများသည် ဆင်တင်းကုပ်အတွင်းသို့ ဝင်လာကြသည်။ဆင်တော်သည် ရှေ့ဆုံးမှဝင်လာသော ဆင်ထိန်းကို နှာမောင်းနှင့်ရိုက်ချပြီး တစ်ဖန်ခြေဖြင့်နင်းကာ သတ်ပစ်လိုက်သည်။ဒုတိယမြောက်ဝင်လာသော ဆင်ထိန်းကိုလည်း နှာမောင်းဖြင့် ဆွဲယူဝှေ့ယမ်းကာ လွှဲပစ်လိုက်ရာ ထိုဆင်ထိန်းလည်း သေသွားပြန်သည်။သူ့အနားသို့ ကပ်လာသူတိုင်းကို ရန်မူနေလေတော့သည်။ဆင်ထိန်းများက မင်္ဂလာဆင်တော်၏ ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်ပြုမူမှုများနှင့် သူတို့အတွက်လည်း အလွန်အန္တရာယ်များကြောင်း ဘုရင်မင်းမြတ်ကို လျှောက်တင်ကြသည်။ထိုအခါ ဘုရင်မင်းမြတ်က မင်္ဂလာဆင်တော်သည် အဘယ့်ကြောင့် ထိုမျှပြောင်းလဲသွားရသည့်အကြောင်းကို စုံစမ်းစစ်ဆေးရန် သူ၏ပညာရှိအမတ်ကို တာဝန်ပေးအပ်လိုက်သည်။အမတ်လည်း ဆင်တော်၏ ကျန်းမာရေးအခြေအနေကို ဆေးဆရာများနှင့် စစ်ဆေးသည်။မည်သည့်ရောဂါ လက္ခဏာမျှ မတွေ့ရဘဲ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေသည်။သူစိတ်အနှောင့်အယှက်ဖြစ်စရာ ရှာဖွေပြန်တော့လည်း မတွေ့ရပြန်ပေ။နောက်ဆုံး ညဘက်တွင် ဆင်တော်၏ အအိပ်အနေကို စုံစမ်းသည်။ထူးခြားတာတစ်ခုသာ တွေ့သည်၊ ညဘက်တွင် လူဆိုးသူခိုးများ သူ့အနီးအနား မကြာခဏလာကာ ကြမ်းတမ်းသောစကားများ အမူအရာများကို သူ့အားသင်ပေးသလိုဖြစ်နေသည်ဟု ခန့်မှန်းမိသည်။ထိုအကြောင်းကို အမတ်ကြီးက ဘုရင်မင်းမြတ်ထံ လျှောက်ထားသောအခါ ဆင်တော်ကို ယခင်အတိုင်း ယဉ်ကျေးသိမ်မွေ့အောင် ပြုပြင်ပေးရန် တာဝန်ပေးပြန်သည်။

ထို့ကြောင့် ဆင်တင်းကုပ်အနီးအနားသို့ မည်သူမျှမလာအောင် လုံခြုံရေးအစောင့်အကြပ်များ ချထားစေသည်။ရဟန်းပုဏ္ဏားများကို ပင့်ဖိတ်ကာ ဆင်တင်းကုပ်တွင် တရားစကားများ ဆွေးနွေးဟောပြောခြင်း နေ့စဉ်ပြုလုပ်သည်။မကြာမီမှာပင် ဘုရင်မင်းမြတ်၏ မင်္ဂလာဆင်တော်သည် မူလအတိုင်း ပြန်လည်၍ ယဉ်ကျေးသိမ်မွေ့လာသည်ကို တွေ့ကြရလေသည်။တကယ်တော့ အတုမြင်အတတ်သင်ဆိုတာလို နီးစပ်ရာပတ်ဝန်းကျင်ကြောင့် အကောင်းမှ အဆိုး၊ အဆိုးမှ အကောင်း ပြောင်းလဲတတ်သည်ကို မြင်တွေ့နိုင်လေသည်။

အဓိကအရေးကြီးသည့် အချက်ကတော့ ကာယကံရှင်ကိုယ်တိုင်က အကောင်းနှင့် အဆိုးကို ခွဲခြားသိနေရမှာဖြစ်ပါသည်။အကောင်းနှင့် အဆိုးလောက်ကတော့ လူတိုင်းသိသည်ဟု အလွယ်တကူပြော၍တော့မရပါ။မတရားမှုတွေက ကမ္ဘာအနှံ့မှာ နေ့စဉ်လိုမြင်နေကြားနေရတာ အားလုံးအသိပါ။မတရားမှု ကျူးလွန်နေသူများသည် အကောင်းနှင့် အဆိုးကို ခွဲခြားမသိသူများဖြစ်ဖို့များပါသည်။အကယ်၍ အကောင်း၊ အဆိုး သိသည်ဆိုလျှင်လည်း အကောင်းလုပ်ခြင်းဖြင့် သူတို့အတ္တလောဘအတွက် အကျိုးမရှိဘဲ အဆိုးလုပ်မှသာ သူတို့အတ္တလောဘအတွက် အကျိုးရှိမှာကြောင့်လည်း သိသိကြီးနှင့် မိုက်လိုက်တာမျိုးလည်းဖြစ်နိုင်ပါသည်။ဘယ်သူမပြု မိမိမှုဆိုသလို သိလို့ဖြစ်ဖြစ် မသိလို့ဖြစ်ဖြစ် ကောင်းတာလုပ်ရင် ကောင်းကျိုးရမှာပါ။မကောင်းတာလုပ်ရင် မကောင်းကျိုးရမှာပါ။ဒါကြောင့် ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နှင့်ဆိုတာလို ကိုယ်ကိုယ်တိုင်အမှားမလုပ်မိဖို့ ကောင်းတာတွေးပါ။ကောင်းတာပြောပါ။ကောင်းတာလုပ်ပါ။ကောင်းသည့်ပတ်ဝန်းကျင်နှင့် နေထိုင်ဆက်ဆံဖို့ ကြိုးစားပါ။

ကိုယ့်မျိုးဆက်သစ်အတွက် စဉ်းစားပြီးတော့လည်း အကောင်းနှင့် အဆိုးကို ခွဲခြားနိုင်အောင် သင်ပေးပြီး ကောင်းသည့်ပတ်ဝန်းကျင်နှင့် ထိတွေ့ပေးဖို့ အလေးအနက် ကြိုးစားသင့်လှပါသည်။

ရိုက်မောင်း