【 ဆောင်းပါး 】 ပွင့်ချပ်များ၏ နာကျင်မှုသမိုင်း

【 ဆောင်းပါး 】 ပွင့်ချပ်များ၏ နာကျင်မှုသမိုင်း 

   ထိုနေ့က နာရေးတစ်ခုရှိသည်။ပန်းတစ်ပွင့်သည် မိသားစုတစ်စုဆိုပါက ပွင့်ချပ်များသည် မိသားစု ဝင်များဖြစ်သည်။ထိုသို့ဆိုပါက ထိုနေ့က နာရေးသည် ပန်းတစ်ပွင့်မှ ပွင့်ချပ်တစ်ခု၏ ဈာပနပင်။ 
                                                      (၁)
   ပန်းတစ်ပွင့်တွင် မည်သည့်အင်္ဂါရပ်တွေပါကြောင်း သဲသဲကွဲကွဲသိကြသည်တော့ မဟုတ်။ကော်ရိုလာဆိုသည့် ပန်းများ၏ ပွင့်ချပ်အမည်သည် ဂျပန်ကားကုမ္ပဏီတစ်ခုမှ ထုတ်လုပ်သော ကားအမျိုးအစားတစ်ခုဟုသာ ယခုတိုင်သိထားကြသူတွေရှိသည်။ထိုသို့ထဲတွင် ကျနော်၏သိမှုက ပိုကောင်းပေလိမ့်မည်။
   ပွင့်ချပ်များသည် ပန်းတစ်ပွင့်၏ အဓိကအင်္ဂါရပ်ဖြစ်သည်။သို့သော် ပွင့်ချပ်ဆိုသည်မှာ ပန်းတစ်ခုပွင့်မှ ရှိရမည်ဆိုသော သဘာ၀သတ်မှတ်ချက်လည်းရှိသည်။ပွင့်ချပ်မရှိဘဲ ပန်းများ ဤကမ္ဘာမြေတွင် ပွင့်ခဲ့ခြင်းလည်းရှိသည်။ထိုပွင့်ချပ်မဲ့ ပန်းများသည် ယမ်းငွေ့များ၊ သွေးစက်များနှင့် ကိုယ်ချင်းစာတရားကင်းမဲ့သော ခေတ်များတွင် အပုံအပင်ပွင့်ခဲ့ကြသည်။ထိုသည်မှာ ခေတ်၏ပြဋ္ဌာန်းမှုဖြစ်သလို ပွင့်ချပ်မစုံသော ပန်းများ၏သမိုင်းလည်းဖြစ်သည်။
   ကြွေကျသော ပွင့်ချပ်များ၊ ချွေချခံရသော ပွင့်ချပ်များနှင့် ညှိုးသွားသည့် ပွင့်ချပ်များမှာ အချည်းအနှီးတော့မဟုတ်ခဲ့။ပန်းများ၏ သမိုင်းစဉ်နှင့် ဂုဏ်ယူရသော အခိုက်အတန့်များကြောင့် အကြောင်းအမျိုးမျိုးဖြင့် ကြွေသော ပွင့်ချပ်များထက် အချိန်မတန်ခင်ချွေခံရသော ပွင့်ချပ်များများက သမိုင်းလှခဲ့သည်။ပွင့်ချိန်တိုခဲ့သည် အချိန်မတန်ခင်ကြွေသော ပွင့်ချပ်များမှာ တချို့သော ပန်းများထက် ပွင့်ချိန်တိုခဲ့သည်။ထိုသည်ကပင် ထိုပန်းများ၏ အမှတ် လက္ခဏာဖြစ်သည်။
   မဖူးဘဲ ပွင့်ခဲ့သော ပန်းအတုများကြား ပန်းအစစ်၏ ပွင့်ချိန်ကာလ တိုတောင်းခြင်းက တကယ်စဉ်းစား ကြည့်သည့်အခါ ပိုပြီးအဓိပ္ပါယ်ရှိနေ တန်ဖိုးရှိနေခဲ့သည်။အရေးကြီးသည်မှာ ပန်းတစ်ပွင့်အဖြစ် စစ်စစ်မှန်ပွင့်ခဲ့ခြင်းပင်ဖြစ်သည်။ရိုးရှင်းစွာ အပွင့်ပေါ်မှ ပွင့်ဖတ်များ ကြွေခြင်း၊ ချွေချခံရခြင်းက ပန်းများ၏ ဖြစ်စဉ်တစ်ခုနှင့် စစ်မှန်ခြင်းဖြစ်သည်။ထိုသည်က ပွင့်ရိုးမမှန်ဘဲ ကာလကြာရှည်စွာ တည်ရှိနေသည့် ပန်းအတုများထက် ကျေနပ်စရာဖြစ်သည်။ 
   ပန်းတစ်ပွင့်အဖို့ သဘာ၀မကျစွာ ကြွေရသော ပွင့်ချပ်များအတွက် ဂုဏ်ငယ်စရာတော့ မရှိပေ။ 
                                                      (၂) 
   ရက်များ၊ လများ၊ နှစ်များမှာ ကိုယ်လိုချင်သော အခိုက်အတန့်၌ ရပ်ထားလို့မရ။မနက်ဖြန်ဆိုသည်မှာ ကြောင့်ကြကင်းသူများနှင့် ရိုးရှင်းသောသူများ၏ မနက်စာဖြစ်သည်။ချစ်ခြင်းတရားဖြင့် ဖွဲ့ထားသော အဝန်း၀ိုင်းတွင် ပွင့်ချပ်များသည် စိတ်အကာအရံသဖွယ်ဖြစ်သည်။ထိုသို့ဆိုပါက ပွင့်ချပ်များကို ချွေသူ၏ စိတ်လုံခြုံမှုသည် အချိန်တိုင်းမဖြစ်နိုင်သည်ကို တွေ့ရမည်ဖြစ်သည်။ 
   တောမီးလောင်ခံရသော သစ်ပင်တစ်ခု၏ မီးသွေးတုံးသာသာ လောင်ကျွမ်းခံထားရသော မီးသင့်ပင်စည်မှ နီစွေးစွေးအတက်များ ထွက်လာတတ်သည်ကို ကျနော်တို့ မြင်ခဲ့ဖူးမည်ထင်သည်။ 
   ဩစတြေးလျအနောက်ပိုင်းတစ်ခုလုံး တောမီးလောင်မှုထဲမှ ပထမဆုံး ရုန်းထခဲ့သည်များ သစ်ပင်များနှင့် အပူကြိုက်သော ပန်းများပင်ဖြစ် သည်။စဉ်းစားကြည့်ပါက သမိုင်းတစ်လျှောက် ခံနိုင်ရည်ရှိသည့်အရာများ၊ ရှင်သန်နိုင်သည့် အရာများတွင် ရှေ့ဆုံးကရှိနေသည်မှာ နူးညံ့သော အပင်များ၊ ပန်းများနှင့် အင်းဆက်များဖြစ်သည်။ဆိုသည်က အနူးညံ့ဆုံးဆိုသည်မှာ  အမာကျောဆုံးဟု သဘာ၀ကဆိုခြင်းပင်ဖြစ်သည်။
   ပန်းပွင့်များသည် ကျနော်တို့ မေ့လျော့ထားခဲ့သော အကြောက်တရားကို မကြောက်ခဲ့ကြောင်း ပြခဲ့သည်။ပူပြင်းခြောက်သွေ့သော သဲကန္တရထဲတွင် အပင်များသည် အောင်နိုင်သူများအဖြစ် ရှိခဲ့ကြသည်။မြေပေါ်ကျနေသော ပွင့်ချပ်များသည် လွတ်မြောက်ခြင်း၏ အမှတ်သင်္ကေတဖြစ်သည်အပွင့်များက ပူပြင်းမှုအား အောင်နိုင်ခြင်းကို ပြနေရာ မြေပေါ် ပြန့်ကြဲနေသည် အပွင့်များသည် အောင်မြင်မှု၏ အမှတ်လက္ခဏာများဖြစ်လေသည်။ 
                                                      (၃)
   တချို့သောနေ့ရက်များသည် ပူပြင်းစွာ ဖြစ်တည်နေတတ်သည်။ကျနော့်ဘက်လှည့်ထားသည့် အဆောင် ပြတင်းပေါက်၏ ပြတင်းဘောင်များ ပူခြစ်နေတတ်သည်။သို့သော် အဆောင်ပြတင်းပေါက်၏ အစွန်းတွင် ချိတ်ဆွဲထားသော ဖယောင်းပန်းများက စိမ်းစိုနေတတ်သည်။အပူသည် ပန်းဥများကို တိုက်ခိုက်ရန် မစွမ်းသာ။မိုးဖွဲဖွဲရွာသောနေ့တွင် ပြတင်းပေါက်ဘောင်ပေါ်တွင် ပုရွတ်ဆိတ်ကိုက်သဖြင့် ကြွေနေသည့် ဖယောင်းပန်းပွင့်ချပ်အစအနများကို တွေ့ရသည်။သို့သော် ပွင့်ချပ်တို့၏ အဆင်းကို ဖျက်ဆီးသူတို့ မဖျက်ဆီးနိုင်ခဲ့။
   ပြင်းထန်သောလေ၊ ပူပြင်းသောနေနှင့် ဆိုးဝါးသော ဖျက်ဆီးမှုများကြားမှ ရှင်သန်လာခဲ့သော အရာများ သည် ကျနော်တို့နေ့စဉ်ဘ၀များကို ရှင်သန်စေရန် လှုံ့ဆော်ပေးသော ကောင်းမွန်သည့် အကြောင်းတရားဖြစ်သည်။ 
   မနေ့ကသည့် ယနေ့မဟုတ်ဆိုသလို ယနေ့ဖြစ်သော ခံစားရမှုသည် မနက်ဖြန်သို့ မပါနိုင်ခြင်းကို ပန်းများက သက်သေပြခဲ့သည်။ချိုးဖဲ့ခြင်းကြောင့် မပွင့်ခဲ့သည့် ပန်းများ မခဲ့ရှိသလို ဖျက်ဆီးခြင်းကြောင့်လည်း မရှင်သန်သည့် အပင်ဆိုသည်မှာလည်း မရှိခဲ့ပေ။ပွင့်ခြင်း ရှင်သန်ခြင်းကို အစေ့အဆံမှ လက်ဆင့်ကမ်းကာ ဖိနှိပ်ထားမှုကို ငြင်းဆန်ခဲ့သည်။ရက်စက်သောကာလတွင် လူသားဆန်ခြင်းနှင့်ပေးဆပ်ခြင်းက ထာ၀စဉ်မွှေးပျံခဲ့ဖူးသည်။ 
                                                      (၄)
   နာရေးသို့ သွားရာလမ်းတွင် မြေပေါ်ကျနေသာ ပွင့်ချပ်တစ်ချို့ကို ကျနော်မြင်ခဲ့ရသည်။တချို့ပွင့်ချပ်များက မတို့ရက် မထိရက်စရာ။တချို့ပွင့်ချပ်များကတော့ အစိတ်စိတ်အမွှာမွှာ။သို့သော် အခါသင့်လျှင် ထပ်ကြွေဖို့ ဝန်မလေးသလို ကြွေပြကြနေသည်က ပွင့်ချပ်ကို စွန့်လွှတ်လိုက်ရသော ပန်းများအတွက် ဂုဏ်ယူစရာပင်။
   လင်းနိုင်ကျော်စိုး