【 ဆောင်းပါး 】 ဖြတ်လျှောက်မိသော နေ့များ

【 ဆောင်းပါး 】 ဖြတ်လျှောက်မိသော နေ့များ

   လမ်းများကို ကျနော်လျှောက်ခဲ့မိသည်။ယနေ့တော့မဟုတ်။တစ်နေ့နေ့မှာဖြစ်သည်။ဒီနေ့လည်း ဖြစ်နိုင်သည်။မနက်ဖြန်လည်း ဖြစ်နိုင်သည်။သဘက်ခါလည်း ဖြစ်နိုင်လေသည်။သို့သော် ကျနော်သိသည်က ကျနော်လျှောက်ခဲ့သော လမ်းများသည် လမ်းများမဟုတ်ခြင်းပင် ဖြစ်သည်။
 
                                                             (၁)
 
   ဒီနေ့သည် တနင်္ဂနွေနေ့ ဖြစ်သည်။အချို့ဒေသများတွင် နှင်းများထူထဲစွာကျသည်။ချယ်ရီပင်များ ကျနော်ရှိရာ အရပ်တွင် မပွင့်။ခပ်လှမ်းလှမ်း၌ လူတချို့သွားနေကြသည်။တချို့က နှေးနှေး၊ တချို့က မြန်မြန်၊ တချို့ကတော့ အတွေးများကို ထမ်းပိုးပြီး တစ်လှမ်းခြင်း။တချို့ကတော့ သောကများကို မလွတ်ကျအောင် ခပ်သုတ်သုတ်။ကောင်းကင်တွင် ဘာတွေရှိသည်ကို ထိုသူတွေ မော့မကြည့်။မိုးသားများက ကျနော်တို့အထက်တွင် သိမ်ငယ်စွာ အထီးကျန်ရှိနေသည်။
   ကတ္တရာလမ်းများသည် ကတ္တရာလမ်း မပီသခဲ့သည်မှာ ကြာပြီဖြစ်သည်။လူအချို့ကို ကျောပေါ် တင်ထားရရုံနှင့် သူတို့တာဝန် ကျေပြွန်ပြီဟု ယူဆနေရသည်။ခေတ်ကို အကောင်းဆုံးဖြတ်ခဲ့ရသည့် လမ်းများတွင် မထိုးထားသော မှတ်တမ်းများရှိသည်။ချွေးများ၊ မျက်ရည်များ၊ သွေးများနှင့် နာကျဉ်းမှုများ။မနက်ဖြန်သည့် လမ်းများ သမိုင်းတွင် မရှိ။တချို့သော နေရက်များတွင် ဖြတ်သွားဖြတ်လာများအတွက် ခြေခင်းလက်ခင်းသာရုံသာ။တရွတ်တိုက်ဆွဲခံရသော နေ့ရက်များတွင် လမ်းများက ကော်ပတ်များလို အသားစများဖြင့် လမ်းတစ်ခုဆိုတာ ပျောက်သွားသည်။
   လမ်းတစ်ဖက်တွင် ချယ်ရီပင်လည်းရှိနိုင်သည်။ပိတောက်ပင်လည်းရှိနိုင်သည်။ပျဉ်းမပင်လည်းရှိနိုင်သည်။သေချာသည်က မှီရာတစ်ခုနှင့် ခိုလှုံစရာ အရိပ်တစ်ခုဖြစ်သည်။လမ်းဆိုသည်မှာ ရောက်နိုင်သော နေရာတစ်ခု၏ အမှတ်အသားဖြစ်သည်။လင်းပွင့်မှု၏ အမှတ်သညာဖြစ်သည်။ပညာတစ်ခု၏ သွားရာဖြစ်သည်။ယခုလမ်းများက အပင်များမရှိ။ခုတ်ထစ်လှီးခံရသော မြို့ပြတန်ဆာဆင်မှုတွင် လမ်းများလည်း ယုံကြည်မှုလိုပင် အတုံးအရုံးကျဆုံးရသည်။ရန်ကုန်လမ်းများမှာ အရိပ်မဲ့နေသည်မှာ ကြာလေပြီ။
 
                                                             (၂)
 
   လမ်းများကို သင်လျှောက်ကြည့်ပါ။အဆုံးတစ်ခုတော့ သင်ရောက်မည်ဟု စိတ်ကထင်မိမည်ဖြစ်သည်။သို့သော် ထိုထက် ပိုစိတ်အာရုံနှစ်ပါက ထိုအထင်မှားနိုင်မလားဟု သင်ထင်မြင်မိလာပေမည်။ထို့အတူ လမ်းများသည် နေ့များနှင့် တူလေသည်။လမ်းများက ဆုံးသွားနိုင်သော်လည်း နေ့များက မဆုံးနိုင်။နေ့များတွင် ထမ်းပိုးထားသော မှတ်တမ်းများလည်းရှိသည်။ပျော်ရွှင်မှုများ၊ နာကျင်မှုများ၊  ဝေဒနာများ၊ ခံပြင်းမှုများ၊ ရေရွတ်ရခက်သော ခံစားမှုများ၊ ထုတ်ပြောရခက်သော စကားလုံးများသည့် မှတ်တိုင်များလို နေ့ရက်များ၏ အတိတ်မှာ ကျန်ခဲ့သည်မရှိ။နေ့ရက်တစ်ခုမှ တစ်ခု၊ တစ်ရက်မှ တစ်ရက် ကူးလာတိုင်း ထိုထမ်းပိုးထားမှုများကို ဖြေဖျောက်ဖို့ရာ ခိုနားစရာရှားလှသည်။သမိုင်းမှတ်တိုင်ထဲများထဲတွင် ရက်များသည် တက်တူးထိုးထားသလို အဖြစ်အပျက်များဖြင့်။ထိုအဖြစ် အပျက်များဆိုသည်မှာ သေကြေဆုံးရှုံး နာကျင်မှုများဖြင့် တန်ဆာဆင်ထားပြီးမှ ဖြစ်လာသော နေ့ရက်များ ဖြစ်သည်။
   ရက်များကို ကျနော်တွေးသည့်အခါ မနက်ဖြန်နှင့် သဘက်ခါ မတူသလို၊ မနေ့ကသည်လည်း ယနေ့နှင့် မတူပေ။ဖြတ်လျှောက်ခဲ့ရသော နေ့ရက်များသည် တရွတ်ဆွဲခံရသလို တစ်ရက်ပြီး တစ်ရက် ကျနော်တို့ကို ဆွဲခေါ်လာသည်။ပွန်းတီးခဲ့သော ခံစားချက်များသည် လူသားဆန်မှုကို ဖျက်ဆီးလိုက်သည်။ကျနော်သိသော နေ့ ရက်များသည် ရက်စက်သော ခံစားချက်များကို တပွေ့တစ်ပိုက် သယ်ထားသည်။သစ္စာဖောက်မှုများ၊ လျစ်လျူရှုခံရခြင်းများ၊ မနာလိုမှုများ။
   သင်မရောက်ခဲ့သော နေ့ရက်များသည် အတိတ်နှင့် အနာဂတ်တွင်သာ ရှိနိုင်သည်။ပစ္စုပ္ပန်တွင်မှု နေ့ရက် များကို သင်မကျော်ဖြတ်ဘဲ မသွားနိုင်။ထို့ကြောင့် နေ့ရက်များ၏ ပွန်းတိုက်မှုကို ခံရမည်ဖြစ်သည်။ထို့အတွက် ဖြတ်သန်းမှုသည့် နေ့ရက်ဖြစ်သည်။ဖြတ်သန်းမှုထဲတွင် သင်မလိုချင်သော နေ့ရက်များရှိနိုင်သလို သင်ဖမ်းဆုပ်ထားချင်သော်လည်း မရခဲ့သည့် နေ့ရက်များဖြစ်သည်။ထိုရက်များသည် သေချာသည်က သင်တစ်ကိုယ်ရည် ပျော်ရွှင်ခဲ့ရသော နေ့ရက်များဖြစ်ဖို့ များလေသည်။  
 
                                                             (၃)
 
   စာအုပ်တစ်အုပ်၏ အဆုံးသတ်ကို သင်ဖြတ်သန်းဖူးပါလိမ့်မည်။အကြောင်းအရာတစ်ခု၊ ဇာတ်လမ်းတစ်ခု၊ အဖြစ်အပျက်တစ်ခု၏ အဆုံးသတ်သည် သင်ထင်ထားသလို အဆုံးသတ်ခြင်းက နည်းလေသည်။သိသာထင်မြင်သည့် တစ်ရပ်မှာ ဘယ်အရာမှ အဆုံးသတ်မည်ကို ကြိုတင်ပြီး အဆုံးသတ်ဟု မရေးထားခြင်းဘဲဖြစ်သည်။နေ့ရက်များသည်လည်း ထိုအတိုင်းပဲဖြစ်သည်။ကျနော်တို့ အဆုံးသတ်ချင်သည့်နေ့တွင် အဆုံးသတ်ချင်မှ အဆုံးသတ်ကြမဟုတ်လား။
   နေ့ရက်များကို ကျနော်တို့ဖြတ်ရသည်။ဓားလှီး နို့အေးချာင်းသည်မှ စက်၀ိုင်းလို ဆုလာဘ်နေ့ရက်များကို မျှော်ကာ ကျနော်တို့ နုပျိုမှုများ၊ဘအချိန်များကို ရင်းကာ စိုက်ထုတ် လှည့်ကျသည်။ကျနော်တို့ ဖြတ်လျှောက်ခဲ့ရသော နေ့ရက်များသည် မချိုမြိန်သော ပြဿဒါးနေ့တွင်သာ အကြိမ်ကြိမ်အခါခါ။
   လင်းနိုင်ကျော်စိုး