【 ဆောင်းပါး 】 ဖြတ်သန်းမှုသည် အရင်းအနှီး

【 ဆောင်းပါး 】 ဖြတ်သန်းမှုသည် အရင်းအနှီး

“ဆရာ ဒဂုန်တာရာက ၁၉၄၀ ခုနှစ်တွင် အိုးဝေမဂ္ဂဇင်း အယ်ဒီတာနှင့် မျိုးညွန့်မဂ္ဂဇင်းမှာ အယ်ဒီတာ” လုပ်သည်ဟု လေ့လာခဲ့ရပြီး ‘၁၉၄၆’ တွင် တာရာမဂ္ဂဇင်း ထုတ်ဝေသူနှင့် အယ်ဒီတာဟု သိရသည်။အိုးဝေမဂ္ဂဇင်းတုန်းက အယ်ဒီတာဘဝကို စတင်ထိတွေ့သည်၊ ဘာကြောင့် အယ်ဒီတာလုပ်ရသည်ကိုတော့ မသိရ .. ကျနော်မမှတ်မိတာဖြစ်မည်။

ဆရာ နတ်နွယ်ကတော့ ခပ်ရှင်းရှင်းပြောသည်။

“အကြောင်းတစ်ခုမဟုတ် အကြောင်းတစ်ခုကြောင့် တစ်ချိန်တည်းမှာပင် စာရေးဆရာအလုပ်ကိုရော အယ်ဒီတာအလုပ်ကိုရော လုပ်နေကြသူများလည်း ရှိနေကြပေမည်၊ အချို့သော စာရေးဆရာများသည် အယ်ဒီတာအလုပ်ကို ဝါသနာပါ၍ လုပ်ကိုင်ကြခြင်းဖြစ်ပြီး အချို့မှာ စာရေးခြင်းသက်သက်ဖြင့် ရပ်တည်မှု မလုံလောက်သဖြင့် ဝမ်းရေးအတွက် အယ်ဒီတာအလုပ်ကို တွဲဖက်လုပ်ကိုင်ကြရခြင်းဖြစ်သည်။ရာထူးအရသော် ၎င်းတာဝန်အရသော်၎င်း အယ်ဒီတာဖြစ်ရသူများ စာရေးဆရာဖြစ်ရသူများလည်း ရှိပေသည်။”

တစ်နေရာတွင်ကား ကိုမိုးဝေက “ခဗျားရောက်လာတာအတော်ပဲ ကျနော်တို့ မဂ္ဂဇင်းအသစ်တစ်စောင် ထုတ်မလို့ ရုပ်ရှင်ဝတ္ထုမဂ္ဂဇင်း၊ မူဗီစတိုရီမဂ္ဂဇင်းပေါ့ဗျာ အဲဒီမှာ ခဗျား တာဝန်ခံအယ်ဒီတာ လုပ်ပေတော့” ဆရာ နတ်နွယ် အယ်ဒီတာဖြစ်ပုံမှာ လွယ်သလိုတော့ရှိသည်။သို့သော် ဆရာနတ်က မြစ်ကြီးနားမှ မန္တလေးရှိ “လူထု” တိုက်တွင် အတွေ့အကြုံရခဲ့ပုံတော့ရှိ၏။

ဆရာနတ်စကားတွင် “အယ်ဒီတာသုံးမျိုး” ဟု ဆိုထားသည်၊ အယ်ဒီတာအလုပ်ကို ဝါသနာကိုပါတဲ့သူ၊ စာရေးခြင်းသက်သက် ရပ်တည်ရန်ခက်ခဲသူ၊ ရာထူးအရတာဝန်အရ မဖြစ်မနေဖြစ်လာရသူ၊ သုံးမျိုး၊ ကျနော်ကရော ဘယ်ထဲပါသလဲ။ ၈ တန်းလောက်မှာ စာဖတ်ဝါသနာပါကာ ကိုယ့်ထက် စာဖတ်သက်ရင့်သော ကျောင်းသားချင်း ဆုံမိရာမှ နံရံကပ်စာစောင်ထဲပါ။ပထမဆုံးကဗျာက “အိုဘယ့် နယ်ချဲ့အမေရိကန်” တဲ့။

၁၉၇၀ ကျော်ကာလက ဗီယက်နမ်မှာ ကမ္ဘောဒီးယားမှာ စစ်မီးကြီးလောင်နေသည်။အချင်းချင်းကြားမှာ တိုးတက်ကျောင်းသားတဲ့။ဆယ်တန်းစာမေးပွဲပြီးချိန် ၁၉၇၆ လောက်မှာ ဝတ္ထုရေးတော့တာပါပဲ။တစ်ပုဒ်ကတော့ ကံစွပ်သွားသည် ထင်၏။ထပ်ရေးတာတွေ သုံးနှစ်လောက်မှာ ဘယ်ကမှမရွေးပါ။ကံကြမ္မာက သက်သက်မက်လုံးပေးတတ်လားမသိပါ။ကလောင်နာမည် သုံးလုံးလောက် ပြောင်းပြီးသွားလျှင် စိတ်ပျက်လာ၏။မိန်းမရ ကလေးနှစ်ယောက်ရခါမှ ရှုမဝက ဖိတ်ခေါ်စာ ပို့ခံရပါသည်။ဆရာ မောင်ဆွေတင့်နှင့် တွေ့ခွင့်ရပါသည်။ အားပေးစကားပြောပါသည် (နှင်းဝေ)။

အဲဒါ ဆင်းရဲတွင်းနက်အောင် တာလွှတ်လိုက်သလိုပါပဲ။စာတွေရေးဖြစ်လာသည်။စီးပွားရေးအတွက် အခြားလုပ်ငန်းတွေ အစုံလုပ်။အောင်မြင်တာလည်းရှိ မအောင်မြင်တာလဲပါ။ကျန်းမာရေးပါထိလာသောအခါ ဘဝက နည်းနည်းပန်းလာသည်။ဝါသနာလေးနဲ့ ရပ်တည်ရရင် ကောင်းမည်ဟု စိတ်တွင်ဖြစ်ပေါ်လာသည်။အဲသည်မှာ အမနှစ်ယောက်ဖြစ်သော (ဒေါ်) ရီဝေနှင့် (ဒေါ်) သန်းမြင့်အောင်တို့ ကျေးဇူးကြောင့် ကလျာမဂ္ဂဇင်းမှာ အယ်ဒီတာတစ်ယောက်ဖြစ်လာရသည် (၂၀၀၃)။

ဆရာ နတ်နွယ် အလိုအရ စာရေးခြင်းသက်သက်ဖြင့် မလုံလောက်၍ အယ်ဒီတာဖြစ်လာသူထဲ ပါဝင်ပါသည်။တစ်နည်းအားဖြင့် ခုသာခံသာရှိသွားသလို တစ်ဘက်ကလည်း ကိုယ်ရေးချင်တာချည်းရေးလို့မရ လိုအပ်သော ကွက်လပ်များလည်း ဝင်ဖြည့်ရေးရ၏။စန္ဒယားချစ်ဆွေ ၇၀ ပြည့်၊ ဆရာ မာန်မြင့်၊ ဆရာ ကြူးနှစ် အင်တာဗျူး၊ အနုပညာပုံရိပ်ခေါ် သတင်းတိုဆိုတာက စီးရီးခွေ၊ စာအုပ် စသည့် မိတ်ဆက်ခြင်းများ၊ သတင်းအပြည့်အစုံရေးရတော့ ဓာတ်ပုံဝေဝေဆာဆာဖြင့် သတင်းဆောင်းပါး၊ မိတ်ဆွေမဂ္ဂဇင်းအချို့က ဖတ်ညွန်းလေးလုပ်ပေးပါဆိုတော့ လုပ်ဖြစ်ပြန် (ချယ်ရီ - သြရသ) နှင့် (ပန်းအလင်္ကာ - ဗဖူးနှင်းဆီ)။

တစ်တက်စားလည်း ကြက်သွန်ဖြစ်လာသည်။ဆရာနတ် ပြောချင်သည်မှာ စာပေလောကထဲရောက်နေသရွေ့ ရှောင်မရဘဲ ပတ်သက်ရာ စာတွေ ရေးရခြင်းဖြစ်သည်။သည်တွင် နှိုင်းယှဉ်စဉ်းစားလာရသည်။ဘယ်စာက ကိုယ့်အတွက် ကျန်ရစ်မလဲ။အခြေအနေကျပ်တည်းတုန်းဆိုရင်တော့ ပိုက်ဆံရတာ အရင်ရေးဆိုတာတွေဖြစ်လာသည်။တချို့လည်း အဲသလောက်ဖြင့် သာယာသွားသူတွေလည်းအများကြီး။မူလရင်းမြစ် ရည်မှန်းချက်ဖြစ်သော “သိက္ခာရှိကလောင်တန်းဝင်” ဖြစ်ချင်ခဲ့တာက မှေးမှိန်သွားသည်။သတိမထားမိခင်မှာပင် တဖြည်းဖြည်းပျောက်ကွယ်သွားသည်။စာပေရည်မှန်းချက်ကို ဘဝ၏ လတ်တလောလိုအပ်ချက်တခုဖြင့် လဲလိုက်ရသည်။ဤသည်မှာ ကျနော်ခံစားရပုံကို ပြောခြင်းဖြစ်သည်။

“ရာထူးအရ တာဝန်အရ အယ်ဒီတာ၊ စာရေးဆရာဖြစ်လာရသူ” ဆိုသူတွေ တကယ်ရှိသည်။ကျနော်တို့ လူလားမြောက်ရကြီးပြင်းရသောခေတ်မှာ မဆလခေတ်ကြီးဖြစ်သည်။အစိုးရအလုပ်တစ်ခုခုရှိမှသာ အာမခံချက်ရှိသည်ဟု အထင်ကြီးသောခေတ်ဖြစ်၏။ဓာတုဗေဒဘွဲ့ရသူက သစ်စက်ရောက်၊သစ်တောသမားက ရေကြောင်းသွားလာရေးရောက်၊ (၁၉၇၄) ဝန်းကျင်ကာလများ၊ အလွန်တရာ ဘယ်လိုညံ့နည်းမျိုးဖြင့်ညံ့ကြောင်း ပြန်ပြောင်းမပြောတတ်လောက်အောင် ညံ့သော ခေတ်ကြီးဖြစ်၏။အလုပ်တစ်ခုခုပဲ၊ အစိုးရအလုပ် ဝန်ထမ်းဖြစ်လာဖို့သာ အရေးအကြီးဆုံးဖြစ်သည်။အဲသည်ကာလထဲမှာ ပါတီစာနယ်ဇင်းက စာပြု၊ စာပေဗိမာန် စာတည်း၊ မြဝတီ စသဖြင့် ရာထူးရွေးချယ်ရေးက ခေါ်ယူသော အော်ဖစ်ဆာ အရာရှိရာထူးဖြစ်သည်။ခေတ်အရ ဝါသနာက အဓိကလည်းမကျ၊ ဘာအလုပ်ဆိုတာက အရေးမကြီး၊ဘာရာထူးဆိုတာက အရေးကြီးသည်။အရေးကြီးဆုံးမှာ “ဌာနန္တရ” ဌာန နှင့် “ဒေသန္တရ” ဒေသဖြစ်၏။

နေရာအတွက်ကလည်း တန်ကြေးသိလျှင်ဖြစ်ပါသည်။မျက်စိထဲမှာ မြင်နေတတ်သော ပုဂ္ဂိုလ်တစ်ဦးရှိခဲ့ဖူးသည်။အစိုးရမဟုတ်သော လူထုအဖွဲ့အစည်းတစ်ခုမှ ထုတ်ဝေသော မဂ္ဂဇင်းမှ အယ်ဒီတာတစ်ဦးဖြစ်သည်။စာမူရွေးလား ပယ်သလား သိချင်၍ တစ်လတစ်ခေါက် နှစ်လတစ်ခေါက် ရောက်ရ၏၊ ရောက်သည့်အခါတိုင်း ကက်ဆက်ပြင်နေတာ တွေ့ရသည်။ပလာယာ၊ ဝက်အူလှည့်၊ စကူခဲတို့ ဂေါက် စသော ကိရိယာများဖြင့် စားပွဲတစ်ခုလုံး ပြည့်နေ၏။

စာမူအကြောင်း ရွေး/ပယ် သိလိုကြောင်း ပြောတိုင်းလည်း “မေးထားမယ်” ချည်းပြောနေတာ စိတ်ပျက်စရာ အလွန်ကောင်းသည်။မဆလခေတ်ပျက် ရှစ်လေးလုံးအလွန်မှာ ထိုပုဂ္ဂိုလ်ကို ယခုနေတွေ့ရလျှင် တီဗွီပြင်နေလိမ့်မည် ထင်ပါသည်။ယခု မတွေ့ရတော့ပါ၊ ခေတ်မပျက်သေးလျှင် ဒီလိုပုဂ္ဂိုလ်မျိုး ရှိနေဦးမှာပဲလား သိချင်ပါသေးသည်။

အလွန်ဆလံသရသော ပုဂ္ဂိုလ်မြတ်တစ်ဦးကိုလည်း ကြုံဖူးပါသေးသည်။သူကလည်း ဝန်ကြီးဌာနတွေ အဖွဲ့အစည်းတွေ ဂျာနယ်ရိုက်နှိပ်ရောင်းချသော ခေတ်ကာလတွင် အမြတ်ရှာရန် ထုတ်ဝေသော ဂျာနယ်မှဖြစ်၏။မဆလခေတ်မှာလည်း လယ်သမားဂျာနယ်၊ အလုပ်သမားဂျာနယ်၊ သမဝါယမဂျာနယ်တို့ ရှိဖူးပါသည်။ဘယ်ဟာမှတော့ မအောင်မြင်ပါ။ဘာလုပ်နေကြလည်းမေးလျှင် လုပ်နေကြတာတွေရှိကြပါသည်။ခေတ်က ဘာလုပ်နေတယ်ဆိုတာထက် ဘာအောင်မြင်နေသလဲဟု ပြန်မေးသော ခေတ်ကိုရောက်နေပါသည်။ထိုပုဂ္ဂိုလ်မှာလည်း ဌာနတွင်းဆိုလျှင်ဖြင့် အရာရှိဆိုးတစ်ယောက်ဖြစ်မည် ထင်ပါသည်။ပြင်ပမှ စာအုပ်မိတ်ဆက်ပွဲကဲ့သို့ ပွဲများတွင် ရှေ့တန်းမှာ ထိုင်တတ်ပြီး ဘာမှမသိနားမလည်ဘဲ ပေါက်ကရတွေ မေးတတ်ပြောတတ်သူဖြစ်၏။

တစ်နေ့ ပွဲတစ်ခုတွင် ကျနော်တို့ချင်းပြောနေသော စကားဝိုင်းသို့ ဝင်ရောက်လာပြီး ခင်ဗျားဂျာနယ်ကဘာလဲ၊ ဘယ်ဈေးနဲ့ဖြန့်လဲ ဘယ်နှစ်စောင်ရိုက်ရလဲ ဘယ်လောက်ကုန်လဲ တသီကြီး ဝင်မေးလာသဖြင့် ကျနော်က စကားဖြတ်ချင်၍  “ခင်ဗျားက ဂျာနယ်ကို ရောင်းချင်တာလား၊ ဝယ်ချင်တာလား ကော်မရှင်ပေးရင် ခင်ဗျားဖြန့်ပေးနိုင်လား” ခပ်ကြမ်းကြမ်း ပြောလိုက်ပါသည်။ဤသို့အချင်းများကာမှ သူ့လူတစ်ယောက်ရောက်လာကာ ဆွဲခေါ်သွားရသည်။မြို့ပတ်ရထားပေါ်မှာ နှစ်ခါသုံးခါ ထပ်တွေ့ရသေးသည်။သူလည်း ကက်ဆက်ပြင်နေသော အယ်ဒီတာလိုဖြစ်မည် ထင်ပါသည်။

အယ်ဒီတာထဲမှာ စာရေးဆရာမဟုတ်ပါဘဲလျက် တကယ်တော် တကယ်တတ်သူကို တွေ့ဖူးပါသလား။ကျနော်တော့ အဝန်းအဝိုင်းထဲမှာ တွေ့ဖူးလိုက်ပါသည်။သူ ဘာစာရေးသည်ဟူ၍တော့ မသိဘူးပါ။

လင်းထင်