【 ဆောင်းပါး 】 ဗုဒ္ဓ၏ သားသမီးတွေ

【 ဆောင်းပါး 】 ဗုဒ္ဓ၏ သားသမီးတွေ

မိခင်သည် သူ၏ရင်သွေး သားသမီးများကို မျက်စိအောက်က အပျောက်မခံနိုင်အောင် သံယောဇဉ်ထားသည်။

တစ်နယ်စီ ကွာဝေးနေသော်လည်း သားသမီးတစ်ခုခုဖြစ်သည်နှင့် မိခင်စိတ်ထဲမှာ တစ်စုံတစ်ခုကို ထူးထူးခြားခြား ခံစားရတတ်သည်။ထို့ကြောင့် သူ့သားသမီး နေထိုင်မကောင်းတာလား အခက်အခဲ တစ်စုံတရာတွေ့နေပြီလား တွေးကာ မေတ္တာပို့ပေးတတ်လေသည်။

ဗုဒ္ဓဘုရားရှင်သည် သတ္တဝါတို့အပေါ်တွင် သားသမီးများကဲ့သို့ စေတနာထားလေသည်။ကျွတ်ထိုက်သော ဝေနေယျသတ္တဝါတို့၏ စိတ်ကို ဖတ်သည်။သူတို့၏အနာဂတ်ကို မျှော်ကြည့်သည်။ဘယ်ကမ္မဋ္ဌာန်းနှင့် သင့်လျော်သလဲ ချိန်ဆ၍ပေးသည်။မာနကြီး၍ ဘဝင်မြင့်နေသူများဆိုလျှင် အရင်ဆုံး သူတို့၏မာန်ကို ကျစေပြီးမှ သူတို့နှင့် သင့်လျော်သော ဒေသနာတရားများ ဟောကြားသည်။

တစ်ခါတွင် ထင်တစ်လုံးနှင့် ဘဝင်မြင့်သော ရဟန်းများကို တစ်ဖက်လှည့်နှင့် သူတို့အမှား သူတို့သိကာ မာန်ကိုကျစေပြီးမှ တရားဟောကာ အရဟတ္တဖိုလ် ရရှိစေခဲ့သည်။

ထိုရဟန်းငါးရာတို့သည် ဘုရားရှင်ထံမှာ ကမ္မဋ္ဌာန်းတရားတောင်းကာ တောထဲသို့သွား၍ တရားအားထုတ်ခဲ့သူများဖြစ်သည်။သူတို့သည် မကြာမီမှာပင် လောကီဈာန်များ ရရှိကြလေသည်။ထိုသို့ သူတို့ ဈာန်ဝင်စားနေကြသည့်အခါ ယာယီအားဖြင့် သူတို့မှာ ကိလေသာစိတ်များ ကင်းနေလေသည်။ထိုသို့ ဈာန်ဝင်စားနေစဉ် အခိုက်အတန့် အချိန်လေး ကိလေသာစိတ်များ ကင်းနေသည်ကို သူတို့ကိုယ်သူတို့ ကိလေသာများကုန်ခန်းကာ ရဟန္တာများဖြစ်နေကြပြီဟု ထင်မှတ်မှားမိသည်။ထို့ကြောင့် သူတို့ကိုယ်သူတို့ ရဟန္တာများဖြစ်ပြီထင်ကာ ဘဝင်မြင့်နေကြလေသည်။သို့နှင့် ရဟန်းငါးရာတို့လည်း သူတို့ အရိယာရဟန္တာများ ဖြစ်နေကြောင်း ဘုရားရှင်ထံ လျှောက်ထားရန် ပြန်လာခဲ့ကြသည်။

ဘုရားရှင်က သူတို့၏ လက်ရှိအခြေအနေနှင့် အကြံအစည်များကို သိနှင့်နေသောကြောင့် သူတို့ ဘုရားရှင် သီတင်းသုံးရာ ကျောင်းမုခ်ဝသို့ ရောက်သည်နှင့် တစ်ပြိုင်နက် အာနန္ဒာမထေရ်ကို သူတို့ထံသို့ စေလွှတ်လိုက်သည်။အာနန္ဒာက သူတို့အားလုံး သုဿာန်သို့ အရင်သွားပြီး ပြန်လာမှ ဘုရားရှင်ကို ဖူးမြင်ကြရန် အမှာတော်ရှိကြောင်း ပြောပြလိုက်သည်။

ရဟန်းငါးရာတို့လည်း ဘုရားရှင်၏ ဆန္ဒအတိုင်း သုဿာန်သို့ သွားကြသည်။ပုပ်ပွကာ အရိုးကျနေသော ရုပ်အလောင်းကို တွေ့သောအခါ စိတ်မချမ်းသာမှု ဒေါမနဿဖြစ်ကြသည်။လောလောလတ်လတ် ကွယ်လွန်ခဲ့သည့် အမျိုးသမီးရုပ်အလောင်းကို တွေ့သောအခါ တပ်မက်မှုရာဂ ဖြစ်ပေါ်လာသည်။ထိုအခါတွင်မှ သူတို့စိတ်တွင် ကိလေသာမကင်းသေးကြောင်း သတိထားမိတော့သည်။ထို့ကြောင့် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။သူတို့ကိုယ်သူတို့ ဘဝင်မြင့်နေရာမှ သူတို့၏ အတွင်းစိတ်အမှန်ကိုသိပြီး ရုတ်တရက်ထိတ်လန့်ကာ မာန်ကျသွားတော့မှ ဘုရားရှင်က ရောင်ခြည်တော်လွှတ်ကာ ဒေသနာတရား ဟောကြားတော်မူလေသည်။

ထိုအခါမှ ရဟန်းငါးရာလုံး သစ္စာလေးပါးမြတ်တရားကိုမြင်ပြီး အရိယာရဟန္တာများ အမှန်တကယ်ဖြစ်သွားလေတော့သည်။

တချို့ရဟန်းများသည် ဘုရားရှင်ကို ကြည်ညိုသည်။ဘုရားရှင်အပေါ်မှာ ယုံကြည်သည်။သို့သော်လည်း လက်တွေ့တွင် တရားအားမထုတ်ဘဲ အချိန်ဖြုန်းနေတတ်သည်။ထိုအခါ ဘုရားရှင်က သူတို့စိတ်ကိုပြုပြင်ကာ တရားဟောပေးလိုက်ခြင်းဖြင့် ဒုက္ခခပ်သိမ်းကင်းငြိမ်းသော နိဗ္ဗာန်ကို ရောက်ရှိစေသည်။

တစ်နေ့ တစ်နေ့ ဘုရားရှင်ကို ဖူးမြော်နေရတာကို ကျေနပ်နေပြီး လက်တွေ့တွင် ဘာတရားမှ အားမထုတ်သော ရဟန်းတစ်ပါးရှိသည်။ထိုရဟန်းကို ပရိယာယ်နှင့် သတိပေးပြီး တရားပြခဲ့ရသည်။

ဝဂ္ဂလိသည် ဘုရားရှင်၏ မျက်နှာတော်ကိုကြည့်ရင်း အလွန်ကြည်ညိုမိလေသည်။ထို့ကြောင့် ဘုရားရှင်ထံ လျှောက်ထားပြီး ရဟန်းဝတ်ခဲ့သူဖြစ်သည်။စာပေသင်ယူခြင်း ပို့ချခြင်း ဘာဝနာတရားများ အားထုတ်ခြင်းမပြုပေ။အချိန်ရှိသမျှ ဘုရားရှင်ကို မြင်နိုင်သည့်နေရာမှ ကြည့်ကာ ဖူးမြော်ကြည်ညိုနေလေသည်။

ဘုရားရှင်က ဝဂ္ဂလိမထေရ်၏ စိတ်ထားနှင့် အမူအရာများကို သိနေသော်လည်း လုံးဝအပြစ်တင် ပြောဆိုခြင်း မပြုသေးပေ။ဝဂ္ဂလိ၏ အသိဉာဏ် နုနယ်သေးသဖြင့် သူ၏ အသိဉာဏ်ရင့်သန်ချိန်ကို စောင့်နေလေသည်။

ဝဂ္ဂလိမထေရ်၏ အသိဉာဏ် ရင့်သန်လာသော နေ့တစ်နေ့တွင် ဘုရားရှင်သည် ဝဂ္ဂလိရဟန်းကို “ဝဂ္ဂလိ သင်သည် အချိန်တွေကို အလကားဖြုန်းတီးနေတာပဲ။ငါဘုရား၏ ခန္ဓာကိုယ်အပုပ်ကောင်ကို ကြည့်ရှုနေခြင်းဖြင့် သင့်အတွက် ဘာမှအကျိုးမရှိဘူးဆိုတာ သင်မသိဘူးလား။ငါဘုရားဟောသော တရားကို မြင်မှသာ ငါ့ကိုမြင်သည်။ငါဘုရားဟောသော တရားကို မမြင်လျှင် ငါ့ကိုမြင်သည် မဆိုနိုင်ပေ။သင် အခုချက်ချင်း ငါဘုရား၏အပါးမှ ထွက်သွားပါတော့။”

ဘုရားရှင်၏ အပြစ်တင်ခြင်းနှင့် နှင်ထုတ်ခြင်းကို ခံရ၍ ဝဂ္ဂလိရဟန်းလည်း အလွန်ဝမ်းနည်းသွားသည်။ဘုရားရှင်၏ မျက်နှာတော်ကိုမှ ဖူးမြင်ခွင့်မရတော့လျှင် အသက်ရှင်နေခြင်းသည် သူ့အတွက် ဘာမှအကျိုးမရှိဟု တွေးလိုက်သည်။ထို့ကြောင့် တောင်ပေါ်မှခုန်ချပြီး သူ့ကိုယ်သူ အဆုံးစီရင်ရန်အတွက် ဂိဇ္ဈကုဋ်တောင်ပေါ်သို့ တက်ခဲ့သည်။

တောင်အောက်သို့ ခုန်ချလုဆဲဆဲအချိန်တွင် ဘုရားရှင်က ရောင်ခြည်တော်များ လွှတ်လိုက်ရာ ရောင်ခြည်တော်များနှင့်အတူ ဘုရားရှင်ကို ဖူးမြင်ရသဖြင့် ဝမ်းသာပြီး အားတက်သွားသည်။ထိုအချိန်တွင် ဘုရားရှင်က တရားဟောရာ တရားနာနေရင်း ဘုရားရှင်ထံသို့ သွားရန် ခြေတစ်လှမ်း လှမ်းလိုက်စဉ်မှာပင် မဂ်ဉာဏ်ဖိုလ်ဉာဏ်များတက်ပြီး အာသဝေါကုန်ခမ်းသော ရဟန္တာဖြစ်သွားလေတော့သည်။

တစ်ခါတလေ ဘုရားရှင်သည် သူ၏သားသမီးများ မိစ္ဆာဒိဋ္ဌိတို့အလယ်တွင် မျက်နှာငယ်နေပါက ဘယ်လောက်ခရီးဝေးသည်ဖြစ်စေ သားသမီးများ မျက်နှာမငယ်ရအောင် သွားရောက်အားပေး၏။သားသမီးနှင့်ပတ်သက်သူများကိုလည်း သားသမီးနှင့် တန်းတူ သဘောထားပြီး အရိယာမဂ်ဉာဏ်များ ရရှိစေသည်။

စူဠသုဘဒ္ဒါသည် အနာထပိဏ်သူဌေးကြီး၏ သမီးဖြစ်သည်။အနာထပိဏ်သူဌေးကြီး၏ သူငယ်ချင်း ဥဂ္ဂသူဌေး၏ သားနှင့် အိမ်ထောင်ကျသည်။ဥဂ္ဂသူဌေးသည် မိစ္ဆာဒိဋ္ဌိအယူရှိပြီး အဝတ်မဝတ်သော တက္ကတွန်းတို့ကို ကိုးကွယ်သည်။

ယောက္ခမများက သူတို့ကိုးကွယ်သော တက္ကတွန်းများကို လာရောက်ဖူးမြော်ခိုင်းသောအခါ စူဠသုဘဒ္ဒါက အဝတ်မဝတ်သောသူများကို ကြည့်ရမှာ ရှက်သဖြင့် သူတို့ခေါ်ရာသို့ မလာခဲ့ပေ။ထိုအခါ ချွေးမဖြစ်သူ စူဠသုဘဒ္ဒါကို အိမ်မှနှင်ထုတ်ကြသည်။

အနာထပိဏ်သူဌေးကြီး အပ်နှံထားသော မိတ်ဆွေများက မိဘများကိုးကွယ်သော ဗုဒ္ဓကို ကိုးကွယ်သူဖြစ်၍ တက္ကတွန်းများကို မဖူးမြော်သော စူဠသုဘဒ္ဒါတွင် အပြစ်မရှိကြောင်း ဝင်ရောက်ပြောဆိုသဖြင့် နှင်ထုတ်မခံခဲ့ရပေ။

တစ်နေ့တွင် ယောက္ခမများက စူဠသုဘဒ္ဒါကို ဗုဒ္ဓဘုရားရှင်နှင့် ရဟန်းတော်များအကြောင်း မေးလာသည်။စူဠသုဘဒ္ဒါကလည်း ဘုရားရှင်နှင့် ရဟန်းတော်များ၏ ကြည်ညိုဖွယ်ကောင်းကြောင်း ကာယကံ ဝစီကံ မနောကံတို့ စင်ကြယ်ဖြူစင်ကြောင်း လောကဓံရှစ်ပါးနှင့်တွေ့လည်း မတုန်လှုပ်ကြောင်း ရှင်းပြသည်။ထိုအခါ ယောက္ခမများက ဘုရားရှင်နှင့် ရဟန်းတော်များကို သူတို့တွေ့လိုကြောင်း ပြောသည်။

စူဠသုဘဒ္ဒါလည်း ဝမ်းသာအားရနှင့် ဆွမ်းကိစ္စများကို စီစဉ်သည်။ထို့နောက် ပြာသာဒ်ထက်သို့ တက်ပြီး ဘုရားရှင်ရှိရာ ဇေတဝန်ကျောင်းဆီသို့ မှန်းကာ ရှိခိုးရင်း “အရှင်ဘုရား တပည့်တော်မသည် ဆွမ်းကပ်လှူလိုပါသောကြောင့် မနက်ဖြန်တွင် အိမ်သို့ ဆွမ်းဘုန်းပေးရန် ကြွတော်မူပါဘုရား။မိစ္ဆာဒိဋ္ဌိအယူရှိသော ယောက္ခမများကိုလည်း သမ္မာဒိဋ္ဌိဖြစ်အောင် ဟောပြောဆုံးမပေးပါဘုရား” ဟု အဓိဋ္ဌာန်ဖြင့် ပင့်ဆောင်လိုက်သည်။

ထိုနေ့တွင် ဘုရားရှင်၏ တရားပွဲအပြီး အနာထပိဏ်သူဌေးကြီးက နောက်တစ်ရက်မှာ ဆွမ်းကပ်မည်ဖြစ်ကြောင်း ဘုရားရှင်ကို ဆွမ်းပင့်သည်။ဘုရားရှင်က နက်ဖြန်အတွက် ဆွမ်းဖိတ်ပြီးသားဖြစ်နေပြီဟု ပြောလိုက်သည်။အနာထပိဏ်သူဌေးက သူ့ထက်ဦးသူ ဘယ်သူဖြစ်ပါသလဲဟုမေးတော့ ဘုရားရှင်က ဒါယိကာကြီး၏ သမီး စူဠသုဘဒ္ဒါဖြစ်သည်ဟု ပြန်ပြောသည်။သမီးဖြစ်သူက ယူဇနာတစ်ရာ့ငါးဆယ်ဝေးသော နေရာမှာ နေတာ ဘယ်လိုလုပ် ပထမလူဖြစ်ရတာလဲဘုရားဟု လျှောက်သောအခါ ဘုရားရှင်က သူက အနေဝေးသည်မှာ မှန်ပါသည်။သို့သော် သားသမီးသူတော်ကောင်းတို့သည် ငါဘုရားနှင့် အနေဝေးသော်လည်း အနီးမှာရှိသကဲ့သို့ပင်ဖြစ်သည်ဟု ပြန်ဖြေလိုက်သည်။

နောက်တစ်နေ့တွင် ဘုရားရှင်နှင့် သံဃာတော်များသည် စူဠသုဘဒ္ဒါအိမ်သို့ ကောင်းကင်ခရီးဖြင့် ကြွလာကြသည်။စူဠသုဘဒ္ဒါ၏ ယောက္ခမ ဥဂ္ဂသူဌေးကြီးသည် ဘုရားရှင်ကို ကြည်ညိုသွားပြီး ဘုရားရှင်နှင့် သံဃာတော်များကို ခုနစ်ရက်တိတိ ဆွမ်းကပ်လှူသည်။ဘုရားရှင်၏ တရားကို နာယူပြီးနောက် သူတို့မိသားစုအပါအဝင် ပရိသတ် ရှစ်သောင်းလေးထောင်တို့သည် သစ္စာလေးပါးတရားကို သိရှိကာ တရားရသွားကြလေသည်။

လက်ရှိ ဗုဒ္ဓမြတ်ဘုရား ပရိနိဗ္ဗာန်စံဝင်သွားသော်လည်း ဘုရားရှင်၏ သာသနာတော်အတွင်း ဗုဒ္ဓ၏ မြတ်တရားများက ဗုဒ္ဓ၏ သားသမီးများကို စောင့်ရှောက်နေဆဲဖြစ်လေသည်။

           ဗုဒ္ဓံ သရဏံ ဂစ္ဆာမိပါ ဘုရား။

ရိုက်မောင်း