【 ဆောင်းပါး 】 မကောင်းမှုဆို သေးသေးလေးလည်းရှောင်

【 ဆောင်းပါး 】 မကောင်းမှုဆို သေးသေးလေးလည်းရှောင်

တချို့လူများသည် လူသတ်ခြင်း၊ လုယက်ခြင်း၊ လူကုန်ကူးခြင်း စသည့် မကောင်းမှုအကုသိုလ်အကြီးကြီးတွေကို တစ်ချက်မတွန့်သည့် လက်မရွံ့တွေလုပ်ကာ သူတို့ကိုယ်သူတို့ ဂုဏ်ယူနေကြသည်။

တကယ်တော့ မကောင်းမှုဆိုတာ အသေးဆုံးဆိုတာလေးကအစ ရှောင်ရမှာဖြစ်သည်။မကောင်းမှုဆိုတာ အဝေးဆုံးနေရာက ရှောင်သွားရမှာဖြစ်သည်။သူ့ကို လုံးဝလျှော့တွက်လို့မရပါ။

မိတ်ဆွေသူငယ်ချင်းတွေ၊ ညီအစ်ကိုမောင်နှမဆွေမျိုးသားချင်းတွေ၊ မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ လင်နှင့်မယားတွေ စိတ်ဝမ်းကွဲကြတာတွေ တစ်ယောက်နှင့် တစ်ယောက် ရက်စက်နေကြတာတွေကိုကြည့်ရင် သူတို့အထဲက အနည်းဆုံးတစ်ယောက်ယောက် ဒါမှမဟုတ် နှစ်ယောက်ယောက် ဒါမှမဟုတ် အကုန်လုံးက မကောင်းမှုကို သူတို့စိတ်ထဲ အဝင်ခံလိုက်လို့ဖြစ်သည်။

ကိုယ့်ဘဝကိုယ် တန်ဖိုးထားကြသူတွေက မကောင်းမှုကို လုံးဝရှောင်ဖို့ ကြိုးစားကြသည်။နည်းနည်းလေးတောင် စိတ်ထဲ အဝင်မခံနိုင်ကြပါ။ကိုယ့်စိတ်ထဲကို မကောင်းမှု အဝင်ခံလိုက်ရင် ကိုယ်လည်း စိတ်နောက်သွားပါမည်။ဘဝလည်း ပျက်စီးသွားပါမည်။သံသရာခရီးလည်း ပိုလို့ရှည်လျားထွေပြားပါတော့မည်။

ဘုရားရှင်က သာသနာအပကာလမှာပင် မကောင်းမှု ကိလေသာကို နည်းသည်ဟူ၍ အထင်မသေးဘဲ အမြန်ဆုံးပယ်သတ်နိုင်ခဲ့သည့်အတွက် ပစ္စေကဗုဒ္ဓါဖြစ်သွားကြသူငါးဦးအကြောင်းကို ဟောပြခဲ့ပါသည်။

ကာသိတိုင်းမှ မိတ်ဆွေနှစ်ဦးတို့သည် ရေဘူးကိုယ်စီဖြင့် လယ်တောသို့သွားကြရာ လယ်တောသို့ရောက်သောအခါ တစ်ယောက်သည် အဖော်ဖြစ်သူ၏ ရေဘူးထဲမှ ရေကို တိတ်တဆိတ် ယူသောက်မိသည်။ထိုသူသည် ညဘက် အိပ်ရာမဝင်မီ သူ၏သီလကို ဆင်ခြင်ကြည့်သောအခါ နေ့လယ်က ရေခိုးသောက်မိသော သူ့အပြစ်ကို သတိရမိသည်။

သူသည် အထိတ်တလန့်ဖြစ်ကာ ဤတဏှာတိုးပွားလာလျှင် အပါယ်ငရဲမှတောင် ပြန်လာခွင့်ရှိပါ့မလားလို့ တွေးမိသည်။ထို့ကြောင့် ကိလေသာကို တရစပ်တိုက်ခိုက်မှဖြစ်မယ်လို့ နှလုံးသွင်းပြီး ဝိပဿနာပွားများရာ မကြာမီမှာပင် ပစ္စေကဗောဓိဉာဏ် ရရှိသွားသည်။ထိုအခါ ပစ္စေကဗုဒ္ဓါအဖြစ်နှင့် နန္ဒမူလိုဏ်ဂူသို့ ကြွသွားလေသည်။

ကာသိရွာမှ သူကြွယ်တစ်ဦးသည် အလုပ်ကိစ္စတစ်ခုရှိသဖြင့် အပြင်ထွက်လာခဲ့သည်။သူသည် လမ်းမှာ လင်မယားနှစ်ယောက်ကို တွေ့ရသည်။ရုပ်ရည်ပြေပြစ်သော မိန်းမဖြစ်သူကိုမြင်ကာ နှစ်သက်မိသဖြင့် ဣန္ဒြေဖျက်၍ တစိမ့်စိမ့်ကြည့်ပြီးကာမှ သတိဝင်ကာ အကြည့်ကို လွှဲဖယ်ခဲ့သည်။

ညဘက်တွင် ထိုအပြစ်ကို တွေးမိသည်။တဏှာလောဘကို အသေမသတ်ဘဲထားလို့ တိုးပွားလာရင် အပါယ်ကျတော့မှာမို့ ထိတ်လန့်စိတ်ဝင်လာကာ ကိလေသာစိတ်ကို ပယ်သတ်မှရမယ်လို့ နှလုံးသွင်းကာ ဝိပဿနာ ပွားများသည်။မကြာမီမှာပင် ပစ္စေကဗောဓိဉာဏ်ရရှိကာ ပစ္စေကဗုဒ္ဒါအဖြစ်နှင့် နန္ဒမူလိုဏ်ဂူသို့ ကြွသွားလေသည်။

ကာသိတိုင်း တောအုပ်တစ်ခုတွင် လူဆိုးများ ထကြွသောင်းကျန်းနေသည်။ညီအကိုနှစ်ယောက်လာလျှင် ညီကိုဖမ်းထားပြီး အကိုကို ငွေပြန်ယူခိုင်းသည်။သားအဖနှစ်ယောက်လာလျှင် သားကိုဖမ်းထားပြီး အဖေကို ငွေပြန်ယူခိုင်းလေ့ရှိသည်။တစ်နေ့တွင် ထိုလမ်းခရီးမှလာသော သားအဖနှစ်ယောက်သည် လူဆိုးများမေးလျှင် ဘာမှမတော်စပ်ကြောင်း လိမ်လည်ပြောရန် တိုင်ပင်လာကြသည်။ထင်သည့်အတိုင်း သူတို့သည် ပြန်ပေးသမား လူဆိုးများ၏ ဖမ်းဆီးခြင်းကို ခံကြရလေသည်။သူတို့ကို မည်သို့တော်စပ်ကြသလဲဟုမေးရာ နှစ်ယောက်လုံးက မည်သို့မျှမတော်စပ်ကြောင်း ပြန်ဖြေကြ သည်။

ထိုတောအုပ်မှလွန်လာပြီး ညနေချမ်းရေချိုးပြီးချိန်တွင် သားဖြစ်သူသည် သူ၏သီလကို ပြန်လည်ဆန်းစစ် ဝေဖန်ကြည့်သောအခါ သူကျူးလွန်ခဲ့သော မုသာဝါဒအကုသိုလ်ကံကို သတိရကာ ထိတ်လန့်မိသည်။ထို့ကြောင့် ကိလေသာပယ်သတ်မှဖြစ်မည်ဟု နှလုံးသွင်း၍ ဝိပဿနာတရား ရှုပွားလေသည်။မကြာမီ ပစ္စေကဗောဓိဉာဏ် ရလေသည်။သူလည်း ပစ္စေကဗုဒ္ဒါအဖြစ်နှင့် နန္ဒမူလိုဏ်ဂူသို့ ကောင်းကင်ခရီးဖြင့် ကြွသွားသည်။

ကာသိတိုင်းမှ ရွာသူကြီးတစ်ယောက်သည် ရွာသားများကို သားကြီးငါးကြီးမသတ်ရန် အမိန့်ထုတ်ကာ ဥပဒေလုပ်ထားလေသည်။ဗလိနတ်စာကျွေးသောအချိန်သို့ ရောက်သောအခါ ရွာသားများက အရေးဆိုလာသဖြင့် ခွင့်ပြုလိုက်ရသည်။

ညနေချိန်တွင် ရွာသားများ၏ ဗလိနတ်စာအတွက် သတ္တဝါများ သေကြေပျက်စီးကြသည်ကို တွေ့မြင်ရသည်။ထိုသို့ သတ္တဝါများသေခြင်းအတွက် သူ့ပရောဂမကင်းသည်ကို ရွာလူကြီး ဆင်ခြင်မိသည်။လောကမှာ သည်အတိုင်းဆက်နေလျှင် အကုသိုလ်များ ထပ်တလဲလဲဖြစ်ဖို့ကို မြင်ယောင်လာသည်။လောကမှာ ဆက်နေရဖို့ကိုလည်း လွန်စွာထိတ်လန့်မိသည်။ထို့ကြောင့် ကိလေသာကင်းအောင် နှလုံးသွင်းပြီး ဝိပဿနာပွားများ အားထုတ်လေတော့သည်။သူသည်လည်း ပစ္စေကဗောဓိဉာဏ်ရကာ ပစ္စေကဗုဒ္ဓါအဖြစ် နန္ဒမူလိုဏ်ဂူသို့ သွားပြန်သည်။

ကာသိတိုင်းမှ အခြားရွာသူကြီးတစ်ယောက်သည် သေရည်သေရက် မသောက်သုံးရန် တားမြစ်ထားပြီးမှ ပွဲတော်အချိန်တွင် ရွာသူရွာသားများက ခွင့်ပြုပေးရန် တောင်းဆိုလာသောကြောင့် ရောင်းဝယ်သောက်စားခွင့်ပြုပေးလိုက်သည်။ပွဲတော်ညတွင် အရက်မူးပြီး ခိုက်ရန်ဖြစ်ပွားသဖြင့် ရွာသားအချို့ အကြီးအကျယ်ဒဏ်ရာအနာတရဖြစ်သွားသည်။

ရွာသူကြီးလည်း သူ့တွင်တာဝန်ရှိသည်ဟုတွေးကာ များစွာစိတ်မကောင်းဖြစ်တော့သည်။လက်တစ်ကမ်းမှာ အမြဲရှိနေတတ်သော အကုသိုလ်အပြစ်များကို ကောင်းစွာသတိထားမိပြီး အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။ထို့ကြောင့် ဝိပဿနာတရား အားထုတ်ရာ ပစ္စေကဗောဓိဉာဏ်ရရှိပြီး ပစ္စေကဗုဒ္ဓါအဖြစ် နန္ဒမူလိုဏ်ဂူသို့ ကြွသွားလေသည်။

တစ်နေ့တွင် ထိုပစ္စေကဗုဒ္ဓါငါးဆူတို့သည် ဗာရာဏသီပြည်သို့ ဆွမ်းခံကြွလာသည်။ထိုအချိန်က ဂေါတမဘုရားလောင်းသည် ဗာရာဏသီဘုရင်ကြီးဖြစ်သည်။ဘုရင်ကြီးသည် ပစ္စေကဗုဒ္ဓါများကို ဆွမ်းကျွေးပြီးနောက် အသက်အရွယ်ငယ်ငယ်နှင့် အဘယ်ကြောင့် ယခုလို လောကီကို စွန့်ခဲ့ခြင်းဖြစ်ပါသလဲဟု မေးမြန်းလျှောက်ထားသည်။ပစ္စေကဗုဒ္ဓါများက သူတို့ မည်သို့သံဝေဂရ၍ မည်သို့တရားအားထုတ်ခဲ့ကြောင်း ရှင်းပြသည်။

ထိုအခါ ဘုရင်ကြီးက ပို၍လေးစားကြည်ညိုကာ သင်္ကန်းများ၊ ဆေးဝါးများ လှူဒါန်းသည်။သူကိုယ်တိုင်လည်း ပစ္စေကဗုဒ္ဓါတို့၏ မကောင်းမှုကို နည်းနည်းလေးတောင်အဝင်မခံတာ၊ ဆင်ခြင်တာ၊ ရှောင်ရှားတာ၊ ကိလေသာပယ်သတ်တာတွေကို တွေ့လိုက်ရသဖြင့် များစွာ သံဝေဂရသွားသည်။ထီးနန်းကိုလည်း မမက်မောတော့။အာဏာတွေ၊ အသပြာတွေ၊ သာယာတာတွေလည်း လုံးဝမရှိတော့။သူ့အတွက် ကိလေသာအမှောင်တွင်းမှ ထွက်ပြေးလွတ်မြောက်ဖို့သာ အရေးကြီးနေလေပြီ။

မိဖုရားကြီးက ဘုရင်ကြီးကို ကိလေသာဖြင့် ဆွဲဆောင်ကာ ချည်နှောင်ဖို့ ကြိုးစားသည်။ထီးနန်း ရာဇပလ္လင်နှင့် ဆွဲဆောင်သည်။မိသားစုသံယောဇဉ်ဖြင့် နှောင်ဖွဲ့ဖို့ ကြိုးစားသည်။သို့သော်လည်း မအောင်မြင်တော့ချေ။ဘုရင်ကြီးသည် ကိလေသာကာမဂုဏ်တို့၏ ဆိုးဝါးမှု ကြောက်စရာကောင်းမှုတို့ကို သိသွားပြီဖြစ်သည်။

ထို့ကြောင့် ကိလေသာမှ အဝေးဆုံးသို့ ပြေးထွက်ရန် ကြိုးကြိုးစားစား တရားအားထုတ်သည်။မကြာမီ ဈာန်တရားရရှိကာ တိုင်းပြည်ကို အမတ်ကြီးများကို အပ်နှင်းထားခဲ့သည်။သူကတော့ ဟိမဝန္တာသို့ ကောင်းကင်ခရီးဖြင့်သွားကာ ရသေ့ဝတ်နှင့် တရားဘာဝနာများ ဆက်လက်အားထုတ်နေလေ၏။

အနည်းငယ်မျှသော မကောင်းမှုသည် ငါ့ကိုအကျိုးမပေးနိုင်ဟု မကောင်းမှုကို မထီမဲ့မြင် မမှတ်သင့်။မိုးစက်မိုးပေါက် ကျဖန်များလျှင် ရေအိုးကြီးပင်ပြည့်သကဲ့သို့ မကောင်းမှုကို အနည်းငယ်စီပြုဖန်များလျှင် ထိုလူမိုက်သည် မကောင်းမှုနှင့်ပြည့်လေ၏။

(ဓမ္မပဒ)

ရိုက်မောင်း