【 ဆောင်းပါး 】 မကြားဖြစ်သော အသံများ

【 ဆောင်းပါး 】 မကြားဖြစ်သော အသံများ

   နာကျင်စရာများ၊ ခံပြင်းစရာများ၊ မျိုချမရနိုင်သော စိတ်ခံစားမှုကိုပေးသည့် အောက်ကလိအာအသံများ..။
   အရပ်တစ်ပါးမှ တချို့အသံများသည် မကြားချင်သော နေ့ရက်များတွင် ရင်ထဲထိရောက်လာတတ်လေသည်။တစ်ယောက်တည်းရှိနေသည့်အခါ အသံများသည် ယခင်အချိန်များထက် ပိုပြီး သဲသဲကွဲကွဲဖြစ်လာသည်။ထိုအခါမျိုးတွင် ကိုယ်စိတ်ထဲ သနားညှာတာမှုများနှင့် ကိုယ်ချင်းစာတရားများ မထားခဲ့မိသည့်အတွက် အားတုံ့အားနာဖြစ်ရသလို သစ္စာမဲ့မှုနှင့် ဖောက်ပြန်မှုများကို မမြင်ခဲ့ခြင်းအတွက် ကိုယ်ကိုယ်ကို မကျေမနပ်ဖြစ်ရသည်လည်းရှိသည်။
   အချိန်နှင့်ကြာသည်အမျှ ထားခဲ့သော ကျနော်တို့နောင်တများသည့် ကြာရှည်လေးဖင့်စွာ တစ်နေရာတည်း ရပ်တည်မနေခဲ့။အမှန်တရားဘက် ခြေထောက်ပေါက်ကာလည်း မပြောင်းလဲခဲ့။ 
                                                              (၁)
   ကျနော် ရန်ကုန်ရောက်တိုင်း ခိုနားရသည့် အခန်းလေး၏ ခပ်လှမ်းလှမ်းတွင် မူလတန်းကျောင်းလေးရှိသည်။ထိုမူလတန်းကျောင်း၏ နီကျင့်ကျင့် သံချေးထနေသည့် အမိုးများကြောင့် စာသင်ခန်းထဲရှိ စားပွဲခုံများသည် ခနော်နီခနော်နဲ့ရှိနေမည်ကို ကျနော့်စိတ်ထဲ မှန်းဆမိသည်။ကျနော့်အခန်းမှ မနက်ဘက်ကြည့်သည်အခါ ကျဉ်းမြောင်းသည့် မူလတန်းကျောင်းထဲ ချို့တဲ့သော ကလေးငယ်များသာ ဝင်လာတတ်ကြသည်ကို တွေ့ရသည်။ထူးခြားသည်က ချို့တဲ့သောထိုစာသင်ကျောင်းရှေ့တွင် ဇိမ်ခံကားဖြင့် ကလေးလာကြိုတတ်သော လူအချို့ မရှိခြင်းဖြစ်သည်။ထိုသည်ကလည်း ချို့တဲ့သော ကလေးများနှင့် ဆရာမအချို့ကို စိတ်သက်သာရာရစေမည် ထင်သည်။
   တစ်ခုသော မနက်တွင် ကျောင်းဘေး မုန့်ဟင်းခါးဆိုင်၌ မုန့်ဟင်းခါးစားနေစဉ် ကျောင်းစိမ်းဖြင့် ကလေးငယ်တစ်ယောက် မုန့်ဟင်းခါးလာဝယ်သည်။ကလေးငယ်က ထမင်းချိုင့်ကို ထိုးပေးကာ “အမေက မုန့်ဟင်းခါးတစ်ပွဲ အရည်များများ၊ ပိုက်ဆံ ညနေမှယူလို့ ပြောတယ်” ဟု ဆိုသည့် စျေးသည်က တဗျစ်တောက်တောက်ဖြင့် မကျေမချမ်း။ထို့နောက် မုန့်ဟင်းခါးထည့်ပြီး ချိုင့်ကို ဆောင့်ကြီးအောင့်ကြီး ကလေးဆီထိုးပေးကာ “ခဏခဏပဲ” ဟု ဆိုတော့ ထိုကလေးငယ် မျက်နှာမကောင်း။ 
   ထိုနေ့မနက်က တချို့သော အသံများသည် မျက်နှာမှတစ်ဆင့် လာတတ်မှန်း ကျနော်သိခဲ့မိသည်။
                                                              (၂)
   ရန်ကုန်ရှိ လမ်းတိုင်းတွင် ဘီယာဆိုင်များရှိသည်။တစ်ခုသော ညနေခင်းတွင် လမ်းပေါ်တက်ခင်းထားသည့် ဘီယာဆိုင်တစ်ခုတွင် ကျနော်ထိုင်မိသည်။ထိုနေ့သည် လူစည်သော တနင်္ဂနွေနေ့ဖြစ်သည်။ကျနော်ထိုင်သည့် စားပွဲ၀ိုင်းနှင့် ခပ်လှမ်းလှမ်းတွင် အရက်အရောင်းမြှင့်တင်သည့် ကောင်တာတစ်ခုရှိသည်။ထိုကောင်တာတွင် အသက် ၁၈ နှစ်မပြည့်သေးသည့် မိန်းကလေးတစ်ယောက်။ 
   ညသည် လျင်မြန်စွာ မမှောင်လာပါ။မိုးလည်းမရွာပါ။သို့သော် မီးပြတ်သေညနေ့ဖြစ်သဖြင့် ပတ်ဝန်း ကျင်တစ်ခုလုံး မီးစက်သံဖြင့် ဆူညံနေသည်။သို့သော် အလင်းဖျော့ဖျော့သာရှိသော လမ်းပေါ်ရှိ ကျနော်ထိုင်သော ဘီယာဆိုင်ရှိ စားပွဲ၀ိုင်းများမှာ ညမမှောင်ခင်ပင် လူပြည့်သွားသည်။ညကိုးနာရီဆို ကျနော်တို့ပြန်ရမည်။အရက်အရောင်းမြှင့်ကောင်တာမှ ထိုမိန်းကလေးမှာ တစ်၀ိုင်းပြီး တစ်၀ိုင်း အရက်ရောင်းရဖို့ မြူဆွယ်နေရသည်။တချို့၀ိုင်းများက သူမကို အလှူခံငြင်းသလို ငြင်းကြသည်။တချို့၀ိုင်းများကတော့ မကောင်းသော မိန်းမတစ်ယောက်လို  အမဲဖျက်ဖို့၊ တချို့၀ိုင်းများက ရသလောက် အခွင့်အရေးယူကာ လက်ကိုင်ဖင်ကိုင်။တချို့ကတော့ သားပြောမယားပြော။ထို့အတွက် သူမပြန်ရသည်က အရက်ပုလင်းအချို့ ရောင်းချရခြင်းသာ။ 
   ကျနော့်စားပွဲ၀ိုင်း ခပ်လှမ်းလှမ်းရှိ ကောင်တာသို့ ထိုကလေးမ ပြန်ရောက်လာချိန်တွင် သူမလက်ကို တစ် ရှူးစဖြင့် ခပ်နာနာပွတ်နေသည်ကို ကျနော်မြင်ရသည်။ထိုတစ်ရှူးစသည် သူမမျက်နှာပေါ်ရောက်သွားပြီး မျက်လုံးများတစ်၀ိုက်။ထိုကလေးမလေး မျက်ရည်စကို သုတ်လိုက်သည်လား။သို့သော် ကျနော့်ထင်မြင်ယူဆချက်သာ။အရက်ပုလင်းအတွက် နောက်တစ်၀ိုင်းကခေါ်သဖြင့် ကျနော်၀ိုင်းနားကအဖြတ် ကလေးမ၏မျက်လုံးမှာ သာမန်ထက်ပိုကာ စိုနေလေသည်။မျက်ရည်သုတ်ထားဟန်ရှိသော တစ်ရှူးစကို ကျနော့်ဘေး အမှိုက်ပုံးထဲ ပစ်ထည့်သွား သည်။ကျနော်ရင်ထဲ ကျင်ခနဲ။  
   တချို့သော အသံများသည် မျက်ဝန်းများမှတစ်ဆင့် ရင်ကို နာနာကျင်ကျင် ထိရိုက်တတ်သည်။ 
                                                              (၃)
   ခြောက်ထပ်တိုက်၏ အပေါ်ဆုံးတွင် ကျနော့်အခန်းရှိသည်။စျေးချိုသည့် အဆောင်ဖြစ်သော်လည်း ရေအ ခက်အခဲနှင့် အတက်အဆင်းကြောင့် အမြဲလိုလို လူမမြဲ။ဝင်ငွေနည်းသည့် ကျနော်အဖို့တော့ ထိုအဆောင်သည် နတ်ပြည်ဖြစ်သည်။တစ်နည်းအားဖြင့် လူအများဖြင့် မနေတတ်သည့် ကျနော့်အတွက် အဆောင်လူမပြည့်ခြင်းကလည်း ကြီးမားသော ဆုလာဘ်တစ်ခုဖြစ်သည်။  
   ထိုရပ်ကွက်တွင် ရေလာပို့သည့် ကလေးတစ်ယောက်ရှိသည်။နှစ်ရက်တစ်ခါ ရေပို့သော ထိုကလေးထံ တွင် ရေတစ်ဗူးက ၆၀၀ ကျပ်။သို့သော် တာ၀တိံသာထက် အနည်းငယ်သာနိမ့်သော အထပ်ရှိ ကျနော့်အခန်းသို့အရောက် ရေတစ်ဗူးမှာ တစ်ထောင်ကျပ်ပေးရသည်။ထို့ကြောင့် ရေမကုန်စေရန် အပြင်သွားသည်အခါ ကြုံရာနေရာတွင် ရေအ၀သောက်သလို ရေဗူးဖြင့်လည်း ရေထည့်ကာ ကျနော်ယူလေ့ရှိသည်။ယခု ရေတစ်ဗူး ၁၅၀၀ ကျပ် ဖြစ်သည့်အခါ နှစ်ရက် တစ်ဗူးယူခြင်းမှ သုံးရက် တစ်ဗူး ချွေတာဖို့ ကျနော်ပြင်ရသည်။
   သို့အတွက် ကျနော်အစီအစဉ်ကိုပြောဖို့ ထိုကလေးကိုစောင့်နေစဉ် တစ်ဖက်အခန်း၌ ရေလာပို့သည့် ကလေးက ပြောသည့်စကားကို ကြားလိုက်ရသည်။ 
   “တစ်ရပ်ကွက်လုံး ရေမသောက်ကျတော့ရင် ကျနော်တို့ ငတ်မှာဗျ”
   တချို့သော အသံများသည့် နံရံများကိုဖြတ်ကာ ကျနော်တို့၏ ကိုယ်ချင်းစာစိတ်ပေါ်  ဖွဖွလေးလျှောက် သွားတတ်သည်ကို ကျနော်သိလိုက်ရသည်။  
                                                              (၄)
   အသံများသည် နံရံများစွာမှ လာသည်။အတားအဆီးများစွာကို ဖြတ်ပြီး၍လည်းလာသည်။ အသံများကိုတားဆီးရန် ယခုထိ ဘယ်သူမှ မစွမ်းသာသေး။တချို့အသံများမှာ မကြားရအောင် ဘယ်လောက်ပဲ ပိတ်ဆို့ထားသည်ဖြစ်စေ ကြားခံအမျိုးမျိုးကိုကျော်ဖြတ်ကာ ကျနော်တို့၏ နှလုံးသား၊ ခံစားမှုနှင့် ထိတွေ့မှုများဆီမှ ဖြတ်သန်း ကာ ကျနော်တို့ရင်ထဲထိအောင် ရောက်တတ်လေသည်။
   တချို့အသံများ ကျနော်တို့ မကြားရခြင်းမှာ ကြားခံမီဒီယံများစွာ ခဲယဉ်းစွာ အပန်းတကြီးကျော်ဖြတ်နေရသဖြင့်  မရောက်သေးခြင်းသာဖြစ်လေသည်။ 
   မကြားဖြစ်သော အသံများက ကျနော်တို့ရင်ထဲတွင် သိစိတ်ဖြင့် ကြားမိပြီး ဖြစ်လေသည်။
   လင်းနိုင်ကျော်စိုး