【 ဆောင်းပါး 】 မန်နေဂျာတွေ မလုပ်သင့်တဲ့ အပြုအမူများ

【 ဆောင်းပါး 】 မန်နေဂျာတွေ မလုပ်သင့်တဲ့ အပြုအမူများ

လေ့လာသုတေသနတစ်ခုမှာ တွေ့ရတဲ့ အထူးတုန်လှုပ်စရာ အချက်တစ်ချက်က ဝန်ထမ်းလေးယောက်မှာ သုံးယောက်ရဲ့ အဖြေက သူတို့ရဲ့ အလုပ်ထဲမှာ အခက်ခဲဆုံးနဲ့ စိတ်ဖိအားအများဆုံးက သူတို့ရဲ့ မန်နေဂျာပါပဲတဲ့။အဲဒီလိုဖြေတဲ့ ဝန်ထမ်းတွေရဲ့ တစ်ဝက်လောက်က သူတို့ရဲ့ မန်နေဂျာက သူတို့ကို တန်ဖိုးထားပုံမရတဲ့အတွက် နောက်နှစ်မှာ အလုပ်အသစ်ပြောင်းဖို့ ပြင်ဆင်နေတယ်လို့ ပြောကြသတဲ့။

အုပ်ချုပ်မှု ညံ့ဖျင်းတဲ့အတွက် တန်ဖိုးရှိတဲ့ ဝန်ထမ်းတွေကို မဆုံးရှုံးသင့်ပါ။

ဝန်ထမ်းတွေ လုပ်ငန်းခွင်မှာ ပျော်ပိုက်ပြီး၊ စေတနာပါပါနဲ့ အလုပ်ကြိုးစားလုပ်စေချင်ရင် ဆက်လက်ဖော်ပြမယ့် မန်နေဂျာတွေ မလုပ်သင့်တဲ့/ရှောင်သင့်တဲ့ အပြုအမူတွေကို အကြံပြု တင်ပြပေးလိုက်ရပါတယ်။

           (၁) ဝန်ထမ်းမျိုးဆက် တစ်ခုနဲ့ တစ်ခုကြား သွေးခွဲအုပ်ချုပ်ခြင်း

ဝန်ထမ်းတွေကြားမှာ အသက်အရွယ် ကွဲပြားတာက အခွင့်ကောင်းတစ်ခုပါ။ရှေ့မျိုးဆက်က နောက်မျိုးဆက်ကို သူတို့ရဲ့ အတွေ့အကြုံ၊ ဗဟုသုတ၊ ကျွမ်းကျင်မှု စတာတွေကို လက်ဆင့်ကမ်းနိုင်ပါတယ်။ဒါကြောင့် အသက်ငယ်တဲ့ ဝန်ထမ်းတွေက အသက်ကြီးတဲ့ ဝန်ထမ်းဆီကနေ အတွေ့အကြုံ ဗဟုသုတယူအောင် စနစ်ကျ ကျွမ်းကျင်တဲ့ လုပ်ပုံကိုင်ပုံ အတုယူအောင် အားပေးသင့်ပါတယ်။

မန်နေဂျာဖြစ်တဲ့သူက ဒီမျိုးဆက်နှစ်ခုကြား ကူးလူးဆက်ဆံမှုမရှိအောင် သွေးခွဲအုပ်ချုပ်တာဟာ အမျှော်အမြင်နည်းလွန်းရာကျပါတယ်။မန်နေဂျာတော်တော်များများက (အထူးသဖြင့် အသက်ငယ်ပြီး၊ ဘွဲ့အမြင့်ကြီးရထားတဲ့ လက်သစ် မန်နေဂျာတွေက) အသက်ကြီး လုပ်သက်ရင့်တဲ့ ဝန်ထမ်းတွေ၊ အသက်ကြီးပြီး မိမိထက် ရာထူးငယ်နေတဲ့ ဝန်ထမ်းတွေရဲ့ အတွေ့အကြုံ၊ ကျွမ်းကျင်မှုနဲ့ ဗဟုသုတကို အသိအမှတ်မပြုဘဲ အထင်သေးကြပြီး နှိမ်ချင်တတ်ကြတယ်။တပည့်မွေးပြီး သြဇာကြီးချင်တဲ့အများစုက အဲလိုစိတ်ထားရှိတတ်ကြတယ်။

           (၂) ငွေနဲ့ မက်လုံးပေးထားရင် ဝန်ထမ်းမြဲတယ်ဆိုတဲ့ အတွေးအခေါ်ရှိခြင်း

ဝန်ထမ်းတိုင်း လစာကောင်းတာကို မက်မောကြပါတယ်။ဒါပေမဲ့ ဝန်ထမ်းတွေ တန်ဖိုးထား ဂုဏ်ယူတာက ဝင်ငွေကောင်းတာတစ်ခုတည်း မဟုတ်ပါဘူး။မိမိရဲ့အရည်အချင်း တိုးတက်မှုအတွက် လုပ်ငန်းခွင်အတွင်း လေ့လာသင်ယူနိုင်ခွင့်ရပြီး၊ နားလည်တတ်ကျွမ်းလာတာနဲ့အမျှ  လစာ၊ ခံစားခွင့်၊ ရာထူးတိုးတက်လာမယ့် ရှေ့ရေးကောင်းတဲ့ အခွင့်အလမ်းရှိတဲ့ အလုပ်ကို ပိုမက်မောကြပါတယ်။မိမိရဲ့အရည်အချင်းကို အသိအမှတ်ပြုခံရပြီး၊ ထူးချွန်အောင်မြင်တဲ့ အဖွဲ့အစည်းတစ်ခုက တန်ဖိုးထားတဲ့ မိသားစုဝင်အဖြစ် အသိအမှတ်ပြုခံရတာနဲ့ ထိုက်တန်တဲ့ ငွေကြေးဆုချီးမြှင့်ခံရတာကို ပိုမိုလိုလားကြပါတယ်။

ငွေနဲ့ မြှားပြီး စိတ်ဓာတ်တက်ကြွအောင်လုပ်တာ သက်သက်က ဝန်ထမ်းကောင်းတွေ ကိုယ့်အဖွဲ့အစည်းမှာ ရေရှည်မြဲနေဖို့ အာမခံချက်ပေးနိုင်တဲ့ အရာတစ်ခု မဟုတ်ပါဘူး။သူတို့ရဲ့ အရည်အချင်းနဲ့ ဘဝရှေ့ရေး တိုးတက်မှုအတွက် အလားအလာကောင်းတဲ့ အဖွဲ့အစည်းမှာသာ ဝန်ထမ်းတွေ တည်မြဲပြီး၊ ပျော်ရွှင်တက်ကြွစွာ အလုပ်-လုပ်ကြတာဖြစ်ပါတယ်။

           (၃) ဝန်ထမ်းတွေကို ထိုက်သင့်တဲ့ အသိအမှတ်ပြုမှု မရှိခြင်း

မိမိလုပ်တာကိုင်တာကို အသိအမှတ်ပြုမခံရရင် ကြာလာတဲ့အခါ ဝန်ထမ်းအနေနဲ့ လုပ်ငန်းခွင် မပျော်ပိုက်ဘဲ၊ စိတ်ဓာတ်မတက်ကြွဘဲ ဖြစ်လာမှာပါ။မန်နေဂျာကောင်းတွေက ဝန်ထမ်းတွေ စိတ်ဓာတ်တက်ကြွပြီး အလုပ်ကို စိတ်ပါလက်ပါ ပျော်ရွှင်စွာလုပ်ကိုင်လာအောင် နည်းပေါင်းစုံနဲ့ လှုံ့ဆော်ပေးတတ်ရပါတယ်။အထိရောက်ဆုံးနည်းကတော့ ဝန်ထမ်းတစ်ဦးချင်းစီတိုင်းက ထူးချွန်တဲ့ အလုပ်တစ်ခုကို ဆောင်ရွက်နိုင်ခဲ့တိုင်း ထိထိရောက်ရောက် အသိအမှတ်ပြုပေးခြင်းနဲ့ ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ပေးခြင်းဖြစ်ပါတယ်။ဒီလိုလုပ်ဆောင်တာက အခြားဝန်ထမ်းတွေကိုပါ ပိုမိုကြိုးစား အလုပ်-လုပ်ဆောင်လာအောင် စည်းရုံးလှုံ့ဆော်ရာလည်းရောက်ပါတယ်။တချို့မန်နေဂျာတွေက ကိုယ်သာ အထက်လူကြီးဆီက မျက်နှာကောင်းရပြီး၊ ချီးကျူးဂုဏ်ပြုခံချင်ကြတာ၊ ကိုယ့်အဖွဲ့သားတွေကိုတော့ ချီးကျူးဂုဏ်ပြုပေးဖို့ သတိမရကြတတ်ကြပါဘူး။အထက်ဖားအောက်ဖိ၊ ကိုယ်ကျိုးအမြတ်ထုတ်ဖို့ပဲ စဉ်းစားနေတတ်ကြပါတယ်။

           (၄) စိတ်ဓာတ်တက်ကြွစွာ ဝင်ရောက်လာတဲ့ ဝန်ထမ်းအသစ်ကို လှိုက်လှဲစွာ ကြိုဆိုနေရာချထားပေးမှု မရှိခြင်း

ကုမ္ပဏီအများစုက မိမိအတွက် အလုပ်-လုပ်ပေးမယ့်၊ မိမိကလည်း အလုပ်လျှောက်ထားသူတွေ အများကြီးထဲက စိတ်တိုင်းကျ စိစစ်ရွေးချယ်ထားတဲ့ ဝန်ထမ်းကို ပထမဦးဆုံး အလုပ်စတင်ဝင်ရောက်တဲ့နေ့မှာ လှိုက်လှဲစွာ ခရီးဦးကြိုဆို နေရာချထားပေးဖို့ စိတ်ကူးမရှိကြဘူးဆိုတာကို အံ့အားသင့်စရာ တွေ့ရပါတယ်။အမှန်က အသစ်ဝင်ရောက်လာတဲ့ ဝန်ထမ်းကို သူနေ့စဉ်လုပ်ဆောင်ရမယ့် အလုပ်၊ နေ့စဉ်ထိတွေ့ဆက်ဆံရမယ့် လုပ်ဖော်ကိုင်ဖက်များ၊ အခြားဆက်စပ်ဌာနများ၊ လုပ်ငန်းစဉ်များ စတာတွေနဲ့ ကျကျနန မိတ်ဆက်ပေးတာတို့ သူထိုင်ရမယ့် နေရာ၊ သူကိုင်တွယ်ရမယ့် လုပ်ငန်းသုံးကိရိယာတွေ၊ သူ့အဓိကတာဝန်ဝတ္တရားတွေ၊ ဆောင်ရန် ရှောင်ရန်တွေ စတာတွေကို ပူပူနွေးနွေး ထိတွေ့မိတ်ဆက်ပေးခြင်း (တစ်နည်းအားဖြင့် Onboarding (ခေါ်) မိသားစုဝင်အဖြစ် ကြိုဆိုနေရာချထားခြင်း) ကို လေးလေးနက်နက် လုပ်ပေးသင့်ပါတယ်။

ဒါမှသာ ဝန်ထမ်းသစ်အနေနဲ့လည်း မိသားစုဝင်စိတ်ဓာတ် ဖြစ်ပေါ်ခံစားရမှာဖြစ်ပြီး၊ သူအလုပ် သူ့တာဝန်၊ သူ့ကဏ္ဍ၊ သူ့နေရာကို သူသေသေချာချာ သိနားလည်သွားပြီး အလုပ်စဝင်တဲ့နေ့ထဲက အလုပ်ကိုချစ်တဲ့စိတ်၊ လုပ်ဖော်ကိုင်ဖက်တွေကို ရင်းနှီးတဲ့စိတ် စတဲ့ Sense of Belonging စိတ်ဝင်လာပြီး၊ team spirit အဖွဲ့ဝင်စိတ်/ဘော်ဒါစိတ် ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ဒါတွေက ဝန်ထမ်း အလုပ်မှာ ရေရှည်တည်မြဲပြီး အလုပ်မှာ ပျော်ပိုက်ကာ အသင်းအဖွဲ့စိတ်ဓာတ်နဲ့ စိတ်ရောကိုယ်ပါ အလုပ်-လုပ်ဖို့ ခွန်အားတစ်ခုပေးလိုက်တာပဲဖြစ်ပါတယ်။

တချို့ကုမ္ပဏီကြီးတွေမှာဆိုရင် ဒါကို Onboarding Program လို့ ခေါ်ဆိုပြီး လေးလေးနက်နက် လုပ်ဆောင်တတ်ကြပါတယ်၊၊ဝန်ထမ်းသစ်ကို မိမိကုမ္ပဏီရဲ့ အစဉ်အလာ၊ တန်ဖိုးထားမှု၊ အလေ့အထ စတာတွေကို အချိန်တိုအတွင်း သိမြင်ရင်းနှီးလာစေဖို့ Buddy/Mentor လို့ခေါ်တဲ့ ရာထူးတူ စီနီယာဝန်ထမ်းတွေကို တာဝန်ပေးပြီး တွဲဖက် လုပ်ဆောင်စေကြပါတယ်။

           (၅) ဝန်ထမ်း နုတ်ထွက်မှုနှုန်း (Turnover Rate) များတာကို ဂရုမစိုက်ဘဲ နေခြင်း

၂၀၁၅ ခုနှစ်မှ စတင် အသိအမှတ်ပြုလာသော ဝန်ထမ်းနုတ်ထွက်နှုန်းက တစ်နှစ်ကို ၁၆.၇ ရာခိုင်နှုန်းထက် ပိုမများသင့်ဘူးလို့ ဆိုပါတယ်။တကယ်လို့ သင့်ကုမ္ပဏီအဖွဲ့အစည်းရဲ့ ဝန်ထမ်းနုတ်ထွက်နှုန်းက ထိုထက်များနေပြီဆိုရင်တော့ အချက်ပြ မီးနီလင်းနေပါပြီ။ဘာကြောင့် ဝန်ထမ်းနုတ်ထွက်မှု ဒီလောက်များနေရတာလဲ၊ နှိုက်နှိုက်ချွတ်ချွတ် ထဲထဲဝင်ဝင် စစ်ဆေးသင့်တဲ့ အချိန်ကျပါပြီ၊ လေးလေးနက်နက် အရေးယူဆောင်ရွက်သင့်ပါပြီ။

ဝန်ထမ်းနုတ်ထွက်နှုန်းများတာဟာ အုပ်ချုပ်မှုအတွက် အလွန်ခေါင်းခဲရတဲ့ကိစ္စဖြစ်ပါတယ်။ဝန်ထမ်းအလုပ်ခန့်ထားရာမှာ ကုန်ကျစရိတ်ရှိသလို ဝန်ထမ်းကို လုပ်ငန်းခွင်မှာ ကျွမ်းကျင်စေဖို့အတွက် လေ့ကျင့်သင်ကြားရာမှာလည်း ကုန်ကျစရိတ်တွေရှိပါတယ်၊ အချိန်တွေလည်း ပေးရတာဖြစ်ပါတယ်။ဒါကြောင့် ဝန်ထမ်းနုတ်ထွက်တဲ့ကိစ္စက ပေါ့ပေါ့ဆဆထားသင့်တဲ့ ကိစ္စမဟုတ်ဘဲ ဝန်ထမ်းတွေ ကိုယ့်အဖွဲ့အစည်းမှာ ရေရှည် အလုပ်-လုပ်ဖို့အတွက်နဲ့ ထူးချွန်အောင် လေ့ကျင့်ပေးထားတဲ့ ဝန်ထမ်းအရင်းအမြစ်တွေ ဆုံးရှုံးမသွားအောင် အလေးအနက်ထားပြီး ဆောင်ရွက်သင့်ပါတယ်။

ဝန်ထမ်းနုတ်ထွက်မှုနှုန်းများတာက ကိုယ့်ကုမ္ပဏီရဲ့ ပုံရိပ်ကို ထိခိုက်စေသလို၊ အသစ်ဝင်လာမယ့် ဝန်ထမ်းတွေကို တွန့်ဆုတ် တွေဝေသွားစေပါတယ်။ဒါ့အပြင် မထွက်သေးဘဲ ဆက်လက်အလုပ်-လုပ်နေတဲ့ ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ကိုလည်း ထိခိုက်ပျက်ပြားစေပါတယ်။ဝန်ထမ်းကောင်းတွေ ကိုယ့်ဆီမှာ မြဲဖို့အတွက် လိုအပ်တာတွေကို ဆောင်ရွက်ရမှာက HR ရဲ့ တာဝန်သာမဟုတ်ဘဲ သက်ဆိုင်ရာလိုင်း မန်နေဂျာကလည်း အစဉ်တစိုက် အလေးအနက်ထား ဆောင်ရွက်ရမှာဖြစ်ပါတယ်။

           (၆) ချီးကျူး ဂုဏ်ပြုထိုက်သူကို လူသိရှင်ကြား မမြှောက်စားခြင်း

တချို့မန်နေဂျာတွေက ကိုယ့်အဖွဲ့သားတွေရဲ့ ထူးချွန်မှုကို ထုတ်ဖော်ဂုဏ်ယူရကောင်းမှန်း မသိကြပါဘူး။ကိုယ့်လူ ထူးချွန်တာက ကိုယ့်အတွက်ပါ ဂုဏ်ယူရမယ့် ကိစ္စတစ်ခုလို့ သဘောမထားဘဲ (မနာလိုပဲ ဖြစ်နေလားမသိ) မှေးမှိန်ပျောက်ကွယ်သွားအောင် အသာလေးလျှိုထားလိုက်တတ်ကြတယ်။ထူးချွန်စွာ ထမ်းဆောင်ခဲ့တဲ့ မိမိရဲ့ဝန်ထမ်းကို လူသိရှင်ကြား ဂုဏ်ဖော်ချီးကျူးပြီး မြှောက်စားသင့်ပါတယ်၊ သက်ဆိုင်ရာ ဝန်ထမ်းလည်း သူနဲ့ထိုက်တန်တဲ့ ချီးမွမ်းဂုဏ်ပြုခံရမှုနဲ့ အောင်ပွဲခံရပါစေ။မန်နေဂျာကောင်းတို့ မည်သည်မှာ အောင်မြင်ပေါက်မြောက်အောင် ကြိုးစားအားထုတ်မှုကို လေးလေးနက်နက် အသိအမှတ်ပြုပေးသင့်သလို ဆုံးရှုံးမအောင်မြင်မှုတွေရှိလာရင်လည်း ခွဲဝေ တာဝန်ယူမှု တာဝန်ခံမှုရှိရမှာဖြစ်ပါတယ်။

           (၇) မဖြစ်နိုင် မအောင်မြင်နိုင်တာတွေကို တာဝန်ပေးခိုင်းစေခြင်း

ဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ အတွေးအခေါ်မျိုးနဲ့ ဖြစ်နိုင်ခြေ ရှိ၊ မရှိ မစဉ်းစားပဲ မိမိဖြစ်ချင်တာ တစ်ခုတည်းကို ရှေ့တန်းတင်ပြီး ဇွတ်အတင်း တွန်းထိုး ခိုင်းစေတာဟာ အခိုင်းခံရတဲ့ ဝန်ထမ်း စိတ်ဓာတ်ကျပြီး တုံးသွားအောင် လုပ်တာနဲ့ အတူတူပါပဲ။

လေ့လာတွေ့ရှိချက်တစ်ခုအရ ဝန်ထမ်းတစ်ယောက်ဟာ တစ်ပတ်ကို နာရီ ၅၀ ထက်ပိုပြီး အလုပ်-လုပ်ရင် သူ့ရဲ့လုပ်ကိုင်စွမ်းရည် ကျဆင်းသွားတာကို တွေ့ရတယ်လို့ ဖော်ပြထားတယ်။လူတစ်ယောက် စွမ်းဆောင်နိုင်တာထက် ကျော်လွန်ပြီး ခိုင်းစေတာဟာ၊ ပြီးစီးနိုင်တဲ့ အချိန်ထက်စောပြီးရမယ်လို့ ခိုင်းစေတာဟာ အဲဒီလူ ကျဆုံးအောင် တမင်တကာ အကွက်ဆင်တာနဲ့ အတူတူသာ ဖြစ်ပါလိမ့်မယ်။

မန်နေဂျာဆိုတာ မိမိအဖွဲ့ဝင်များ မခိုမကပ် အစွမ်းကုန် အလုပ်-လုပ်ပြီး ထူးကဲတဲ့ ရလဒ်ကောင်းတွေရရှိအောင် တွန်းအားပေးရမယ့် တာဝန်ရှိပေမယ့် ဖြစ်နိုင်ခြေနည်းတဲ့ အလုပ်တွေကို အတင်းအကျပ် အောင်မြင်မယ်လို့ တာဝန်ပေးတာကတော့ မိမိဝန်ထမ်းတွေ ထွက်ပြေးအောင် တမင်မောင်းထုတ်နေတာနဲ့ပဲ တူပါလိမ့်မယ်။ဒါထက်မက မအောင်မြင်တာကို မအောင်မြင်ရကောင်းလားလို့ ပြစ်တင် ကြိမ်းမောင်းနေမယ်ဆိုရင် ပိုဆိုးတဲ့ ရလဒ်တွေပဲရအောင် တမင်လုပ်နေတာနဲ့ပဲ တူပါလိမ့်မယ်။

           (၈) ဝန်ထမ်းကို မျက်စေ့ဒေါက်ထောက် စောင့်ကြည့် ခိုင်းစေခြင်း၊ လက်လုပ်ခြေလှုပ်ကအစ ဝေဖန်အပြစ်တင်ခြင်း

ဝန်ထမ်းအပေါ် စိတ်ချယုံကြည်မှုမရှိခြင်း ဒါမှမဟုတ် ဆက်ဆံရေးပြဿနာရှိခြင်းကြောင့် ဒီလိုလုပ်ကိုင်ပြုမူခြင်း ဖြစ်တတ်တာကို တွေ့ရပါတယ်။ဒီလို စိတ်ကျဉ်းကြပ်စရာကောင်းအောင် မကောင်းမြင်စိတ် ဒါမှမဟုတ် အပျက်မြင်စိတ်နဲ့ ဆက်ဆံခိုင်းစေခြင်းဟာ အသင်းအဖွဲ့စိတ်နဲ့ အလုပ်-လုပ်ခြင်းကို ပျက်စီးစေတဲ့အပြင် ပွင့်လင်းမြင်သာမှုရှိတဲ့ ဆက်ဆံရေး ဖြစ်မလာအောင်လည်း ဟန့်တားဖျက်ဆီးနေတာနဲ့ အတူတူပါပဲ။

မန်နေဂျာကောင်း တွေကတော့ ဝန်ထမ်းရဲ့ မခံချင်စိတ်ကို နှိုးဆွ လှုံ့ဆော်ပြီး တီထွင်ဆန်းသစ် ဖန်တီးချင်စိတ် တက်ကြွလာအောင် လုပ်တတ်သလို ဝန်ထမ်းအောင်မြင်အောင် လုပ်နိုင်ဖို့ လိုအပ်တာတွေကိုလည်း အပြည့်အဝ ပံ့ပိုးပေးတတ်တယ်။

           (၉) ပွင့်လင်းမြင်သာမှု မရှိတဲ့ ဆုံးဖြတ်ချက်ပေးတတ်ခြင်း (သို့မဟုတ်) ဘာကြောင့် ဒီလိုဆုံးဖြတ် လုပ်ကိုင်ရတယ်ဆိုတာကို ရှင်းမပြဘဲ ငါပြောသလိုလုပ်ဆိုတဲ့ အမိန့်ပေး စေခိုင်းတတ်ခြင်း

ဘာကြောင့် ဒီလိုဆုံးဖြတ်ရတယ်ဆိုတာကို အကျိုးသင့် အကြောင်းသင့် စဉ်းစားတွေးခေါ်ပြပြီး ဝန်ထမ်းလုပ်ချင်ကိုင်ချင်စိတ်ဖြစ်လာအောင် စည်းရုံးတာမျိုးမဟုတ်ဘဲ၊ ဝန်ထမ်း သဘောတူ လိုက်နာချင်စိတ်မရှိတာ၊ ဝန်ထမ်းမှာ တခြားပိုကောင်းတဲ့စိတ်ကူး ရှိနိုင်တယ်ဆိုတာကို ထည့်မစဉ်းစားဘဲ၊ ငါပြောသလိုလုပ် ခံမပြောနဲ့ဆိုတဲ့ ဗျူရိုကရေစီဆန်တဲ့ အမိန့်ပေး အုပ်ချုပ်မှုဟာ ခေတ်မမီတော့ပါဘူး။

မန်နေဂျာကောင်းတွေကတော့ မြေပြင်မှာ အမြဲထိတွေ့ အလုပ်-လုပ်နေရတဲ့ ဝန်ထမ်းတွေရဲ့ စိတ်ကူးအကြံဉာဏ်ကို အသိအမှတ်ပြု၊ လက်ခံစဉ်းစားပြီးမှ ဆုံးဖြတ်ချက် ချမှတ်ပေးတတ်တယ်။ဘာကြောင့် ထိုသို့ဆုံးဖြတ်ရတယ်၊ ဘာကြောင့် ထိုသို့လိုက်နာ လုပ်ဆောင်သင့်တယ်ဆိုတာကိုလည်း အကျိုးအကြောင်းသင့် ဝေဖန်ပိုင်းခြား သုံးသပ်ပြပြီး၊ ဝန်ထမ်းတွေ သဘောတူလိုက်နာ ဆောင်ရွက်လာအောင် စည်းရုံးသွေးဆောင်တတ်ကြတယ်။

          (၁၀) ဝန်ထမ်းရဲ့ အနာဂတ် လုပ်ရည်ကိုင်ရည် အရည်အချင်း တိုးတက်စေလိုမှုကို မသိကျိုးကျွံပြုခြင်း

အထက်ကပြောခဲ့သလိုပဲ ဝန်ထမ်းတွေ လုပ်ငန်းခွင်ဝင်ခြင်းဟာ လခရလိုမှု တစ်ခုတည်းမဟုတ်ဘဲ အနာဂတ်အတွက် သူတို့ရဲ့ လုပ်ရည်ကိုင်ရည် ကိုယ်ပိုင်အရည်အချင်း တိုးတက်လာမှုနဲ့ ရာထူးဌာနန္တရ တိုးတက်မှုကို ပိုမိုလိုလားကြတာဖြစ်ပါတယ်။အဲဒီအတွက် မိမိလုပ်ဖော်ကိုင်ဖက်များ၊ စီနီယာများရဲ့ ပံ့ပိုးသင်ကြား လမ်းညွှန်ပေးမှု၊ လုပ်ငန်းခွင်သင်တန်းတွေ တက်ရောက်ရမှု၊ ပိုမိုအရေးပါတဲ့ တာဝန်တွေကို ထမ်းဆောင်လာရမှု၊ အထက်လူကြီးတွေရဲ့ ဝေဖန်အကြံပေးမှု၊ နည်းလမ်းပြသမှု စတာတွေကို လုပ်ငန်းခွင်ကနေ ရလာဖို့ မျှော်လင့်ကြပါတယ်။ဒါကြောင့် မန်နေဂျာတွေက သူတို့ရဲ့ဆန္ဒကို သိမြင်ပြီး ဖြည့်ဆည်းပေးတတ်ဖို့ လိုအပ်ပါတယ်။

မန်နေဂျာကောင်းတို့ မည်သည်မှာ မိမိဝန်ထမ်းများ လေ့လာဖို့၊ လေ့ကျင့်ဖို့၊ သင်ယူဖို့ အခွင့်အရေးများများရလာအောင်၊ အလုပ်နဲ့ ဝန်ထမ်းတို့ကြားမှာ ချိတ်ဆက်ပေးတဲ့ ပေါင်းကူးတံတားသဖွယ် ဖြစ်သင့်ပါတယ်။

ဖော်ပြခဲ့တဲ့ မန်နေဂျာတွေ မလုပ်သင့်တဲ့ အပြုအမူ (၁၀) ချက်ကို သတိပြုရှောင်ရှားပြီး၊ မိမိဝန်ထမ်း တွေ လုပ်ငန်းခွင်ကနေ လေ့လာ၊ လေ့ကျင့်သင်ယူမှုတွေရရှိပြီး ပိုမိုအရည်အချင်းပြည့်ဝတဲ့ ဝန်ထမ်းကောင်းတွေ ဖြစ်လာအောင် ပျိုးထောင်ပေးခြင်းဖြင့် မိမိကုမ္ပဏီအဖွဲ့အစည်းအတွင်းမှာ ဝန်ထမ်းများ ပျော်ရွှင်တက်ကြွစွာ အလုပ်-လုပ်ကြရင်း ခိုင်မာတိုးတက်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် အောင်မြင်စွာ ရပ်တည်လာအောင် လုပ်ဆောင်နိုင်ကြ၍ ကုမ္ပဏီအဖွဲ့အစည်းက အားကိုးအားထားရတဲ့ မန်နေဂျာကောင်း၊ ခေါင်းဆောင်ကောင်းတွေ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

မေတ္တာဖြင့် .....

သက်ထွန်း (သျှမ်း)