【 ဆောင်းပါး 】 မန်းထောင်မှာ မိုက်ဂုဏ်တောက်ခဲ့တဲ့ ပိုးဟပ်ဖြူ

【 ဆောင်းပါး 】 မန်းထောင်မှာ မိုက်ဂုဏ်တောက်ခဲ့တဲ့ ပိုးဟပ်ဖြူ

ဒုတ် ဆိုတဲ့ အသံနဲ့အတူ ထမင်းထည့်ထားတဲ့ စည်ပိုင်းထဲ သွေးတွေရဲသွားမှ တန်းစီး အခုတ်ခံလိုက်ရမှန်းသိကာ အနီးရှိ ထောင်ကျအကျဉ်းသားတွေ လွတ်ရာကျွတ်ရာ ပြေးတော့တယ်။
 
နေ့ခင်းစာအတွက် အကျဉ်းသားတွေကို ထမင်းဝေနေတဲ့အချိန်။အကျဆောင် တန်းစီးက ထမင်းကို ခေါင်းငုံ့ထိုးနေတဲ့အချိန်မှာ ပေါက်တူးအနှောင့်နဲ့ ခွပ်ခနဲ။
 
တန်းစီးက နောက်ပြန်လှည့် ထထွက်ပြေးချိန် ပေါက်တူးအသွားနဲ့ နောက်တစ်ချက် ထပ်အခုတ်။တစ်ယောက်နဲ့ တိုက်မိပြီး ဟန်ချက်ပျက်သွားတာကြောင့် ခေါင်းကို ပေါက်တူးအနောက်နဲ့သာ ထပ်ထိ။အားပါလှတဲ့ နောက်တစ်ချက် ခွက်ခနဲ။
 
“ဒုတိယတစ်ချက်က အသွားနဲ့ ခုတ်တာ။ဟန်ချက်သာမပျက်ရင် အသွားနဲ့ တည့်တည့်ထိပြီး ကျိန်းသေပေါက် သေမှာ၊ မောင်ငယ်က အသေလုပ်တာ” လို့ မျက်မြင်အကျဉ်းသားတစ်ဦးက ပြောပြတယ်။
 
မောင်ငယ်ဆိုတာက ရွှေဘို၊ ဝက်လက်ဘက်က။ ၁၉၉၀ ပြည့်နှစ်လွန်ကာလ၊ မန္တလေးနန်းတွင်းထောင်ထဲ ရောက်လာချိန်မှာတောင် အသက် ၁၈ နှစ် မပြည့်သေးတဲ့အရွယ်။သူက သူ့အမေကိုနှိပ်စက်တဲ့ ပထွေးသတ်တဲ့အမှုနဲ့ ထောင် ၈ နှစ်ကျလာတဲ့သူ။ ၁၆ နှစ်လောက်အရွယ်မှာ ပထွေးကို ရွာလယ်လမ်းမပေါ် ဓားနဲ့ပိုင်းခဲ့သူဆိုတော့ ဇ က အပြင်းစား။ဒါပေမဲ့ လူပုံကြည့်လိုက်တော့ ပိန်ပိန်ပါးပါး ဖြူဖတ်ဖြူရော်။
 
သူတို့အဆောင် ထမင်းဝေတဲ့နေရာက ထောင်စိုက်ခင်းနဲ့ ကပ်လျက် နေရာ။မောင်ငယ်က စိုက်ခင်းထဲက ပေါက်တူးကို ဘယ်အချိန်ကတည်းက ချောင်းနေသလဲမသိ။တန်းစီး ထမင်းပုံစံ ငုံ့ထိုးနေချိန်မှာ လက်နောက်ပစ်ပြီး ပေါက်တူးယူလာကာ ပွဲချင်းပြီး ဆော်ထည့်လိုက်တာ တန်းစီ ဆိုသူ မသေရုံတမယ် မန္တလေးဆေးရုံကြီးရဲ့ အရေးပေါ်ဌာနကို တန်းပို့လိုက်ရတယ်။
 
ဒါတောင် မောင်ငယ်တစ်ယောက် ရွှေဘိုထောင်ကနေ မန္တလေးထောင် ရောက်လာတာ တစ်လကျော်သာရှိသေး။မန္တလေးထောင်မှာ မောင်ငယ်ကို အကာအကွယ်ပေးထားတဲ့လူမိုက်အုပ်စုမရှိ။သူတို့ ရွှေဘိုထောင်ကနေ ပြောင်းလာတဲ့သူတွေနဲ့ အတူနေ အတူစားပေမယ့် သူ့မိတ်ဆွေတွေက လူမိုက်တွေ
ဘာတွေမဟုတ်၊ ရွှေဘိုထောင်ထဲ အတူနေရင်း ခင်မင်ခဲ့ကြတဲ့သူတွေတဲ့။ပြောရရင် လူမိုက်တွေစုံလင်လှတဲ့ မန္တလေးထောင်ထဲ မောင်ငယ်တစ်ယောက် တစ်ကိုယ်တော် မိုက်ဂုဏ်ပြလိုက်တဲ့အဖြစ်။
 
တချို့က မောင်ငယ်တစ်ယောက် ရဲဘက်မလိုက်ချင်တာကြောင့် သူ့စိတ်ထဲ မကြည်နေတဲ့ တန်းစီးကို ခုတ်ပစ်ကာ နောက်အမှုဖြစ်အောင် ဖန်တီးလိုက်တာလို့ ဆိုတယ်။သူ့စားအိုးတွဲ ပြောပြတာကတော့ အဲဒီတန်းစီးရဲ့ မိုက်ရိုင်းမှုတွေကြောင့် မောင်ငယ်က အသေသတ်ပစ်တာတဲ့။
 
ဖြစ်ပုံက ဒီလို။မောင်ငယ် မန္တလေးထောင်ထဲ စရောက်တော့ ထုံးစံအတိုင်း ထောင်ကျပုံစံအခန်းမှာ နေရတယ်။ရောက်ရောက်ချင်း လိုင်းဝင်ထားတာကြောင့် ပုံစံခန်းတန်းစီး ဘောကြီးက မတို့မထိ။ပြီးတော့ ဘောကြီးတို့ရဲ့ ဆရာ အထက်ဗမာပြည်ဖိုက်တာကြီး ကိုဇော်မင်းကလည်း မောင်ငယ့်ကို ‌ခေါ်‌ခေါ်ပြောပြော ဆက်ဆံနေတာကြောင့် မောင်ငယ်ရဲ့ မန္တလေးထောင်နိဒါန်းဟာ သာသာယာယာ။
 
မသာယာတော့တာကတော့ ပုံစံခန်းမှာ ၂ ပတ်ကျော်နေပြီးနောက် ထောင်ကျခန်း နောက်တစ်ခန်းပြောင်းတဲ့အချိန်ကစလို့ပါပဲ။မောင်ငယ် ပြောင်းရတဲ့ အခန်းရဲ့ တန်းစီးက အလကားနေရင်း လူတကာကို ရိုက်နှက်ချင်နေသူ။သူက ဘာမိုက်ဇမှမရှိဘဲ နှစ်ကြီးသမားဖြစ်တာရော သူ့ရဲ့ နောက်ခံအဖွဲ့အစည်းက အပ်နှံပေးခဲ့တာရောကြောင့် တန်းစီးဖြစ်လာတဲ့ကောင်။
 
သူက အုပ်စုရှိတယ်။မိုက်ဇ ရှိတယ်။ငွေရှိတယ်ဆိုရင် လုံးဝမတို့မထိရုံတင်မကဘူး။တလေးတစား ဆက်ဆံတတ်ပေမယ့် သာမန်အကျဉ်းသားတွေဆိုရင်တော့ ကြိမ်လုံးတရမ်းရမ်းနဲ့ ရိုက်ချင်တိုင်း ရိုက်။အဲဒီအခန်းထဲ မောင်ငယ် ရောက်ရောက်ချင်းနေ့ ပုံစံထိုင်နေတဲ့အချိန် အခုမှရောက်လာတဲ့ မောင်ငယ်တို့ ၁၀ ယောက်လောက်ကို ကြိမ်လုံးနဲ့ အကြောင်းမဲ့ဆော်ကာ ငေါက်ငမ်းဆဲဆိုတော့တယ်။
 
အဲဒါကတော့ အပူစာစားရမှာ မကြောက်တဲ့ တန်းစီးတို့ရဲ့ထုံးစံအတိုင်း အခန်းထဲ လူသစ်ဝင်လာရင် ရေကျမလား (ပိုက်ဆံပေးမလား) လို့ ရိုက်နှက် ခြိမ်းခြောက်နေကျ။မောင်ငယ့်မှာ ပေးစရာ ပိုက်ဆံရှိပေမယ့် အဲဒီတန်းစီးရဲ့ပုံစံကို မကြိုက်လို့ကို တစ်ပြားမှ မပေး။နောက်တစ်ရက် ညဘက် တန်းပိတ်ပြီးချိန် မောင်ငယ့်ကို အပေါ်စီးလေသံနဲ့ တန်းစီးကခေါ်ကာ လာနှိပ်ခိုင်းတော့လည်း မောင်ငယ်က မနှိပ်တတ်ဘူးလို့ဆိုလိုက်တာ ကြောင့် မျက်ခနဲ။
 
နောက်တစ်ရက်၊ မောင်ငယ် ဘုရားရှိခိုးနေစဉ် အကြောင်းပြချက်မဲ့ ရင်ဘတ်ကို ဆောင့်ကန်သွား တယ်။ပြီးတော့ ပုံစံထိုင်တဲ့အချိန်မှာ ညီအောင်မထိုင်ဘူးလို့ဆိုကာ ကြိမ်လုံးနဲ့ ၂ ချက် ရိုက်သွားပြန်တယ်။လူမိုက်တို့ရဲ့ အကျင့်အကြံအတိုင်း မောင်ငယ် ဒေါသမထွက်၊ မျက်နှာမပျက်။ကြောက်လို့ ငြိမ်ခံလိုက်တဲ့ပုံမျိုး။နောက်တစ်ရက်ရောက်တော့ တန်းစီးထံသွား ဆရာသောက်ဖို့လို့ဆိုကာ ဆေးပေါ့လိပ်တစ်စည်း သွားပေးလိုက်တယ်။တန်းစီးလိုချင်နေတာက အဲဒါ။ဦးချိုးချင်လို့ လာနှိပ်ခိုင်းတာကို မနှိပ်ရင်တောင် ဘာလေးညာလေးနဲ့ လာဂါတာမျိုး။တန်းစီးက မောင်ငယ် လူသတ်မှုနဲ့ ထောင်ကျလာမှန်းသိပေမယ့် မခံနိုင်လို့ သွေးပူတုန်း ကြောက်အားလန့်အားနဲ့ လူသတ်မိတာလို့ ထင်နေတော့ အိုကေပေါ့။
 
ပေါ့ပေါ့လျော့လျော့နေကာ ဟုတ်လှပြီ ထင်နေတဲ့ တန်းစီးကို ပေါက်တူးရအောင်ယူကာ မောင်ငယ် ခုတ်ချလိုက်တယ်။အသေခုတ်ပေမယ့် မသေတာ မသေချင်သေးတဲ့ တန်းစီးရဲ့ ကံ။ထောင်ထုံးစံအတိုင်း မောင်ငယ့်ကို ရိုက်နှက်၊ ဒေါက်ခတ်ကာ တိုက်ထဲ လေး၊ ငါးရက် ကော်ကျွေးလိုက်တယ်။
ကော်ကျွေးလို့အပြီး နည်းနည်းအေးသွားတဲ့အခါကျတော့ ကိုဇော်မင်းက သူ့ရဲ့လမ်းကြောင်းတွေကနေတစ်ဆင့် မောင်ငယ်ကို တိုက်ထဲမှာ သက်သောင့်သက်သာထားဖို့ တိုက်တန်းစီးထံလှမ်းပြောလိုက်တယ်။ပြီးတော့ မောင်ငယ်အတွက် စားစရာ တိုက်တန်းစီးကနေတစ်ဆင့် ပေးပို့။တစ်လကျော်အကြာ မောင်ငယ် တိုက် ထဲက ပြန်ထွက်လာတော့ တိုက်ထဲမှာ တစ်ပတ်လောက်ပဲ ငတ်တာကြောင့် နဂိုဟန်မပျက် ပြန်ထွက်လာနိုင်တယ်။
 
ထောင်ထုံးစံအတိုင်း တိုက်ကနောပြန်ထွက်လာတဲ့ မောင်ငယ်ကို ထောင်တွင်းအလုပ် ဘာဆိုဘာမ မခိုင်းတော့ဘဲ အရေးတယူဆက်ဆံကြတယ်။ကိုဇော်မင်းက မောင်ငယ်ကို သူ့အနားမှာခေါ်ထားပြီး သူ့တပည့်အဖြစ် သူ့ဝေယျာဝစ္စ လုပ်ခိုင်းတာမို့မောင်ငယ်ကို ဘယ်သူလာထိရဲတော့မလဲ။
မောင်ငယ်က ဖိုက်တာကြီး ကိုဇော်မင်းကို နဂိုကတည်းကကြွေနေသူမို့ အိုကေပေါ့။သူ့ဆရာအတွက် စေတနာအပြည့်နဲ့ ဘာမဆို လုပ်ပေးရ၊ လုပ်ပေးရ။ကိုဇော်မင်းက သူ့တပည့် မောင်ငယ်ကို ပိုးဟပ်ဖြူလို့ ခေါ်ရာကနေ မောင်ငယ်ဆိုတဲ့ နာမည်ပျောက်ကာ ပိုးဟပ်ဖြူ ဖြစ်လာတယ်။
 
ကိုဇော်မင်း မွေးထုတ်လိုက်တဲ့ ပိုးဟပ်ဖြူ ထောင်ကနေပြန်ထွက်ပြီးနောက် အင်မတန်သွေးအေးတဲ့ လူမိုက်အဖြစ် အထက်ဗမာပြည်မှာ ကျော်ကြားလာခဲ့တယ်။
 
ကိုဆက်