【 ဆောင်းပါး 】 မိမိရဲ့ ပြိုင်ဘက်များအား နားလည်ခြင်း

【 ဆောင်းပါး 】 မိမိရဲ့ ပြိုင်ဘက်များအား နားလည်ခြင်း

နွေးထွေးတဲ့ နေရောင်ခြည်က အီတလီကုမ္ပဏီငယ် စိန့်လူးဝစ်ရဲ့ စလာမီတို့၊ ပရိုစကရူတိုတို့လို ရေရှည်ခံအောင် အီတာလျံနည်းနဲ့ ပြုပြင်စီမံထားတဲ့ အသားရောင်းချတဲ့ ဗိုပီစားသောက်ဖွယ်ဆိုင်ရဲ့ ပြတင်းပေါက်ကနေ ဖြတ်သန်းကျရောက်နေပါတယ်။

ထိုအချိန်မှာ သူမရဲ့အဖေဆီက မိသားစုလုပ်ငန်းကို အမွေဆက်ခံမယ့် လိုယန်ဇာပါဆီတီက စားသောက်ကုန်ပြပွဲတစ်ခုကို ရောက်နေပါတယ်။

အဲဒီအချိန်ဟာ ရုံးမှာကျန်ခဲ့တဲ့ ဝန်ထမ်းတွေအတွက် လစ်ဟာခဲ့တဲ့ ရုံးအုပ်ချုပ်မှုလုပ်ငန်းလေးတွေကိုလုပ်ဖို့ အချိန်ကောင်းဖြစ်ပါတယ်။အဲလိုအချိန်မှာ ရုံးက ဖက်စ်ပို့တဲ့ စက်ကနေ ဗိုပီရဲ့ အကြီးဆုံးဖောက်သည် လက်လီကုန်သည်ကြီး ကော့စ်ကိုကနေ ပို့လိုက်တဲ့ လိုတိုရှင်းရေးထားတဲ့ စာတစ်စောင် ထွက်လာပါတယ်။

ရုံးကနေ တုန်တုန်ရီရီနဲ့ ဖုန်းဆက်လာတဲ့အချိန်မှာ ပါဆီတီက ဖောက်သည်တစ်ယောက်နဲ့ ဖုန်းပြောနေတဲ့အခိုက်ဖြစ်တယ်။ကော့စ်ကိုဆီကို သတိပေးစာ ဖက်စ်ပို့လိုက်တာက ယူအက်စ်တရားရေးရုံးက အရှိန်သြဇာကြီးတဲ့ ကွန်ဆိုဇီယို ဒယ်ပရိုစီယိုတိုဒီပါမာဆိုတဲ့ အီတလီစားသောက်ကုန် နိုင်ငံတကာအမှတ်တံဆိပ်ဆိုင်ရာ စီရင်ပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းဆီကဖြစ်တယ်။

“စာထဲမှာ ရေးထားတာက ကျွန်မတို့ရဲ့ ပရိုစကရူတိုကုန်ပစ္စည်းက တရားမဝင်ဘူးလို့ သတိပေးထားပြီး ယူအက်စ်အမှတ်တံဆိပ်ဥပဒေကို ချိုးဖောက်မှုနဲ့ ဗိုပီကို တရားစွဲမှာဖြစ်တယ်လို့ အကြောင်းကြားထားတာဖြစ်ပါတယ်” လို့ ပါဆီတီက ကျွန်တော်တို့ သုတေသနအတွက် ဖြေကြားတဲ့ အင်တာဗျူးမှာ ရှင်းပြခဲ့တယ်။

“အခြေအနေက ကပ်ဆိုက်တာထက် မလျော့တဲ့ အနေအထားဖြစ်သွားတာပါ။အဲဒါက ကျွန်မတို့ ရာစုနှစ်တစ်စုမက ထူထောင်ခဲ့ရတဲ့ ဗိုပီရဲ့ နာမည်ကောင်း ဂုဏ်သိက္ခာကို တိုက်ရိုက်တိုက်ခိုက်လိုက်တာပါပဲ” အဲဒီအဖြစ်က ပထမအကြိမ် စက်သေနတ်နဲ့ မွှေ့သလို အလစ်အငိုက် တိုက်ခိုက်ပုတ်ခတ်မှုဖြစ်ပါတယ်။

ကွန်ဆိုဇီယိုက ဗိုပီကို စွဲချက်တင်တာက “အီတလီ” ၊ “ရိုးရာနှင့်အညီ” ၊ “ပရိုစကရူတို” ဆိုတဲ့ စာသားတွေကို တံဆိပ်အပေါ်မှာ သုံးစွဲထားမှုက ဥပဒေကို ချိုးဖောက်တာဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကုမ္ပဏီက အီတလီနည်းစနစ်နဲ့ ရိုးရာနဲ့အညီ အသားကိုပြုပြင်ထားတာမဟုတ်လို့ လို့ ဆိုပါတယ်။အဲဒီစွဲချက်က ယူအက်စ် စိုက်ပျိုးရေးဌာန (USDA- U.S. Department of Agriculture) ကို စုံစမ်းစစ်ဆေးရေး လုပ်ဆောင်ဖို့ လှုံ့ဆော်လိုက်သလို ဖြစ်သွားပါတယ်။ကွန်ဆိုဇီယိုက ဗိုပီရဲ့ ထုတ်ကုန်အပေါ်မှာ အရေးယူတရားစွဲထားတာဖြစ်လို့ ကော့စ်ကိုလိုဖောက်သည်တွေက သူတို့ရဲ့အရောင်းစင်ပေါ်မှာ ဗိုပီရဲ့ပစ္စည်းတွေကို မတင်ရဲတော့ဘဲ ဖြစ်တော့မယ့် အနေအထားပါ။

ပါဆီတီက (USDA) ကို ချက်ခြင်းပဲ ဖုန်းခေါ်လိုက်ပြီး သူ့ (ရပ်တည်မှု) အနေအထားက ဘယ်လိုရှိနေသလဲဆိုတာ စုံစမ်းလိုက်တယ်။အုပ်ချုပ်သူတွေက အခြေအနေပိုဆိုးအောင် လုပ်လိုက်တာဖြစ်ပါတယ်။သူတို့ပဲ ဗိုပီရဲ့ ကုန်ပစ္စည်းတံဆိပ် လေဘယ်ကို ခွင့်ပြုခဲ့ပြီး အခုမှ ဒါကိုမှားတယ်ဆိုပြီး တရားစွဲပြန်ပြီ။သူတို့က တံဆိပ်ပေါ်က အီတလီဆိုတဲ့ စာသားကို ဖြုတ်ခိုင်းတယ်။ဗိုပီရဲ့ တံဆိပ်တွေအကုန်လုံးက အီတလီပစ္စည်းဆိုတာကို အမှတ်အသားယူထားတာဖြစ်ပါတယ်။အခု ဒီစကားလုံး မသုံးရတော့ဘူးတဲ့လား။ပါဆီတီ ဘာလုပ်ရမှန်း မသိတော့ဘူး။သူက တရားခွင်မှာ ရင်ဆိုင်လို့ရတယ်။ဒါပေမဲ့ သူတို့ကုမ္ပဏီမှာ ရေရှည် တရားခွင်မှာ တိုက်ပွဲဝင်ရင်ဆိုင်စေချင်တဲ့သူ သိပ်မရှိဘူး။ကုမ္ပဏီကို နှစ်ပေါင်းလေးဆယ့်ငါးနှစ် ဦးစီးလုပ်ကိုင်ခဲ့တဲ့ သူ့အဖေကလည်း ထွက်ပေါက်ရှာမတွေ့တော့ဘူးတဲ့။ပါဆီတီက သူ့အဖေက ရှေ့နေတွေကိုယုံပြီး၊ သူတို့ပြောသမျှ လိုက်နာတဲ့ မျိုးဆက်ကနေ ဆင်းသက်လာတာဖြစ်တယ်လို့ ဆက်စပ်တွေးကြည့်မိလိုက်တယ်။အဲဒီမျိုးဆက်က ရှေ့နေတွေ လုပ်ခိုင်းတာနဲ့ ဆန့်ကျင်ပြီး ဘာမှလုပ်မှာမဟုတ်ဘူး။အဲဒီအချိန်က မိသားစုစီးပွားရေးမှာ ဝင်လုပ်နေပြီဖြစ်တဲ့ သူမရဲ့ ခဲအိုဖြစ်သူကလည်း ငါတို့လက်လျှော့မှဖြစ်မယ်ထင်တယ်လို့ တွေးတွေးဆဆ ပြောတယ်။

ချက်ခြင်းမတုံ့ပြန်သေးဘဲ ပါဆီတီ အချိန်ယူပြီး အခြေအနေကို သုံးသပ်နေလိုက်တယ်။သူမက ကွန်ဆိုဇီယိုက ဘယ်ရှုထောင့်ကနေကြည့်ပြီး သူတို့ကို ပြဿနာရှာတာလဲဆိုတာ မြင်အောင် စဉ်းစားကြည့်လိုက်တယ်။ဘာလို့ သူတို့ ဗိုပီကို လိုက်နှိပ်ကွပ်နေတာလဲ။စိစစ်သုတေသန လုပ်ကြည့်လိုက်တော့ အမေရိကားက ဒေသခံ အီတလီတွေရဲ့ ဈေးကွက်ဝေစုကို သူတို့ဆီခွဲပေးလိုက်ရမှာစိုးလို့ဖြစ်မယ် ထင်တယ်လို့ သူမစဉ်းစားကြည့်မိလိုက်တယ်။အဲလိုလည်း မဟုတ်သေးပါဘူး၊ ကွန်ဆိုဇီယို ကြည့်ရတာ မိရိုးဖလာ အီတာလျံအသားပြုပြင်စီရင်တဲ့နည်းကို အမွေအနှစ်တစ်ခုလို ကာကွယ်ချင်စိတ် ကြီးစိုးနေပုံရတယ်။အီတလီဆိုတာ အီတလီပဲဆိုတဲ့ ဇာတိမာန်တက်ကြွတာက ဒီတိုက်ပွဲခေါ်သံရဲ့ အသက်ပဲဖြစ်မယ်။

အဲဒီ စဉ်းစားမှုပေါ် အခြေခံပြီး ပါဆီတီက ဗျူဟာတစ်ခု ရုပ်လုံးသွင်းလိုက်တယ်။အမေရိကန်ရှေ့နေကို မေ့ထားလိုက်၊ (USDA) ကို ဘေးချိတ်လိုက်၊ ပါဆီတီက တိုက်ပွဲကို သူမရဲ့ဇာတိမြေဆီ ဆွဲခေါ်သွားလိုက်မယ်လို့ စိတ်ကူးလိုက်တယ်။အီတာလျံ-အမေရိကန် ပထမမျိုးဆက်ဖြစ်တဲ့အတွက် သူမက အီတာလျံလို ကောင်းကောင်းပြောနိုင်ပြီး အလုပ်ကိစ္စနဲ့ရော အပျော်ခရီးအတွက်ရော ဒီတိုင်းပြည်ကြီးကို အကြိမ်တစ်ရာလောက် ရောက်ဖူးပြီးသားဖြစ်တယ်။

“လိုအပ်တဲ့ လုပ်ငန်းသုံးကရိယာတွေကို အီတလီကနေ အများကြီးဝယ်နေကျပဲ” လို့ သူမပြောပြတယ်။

“စက်ရုံအားလုံးလိုလိုက အီတာလီမြောက်ပိုင်း ပါးမားမြို့တော်တစ်ဝိုက်မှာရှိကြတယ်။ကျွန်မက သက်တမ်းအရှည်ဆုံးနဲ့ အစဉ်အလာအရှိဆုံး လုပ်ငန်းသုံးကရိယာစက်ရုံတစ်ရုံကို ကျွန်မတို့နဲ့ အဖွဲ့အစည်းကြားမှာ တွေ့ဆုံစည်းဝေးကြတဲ့အခါ ဦးဆောင်ပေးဖို့ အကူအညီတောင်းလိုက်တယ်။ကျွန်မရဲ့အကြံကတော့ သူတို့နဲ့တွေ့တဲ့အခါ ကျွန်မတို့က ဘယ်သူတွေလဲ၊ သူတို့ရဲ့ ရိုးရာအစဉ်အလာကို ဘယ်လိုရှင်သန်အောင် ထိန်းသိမ်းပေးထားတယ်ဆိုတာ ရှင်းပြမယ်။ဒါဆို သူတို့က အမေရိကန်ရှေ့နေတွေနဲ့ ပြောပေးဖို့ သဘောတူလိမ့်မယ်။ကျွန်မဆိုလိုတဲ့ ပြောပေးဆိုတာက ရှေ့နေတွေကို နောက်ပြန်ဆုတ်လိုက်တော့လို့ ပြောပေးရမယ့် သဘောပါပဲ။”

ရေဆူမှတ်ရောက်မတတ် ပူလောင်တဲ့ သြဂုတ်လရဲ့ နေ့ရက်တစ်ရက်မှာ ပါဆီတီဟာ ပါမားမြို့က သူ့မိတ်ဆွေတစ်ယောက်ရဲ့ လုပ်ငန်းသုံးကိရိယာထုတ်စက်ရုံ ရုံးချုပ်က အစည်းအဝေးခန်းထဲကို ရောက်ရှိလာတယ်။နှစ်သုံးရာ သက်တမ်းရှိပြီဖြစ်တဲ့ စားပွဲကြီးရဲ့ အခြားတစ်ဖက်စွန်းမှာတော့ သူ့ထက် အသက်နှစ်ဆကြီးတဲ့ အီတာလျံစီးပွားရေးလုပ်ငန်း ပိုင်ရှင်ကြီးနှစ်ယောက် သူမနဲ့ မျက်နှာချင်းဆိုင် ထိုင်နေတယ်။သူမက  သူမရဲ့ ဗိုပီမိသားစုလုပ်ငန်းက အီတာလျံအသားပြုပြင်နည်းကို မျိုးရိုးစဉ်ဆက် အသက်တမျှ ဘယ်လိုတန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက် လုပ်ကိုင်တယ်ဆိုတဲ့အကြောင်း ပြောပြခဲ့တယ်။နောက်ပြီး သူမအနေနဲ့ ကွန်ဆိုဇီယိုရဲ့ ခေါင်းဆောင်လူကြီးတွေကို အီတာလျံအမွေအနှစ်ကို တန်ဖိုးထားထိန်းသိမ်းတဲ့ မိမိတို့ရဲ့ ကုမ္ပဏီအပေါ်ကို သနားငဲ့ညှာပါရန် တောင်းပန်ထားတယ်ဆိုတဲ့အကြောင်းကို ပြောပြခဲ့တယ်။

ဇာတ်ဆန်ဆန် တဖွဲ့တနွဲ့ပေမယ့် အလုပ်ဖြစ်တယ်လို့ ပါဆီတီက ကျွန်တော်တို့ကို အပြုံးလေးနဲ့ ပြန်ပြောပြတယ်။အဖိုးကြီးနှစ်ယောက်ကို  သိမ်းသွင်းနိုင်ခဲ့တယ်။ကွန်ဆိုဇီယိုလည်း နောက်ဆုတ်သွားခဲ့တယ်။ပါဆီတီရဲ့ ဇာတ်လမ်းလေးက ကျွန်တော်တို့ ဇွဲလုံ့လကို ပညာရှင်ဆန်ဆန် ဘယ်လိုထုတ်သုံးလို့ရလဲဆိုတာကို မီးမောင်းထိုးပြနေပါတယ်။ဆန့်ကျင်သူတွေကို အောင်နိုင်ဖို့ သူမရဲ့ပထမခြေလှမ်းက ဘာလို့ အီတလီကပုဂ္ဂိုလ်ကြီးက သူမရဲ့လုပ်ငန်းကို ခြိမ်းခြောက်လာတာလဲဆိုတာ သိအောင်လုပ်ခြင်းပါ။သူတို့က ဘယ်ရှုထောင့်အမြင်ကြောင့် လုပ်တာလဲဆိုတာ သူတို့နေရာကနေ ဝင်ကြည့်လိုက်တော့ သူတို့က အီတာလျံအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ချင်လို့ပဲဆိုတာကို သူမရိပ်မိလိုက်တယ်။ဒါက အရေးပါတဲ့ သဘောထား ခံယူချက်ဖြစ်တယ်။စိတ်ပညာရှင်တွေက သူမရဲ့ ဒီလိုချဉ်းကပ်မှုကို “စာနာ နားလည် အသိအမှတ်ပြုခြင်း Cognitive Empathy” လို့ ခေါ်တယ်။ကျွန်တော်တို့က ဒါကို သူတစ်ပါးရဲ့ ရှုထောင့်အမြင် (တစ်နည်း) သူတစ်ပါးရဲ့  စိတ်သဘောထားကို သိနိုင်စွမ်းရှိခြင်းလို့ အဓိပ္ပာယ်ဖွင့်လို့ရပါတယ်။

စတန်းဖို့ဒ် စီးပွားရေးပညာသင်ကျောင်း က ပရော်ဖက်ဆာ ဂျက်ဖရီဖက်ဖာက သူ့ရဲ့ “ပါဝါ” ဆိုတဲ့ စာအုပ်ထဲမှာ “သင့်ကိုယ်သင် သူများရဲ့နေရာမှာ ဝင်ကြည့်ခြင်းဟာ သင့်လုပ်ငန်းအစီအစဉ် အချိန်ဇယားကို အဆင့်မြှင့်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်တယ်” လို့ ရေးခဲ့တယ်။

ဒါပေမဲ့လည်း ကျွန်တော်တို့ရဲ့ မိမိအရေးကိစ္စနဲ့ ရည်ရွယ်ချက်ကို ရှေ့တန်းတင်တတ်တဲ့ စိတ်ကြောင့် အဲလို သူများနေရာကဝင်ကြည့် ဝင်ခံစားဖို့ကို အဟန့်အတားဖြစ်နေမှာပဲ ဖြစ်ပါတယ်လို့လည်း သူကမှတ်ချက်ပေးထားပါတယ်။ကျွန်တော်တို့က ကိုယ့်ပြိုင်ဘက်တွေဟာ “နားဝေး” တယ်၊ တစ်ခုခုဆို သဘောပေါက်မလွယ်ဘူးလို့ပဲ ထင်တတ်ကြတယ်၊ ဒါကြောင့် ကျွန်တော်တို့က သူတို့သဘောပေါက်လာအောင် ပိုများတဲ့ အချက်အလက်တွေ၊ တိုက်တွန်းချက်တွေနဲ့ သူတို့ကို အဆက်မပြတ်ထိုးနှက်လေ့ရှိတတ်ကြ တယ်။အဲလိုလုပ်တာက ကြိုးစားအလုပ်လုပ်ခြင်း (Work Hard) သာ ဖြစ်ပြီး ဉာဏ်ပါပါလုပ်ဆောင်ခြင်း (Work Smart) မဟုတ်ပါဘူး။

သင့်လုပ်ဖော်ကိုင်ဖက်တွေက သင့်ကို ဘာလို့ဆန့်ကျင်ချင်ကြတာလဲ။သူတို့ရဲ့အချိန်ဇယားနဲ့ သူတို့ဦးစားပေးချင်တာက ကိုယ့်သတ်မှတ်ချက်နဲ့ ဝိရောဓိဖြစ်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။သင့်လုပ်ဖော်ကိုင်ဖက်က သူ့မားကက်တင်း ပရောဂျက်အတွက် အရင်းအမြစ်လိုချင်နေမယ် ဆိုပါတော့၊ ဒါပေမဲ့ သင့်ပရောဂျက်က သူတို့လိုချင်တာ ရဖို့အတွက် ပိုခက်ခဲအောင် လုပ်နေသလို ဖြစ်နေနိုင်ပါတယ်၊ အဲဒီတော့ သူတို့က သင့်ကိုဆန့်ကျင်တော့မှာပေါ့။အဖွဲ့အစည်းထဲမှာရှိတဲ့သူတွေက သူတို့နဲ့ အကြောင်းအပေါင်းသင့်တဲ့သူကို မျက်နှာသာပေးတတ်တဲ့ အကျင့်ရှိတတ်ပါတယ်။ (သင်က သူတို့မျက်နှာသာပေးချင်တဲ့သူမဟုတ်ဘဲ ဖြစ်နိုင်ပါတယ်)။

နောက်တစ်မျိုး ဖြစ်နိုင်တာက လုပ်ဖော်ကိုင်ဖက်က သင့်အလုပ်ဌာနက သူ့ရဲ့ရန်သူပြိုင်ဘက်ဖြစ်တယ်လို့ စိတ်စွဲနေတဲ့အတွက် သင့်အပေါ်မှာ ပုဂ္ဂိုလ်ရေးအရ ဘာမှပြဿနာမရှိလင့်ကစား သင့်ကြိုးစားမှု ကျဆင်းသွားမယ့် နည်းလမ်းရှာပြီး လုပ်နေမိတာဖြစ်နိုင်ပါတယ်။

တချို့အခြေအနေတွေမှာ လူတွေက အပြောင်းအလဲလုပ်ရမှာ ကြောက်တတ်ကြတယ်၊ အဲဒီတော့ သင် သူတို့ကိုလုပ်စေချင်တဲ့ကိစ္စက တာဝန်ကြီးတယ်လို့ သူတို့က ထင်နေတာလည်း ဖြစ်နိုင်ပါတယ်။အဲဒီဥပမာက ဒေါရဲ့ ခေါင်းဆောင်တွေက အီရန်တယ်လ်ဖို့ဒ်ရဲ့ စိတ်ကူးတင်ပြချက်အပေါ် တုံ့ပြန်တာ ဘာကြောင့်လဲဆိုတာကို သိစေနိုင်တဲ့ ဥပမာဖြစ်ပါတယ်။

နောက်ထပ်စဉ်းစားကြည့်လို့ရတာက လူ့သဘာဝအတိုင်း  သင့်ကိုပံ့ပိုးပေးဖို့ သူတို့ရဲ့အချိန်တွေ၊ ဘတ်ဂျက်တွေ မလောက်တာ ဖြစ်နိုင်ပါတယ်။သူတို့ရဲ့ဘက်ဂျက် အဖြတ်ခံထားရတဲ့အတွက်ကြောင့် သင့်ပရောဂျက်က သူတို့ရဲ့ ဦးစားပေးရမယ့် စာရင်းထဲမှာ ဘိတ်ချေးနေရာ ရောက်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။  

များသောအားဖြင့် လူတွေရဲ့ ငြင်းဆိုမှုက သဘာဝကျတတ်ပါတယ်၊ သင့်အနေနဲ့ အချိန်ယူပြီး သူတို့ရဲ့ရှုထောင့်ကနေ ဝင်ကြည့်ဖို့ပဲ လိုနေတာဖြစ်နိုင်ပါတယ်။သူတို့ ဘယ်လိုစဉ်းစားတွေးခေါ်တယ်ဆိုတာသိရင် သင် သူတို့ကိုအောင်နိုင်ဖို့ ဘယ်ခြေလှမ်း လှမ်းရမယ်ဆိုတာ သိလာပါလိမ့်မယ်။

မော်တန် တီ ဟန်ဆန်က ဒီအပိုင်းမှာ အဓိကဆွေးနွေးမယ့် “သူတစ်ပါးနဲ့ ကျွမ်းကျင်စွာ အလုပ်အတူတူလုပ်” ရာမှာ သူတို့က အားကျစိတ်ပါလာပြီး၊ ကိုယ့်အလုပ်ကို ပံ့ပိုးကူညီလာအောင်လုပ်ဖို့ အရေးကြီးကြောင်း တင်ပြခဲ့တာဖြစ်ပြီး၊ အဲလိုစည်းရုံးသွေးဆောင်ရာမှာ တစ်ခါတရံ သူတို့က မိမိနောက်ကို လိုက်မယ့်အစား ရန်သူသဖွယ် တိုက်ခိုက်လာတတ်ကြတယ်။ဆန့်ကျင်လာတတ်ကြတယ်။အဲလိုအခြေအနေမျိုး ကြုံလာတဲ့အခါ၊ သူတို့ ဘာလို့ဒီလိုလုပ်တာလဲဆိုတာ သိဖို့ကို အရင်ဖော်ထုတ်ရမှာဖြစ်ပြီး၊ အဲဒီအတွက် သူတို့နေရာကနေ ဝင်ခံစားစဉ်းစားကြည့်ပြီး၊ သူတို့ရဲ့တိုက်ခိုက်မှုအားကို လျော့သွားအောင်လုပ်နိုင်မှ မိမိကအသာရပြီး မိမိလိုရာကို ဆွဲခေါ်နိုင်မယ်ဆိုတဲ့အကြောင်း သာဓကလေးနဲ့ လမ်းညွှန်ထားတာဖြစ်ပါတယ်။

သူတစ်ပါးရဲ့စိတ်ကို သိနိုင်ပြီး၊ မိမိအလိုရှိရာ ဆွဲဆောင်နိုင်ခြင်းဖြင့် ကိုယ့်အလုပ်မှာကိုယ် ထူးချွန်အစွမ်းပြနိုင်သူများ ဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

          (ဆက်လက်ဖော်ပြပါမည်။)

သက်ထွန်း (သျှမ်း)