【 ဆောင်းပါး 】 မိုးရာသီနှင့် EV ကား သဘောသဘာဝ

【 ဆောင်းပါး 】 မိုးရာသီနှင့် EV ကား သဘောသဘာဝ

မြန်မာနိုင်ငံ၏ ကားလောကအတွင်း ယခုနှစ်တွင် EV ကားများက တဟုန်ထိုးဝင်ရောက်လာခဲ့သည်။ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် သဘာဝဓာတ်ငွေ့ ကားများဖြင့်သာ အသားကျနေသော ကားလောကအတွင်း တစ်ခေတ် ဆန်းသစ်သည့် ပြောင်းလဲမှုကို ဖြစ်လာစေခဲ့သလို ဆူညံပွက်လောရိုက်သလို ဖြစ်လာခဲ့သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက ပြည်တွင်းကားလောက၌ EV လျှပ်စစ်ကားအချို့ကို တင်သွင်းသုံးစွဲခဲ့ဖူးသူများရှိကြသည်။ထိုကားများမှာ တစ်ပတ်ရစ် EV များလည်း ဖြစ်သည့်အတွက် အသုံးပြုရာတွင် ဘက်ထရီအား သိပ်မခံတာ၊ အားသွင်းသည့်အခါတွင်လည်း အားအဝင်နှေးတာ စသည့် အခက်အခဲအချို့ ကြုံရပြီး အခြားသော လောင်စာသုံးကားတွေလောက် မြန်ဆန်အောင် မမောင်းနိုင်သော အခြေအနေများလည်း ကြုံခဲ့ရသည်။အသုံးပြု၍ သိပ်မကြာခင်ကာလအတွင်း၌ပင် ဘက်ထရီအသစ် ပြန်လည်လဲလှယ်ရသည့် အခြေအနေမျိုး ကြုံပြန်သည်။ထိုကားတွင် အသုံးပြုသော ဘက်ထရီ၏ တန်ဖိုးမှာ ယင်းကာလအတွင်းက ဂျပန်တစ်ပတ်ရစ် ဓာတ်ဆီသုံး ကားတစ်စီးတန်ဖိုးနီးပါးဖြစ်ခဲ့သည်။ထို့ကြောင့်ပင် ကားဝယ်ရောင်းလောကအတွင်း စိတ်ဝင်စားမှုလျော့ကျခဲ့သလို အသုံးပြုသူအချို့လည်း စိတ်ပျက်လက်ပျက် အခြေအနေမျိုး ဖြစ်ခဲ့ရသည်။

ယခုနောက်ပိုင်းတွင် EV ကားအသစ်များကို ပြည်တွင်း၌ သုံးစွဲနိုင်ရန် စီမံချက်ဖြင့် လုပ်ဆောင်ရာတွင် ယခင်ကြုံခဲ့ရသော အခက်အခဲအခြေအနေမျိုးကို ထောက်ပြကာ ဝေဖန်သူများလည်း အများအပြားပေါ်ထွက်လာခဲ့သည်။သို့ရာတွင် နှစ်သက်စွာ ဝယ်ယူသုံးစွဲသူများလည်း ရှိလာပြန်သလို အချို့မှာလည်း Pre Order ဖြင့် ကြိုတင်ဝယ်ယူသူများလည်းရှိလာသည်။

ကမ္ဘာတစ်ဝန်းတွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၏ အဓိကတရားခံဖြစ်သည့် ကမ္ဘာကြီးပူနွေးရာမှ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ ထိခိုက်ပျက်စီးလာသော အခြေခံအကြောင်းအရင်းများကို တွေ့မြင်လာခဲ့ပြီးနောက်တွင်  ကမ္ဘာကြီးပူနွေးမှုကို လျှော့ချရန် လုပ်ဆောင်လာကြသည်။ထို့ကြောင့် နှစ်ကာလသတ်မှတ်ချက်အသီးသီးချမှတ်ကာ ကမ္ဘာကြီး ပူနွေးမှုလျော့ကျစေသည့် နည်းလမ်းများကို လုပ်ဆောင်ရာတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ အင်ဂျင်သုံးစွဲသည့် သတ်မှတ်ချက်ကို လျှော့ချလာပြီး ကားလောကတွင် လျှပ်စစ်သုံး EV ကားများမှာ အားသာချက်တစ်ရပ် ဖြစ်လာသလို ကမ္ဘာ့နိုင်ငံအများအပြား၌လည်း ယခင် ဓာတ်ဆီ၊ ဒီဇယ်ဆီ အင်ဂျင်ကားများကို ထုတ်လုပ်သည့် ကားကုမ္ပဏီများမှာ EV ကားများကို ပြောင်းလဲထုတ်လုပ်လာကြသည်။

ကမ္ဘာတစ်ဝန်း ကားထုတ်လုပ်မှုကို ပြန်ကြည့်ပါက ကမ္ဘာတွင်ရှိသမျှ ကားအားလုံး၏ ၆၀ ရာခိုင်နှုန်းကျော်မှာ အာရှနှင့် သမုဒ္ဒရာပိုင်းဇုန်တွင် ထုတ်လုပ်ခြင်းဖြစ်ပြီး ကျန်သည့် အစီးရေ ၂၆ ရာခိုင်နှုန်းလောက်မှာ ဥရောပ၌ ထုတ်လုပ်လျက်ရှိသည်။

လက်ရှိတွင် ကားထုတ်လုပ်မှု အများဆုံးနိုင်ငံများစာရင်း၏ နံပါတ် (၁) နေရာတွင် တရုတ်နိုင်ငံက ရပ်တည်နေပြီး ကမ္ဘာပေါ်ရှိ ပျမ်းမျှ ကားအစီးရေ လေးစီးတိုင်းတွင် တစ်စီးမှာ တရုတ်နိုင်ငံက ထုတ်လုပ်သည့် ကားများပင်ဖြစ်လာသည်။

လွန်ခဲ့သော ၂၀၀၆ ခုနှစ်တုန်းက တရုတ်နိုင်ငံသည် ကမ္ဘာ့တတိယအကြီးဆုံး ကားဈေးကွက်အဆင့်သာရှိခဲ့ပြီး နောက်ပိုင်းတွင် ကားပိုင်ဆိုင်သူဦးရေ နည်းပါးရာမှ ဝယ်ယူမှုများတိုးလာခြင်း၊ ဝင်ငွေအဆင့်မြင့်မားလာမှုကြောင့် ပိုမိုဝယ်ယူသုံးစွဲနိုင်ခြင်း၊ အကြွေးဝယ်စနစ် ပိုမိုထွန်းကားလာမှုနှင့် ကားဈေးနှုန်းများ ကျဆင်းလာမှု စသည့် အကြောင်းအရင်းများက တရုတ်နိုင်ငံကို ကမ္ဘာ့အကြီးဆုံး ကားဈေးကွက် ထုတ်လုပ်မှုကို ပိုင်ဆိုင်သော အခြေအနေအဖြစ်သို့ တိုးတက်ရောက်ရှိလာစေခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိ မိုးရာသီကာလကို ရောက်ရှိနေပြီဖြစ်သည်။မိုးကာလ၏ သဘောသဘာဝအရ ရေကြီးရေလျှံမှုများ ကြုံတတ်ခြင်းလည်းဖြစ်သည်။ယခင် နွေကာလကတည်းက တင်သွင်းလာသည့် EV ကားများနှင့်ပတ်သက်ပြီး မိုးကာလ ရေလျှံမှုများကြောင့် အဆင်မပြေဖြစ်မည်ဟူ၍ ဝေဖန်မှုများ ဖြစ်လာပြန်သည်။ရေလျှံသည့်လမ်းတွင် EV ကား မဆိုထားနှင့် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ သဘာဝဓာတ်ငွေ့ အစရှိသည့် အင်ဂျင်သုံးကားများလည်း အဆင်ပြေချင်မှ ပြေလိမ့်မည်။ EV ကားများတွင် အဓိကအားဖြင့် လျှပ်စစ်အားသွင်းစနစ်နှင့် အသုံးပြုသည့်အခါ ကြာရှည်စွာအသုံးခံခြင်း၊ အားပြန်သွင်းသည့်အခါ လျင်မြန်မှုရှိခြင်း၊ ဘက်ထရီသက်တမ်းကို အချိန်ကြာမြင့်စွာ သုံးစွဲနိုင်ခြင်း၊ အဆင့်မြှင့်တင် ပြင်ဆင်မှုများ ပြုလုပ်နိုင်ခြင်း စသည့် အခြေအနေများအပေါ်သာ အကဲဖြတ်မှ သဘာဝကျမည်ဟုလည်း အင်ဂျင်နီယာတစ်ဦးက သုံးသပ်ပြောဆိုမှုများရှိသည်။

EV ကားများနှင့်ပတ်သက်၍ မိုးရာသီ၏ ဖြစ်နိုင်ခြေသက်ရောက်မှုများတွင် အခြားသော လောင်စာဆီသုံး ကားများကဲ့သို့ စက်နှိုးရခက်ခဲခြင်းမျိုးမရှိသလို ထိခိုက်မှုလျော့နည်းစေသည့် အချက်အများအပြားကိုသာ တွေ့ရသည်။အားသွင်းရန် နေရာများ တည်ဆောက်မှု၌သာ စိုစွတ်၍ ရေဝပ်သောနေရာမျိုး မဖြစ်စေရန်နှင့် အားသွင်း ဘက်ထရီရုံများအနီး ရေစီးရေလာကောင်းအောင် ပြင်ဆင်ထားမှုများသာ လုပ်ဆောင်ခြင်းဖြင့် ဖြည့်ဆည်းနိုင်မည်သာဖြစ်သည်။ပြည်တွင်းရှိ ကားစျေးကွက်အတွင်း EV ကားများစွာအနက်တွင် အများစုမှာ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ကားများလည်းဖြစ်သည်။ EV ထုတ်လုပ်မှုအပိုင်းတွင် တရုတ်မှထုတ်လုပ်သည့် နည်းပညာမှာ အောင်မြင်မှုရလာသလို ကမ္ဘာတစ်ဝန်းတွင် နှစ်သက်လက်ခံကာ အားပေးဝယ်ယူသူများလာပြီး ကမ္ဘာ့အကြီးဆုံး EV စျေးကွက်နှင့် EV များ အများဆုံးထုတ်လုပ်သူအဖြစ် ရောက်ရှိလာခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ EV ထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်းအထိ စျေးကွက်ဝေစု ပိုင်ဆိုင်လာခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် ကပ်ရောဂါဖြစ်ပွားနေသည့်ကာလဖြစ်သော ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံ မှ EV ကားအစီးရေ ၁ ဒသမ ၂ သန်းကို ရောင်းချနိုင်ခဲ့သလို ယခင်နှစ်များကထက် ၁၂ ရာခိုင်နှုန်းလောက် တိုးတက်မှုရှိလာခဲ့သည်။လာမည့် ၂၀၂၅ ခုနှစ်တွင် ကားအသစ်ရောင်းချမှုအားလုံး၏ ၂၀ ရာခိုင်နှုန်းကို EV အဖြစ် ထားရှိသွားရန်လည်း ရည်မှန်းကာ လုပ်ဆောင်လျက်ရှိသည်။ လက်ရှိကာလတွင်လည်း တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် လျှပ်စစ်ကားများနှင့်ပတ်သက်၍ အကြီးဆုံးသော စျေးကွက်ကြီးလည်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ၏အဆိုအရ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့လျှပ်စစ်ကားရောင်းချမှု အခြေအနေများအနက် တရုတ်နိုင်ငံမှာ စျေးကွက်၏ ၅၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်လာနိုင်ခဲ့သည်။တရုတ်နိုင်ငံ၏ ကားထုတ်လုပ်သူများက EV ကားများ၏ စွမ်းဆောင်ရည်နှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သော နည်းပညာသစ်များကို တီထွင်ကြံဆရာတွင် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်လာ ကြိုးပမ်းလာကြသည်။တရုတ်နိုင်ငံမှ အချို့သော ကားထုတ်လုပ်သူများသည် EV များ၏ အကွာအဝေးကို တိုးချဲ့နိုင်သည့် ဘက်ထရီနည်းပညာအသစ်များကို တီထွင်နေကြသလို အခြားသောသူများကလည်း အားသွင်းချိန်ကို လျှော့ချနိုင်သည့် အားသွင်းနည်းပညာအသစ်များကို ရှာဖွေကာ ကြိုးပမ်းနေကြပြီဖြစ်သည်။ထို့အပြင် နိုင်ငံတကာမှ မော်တော်ကားထုတ်လုပ်သူများနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိနေသလို EV ကား ထုတ်လုပ်ရန်အတွက် ဥပမာအားဖြင့် Volkswagen နှင့် Ford ကဲ့သို့သော ကမ္ဘာတစ်ဝန်း ကားထုတ်လုပ်မှုတွင် နာမည်ကျော်ကြားသည့် ကားထုတ်လုပ်သူများနှင့် ပူးပေါင်းလုပ်ဆောင်နေပြီဖြစ်သည်။

မြန်မာနိုင်ငံအတွင်းတွင်လည်း EV ကားများကို အသုံးပြုမှုတွင်ကျယ်စေရန် စီမံချက်ဖြင့် ဆောင်ရွက်နေပြီး အားသွင်းရမည့်နေရာများကို တိုးကာ တည်ဆောက်ခြင်းများအပြင် ကားတင်သွင်းသူများအနေဖြင့် အခွန်ကင်းလွတ်ခွင့်များ ပေးလာခဲ့သည်။ရောင်းဝယ်မှုများတွင်လည်း အမြတ်အစွန်း အများအပြားသတ်မှတ် လုပ်ဆောင်ခြင်းမျိုးမပြုဘဲ အမြတ်ကို ၂၀ ရာခိုင်နှုန်းထက် မကျော်သော စျေးနှုန်းအခြေအနေမျိုးဖြင့် ရောင်းချနိုင်ရန် ကြပ်မတ်ထုတ်ပြန်မှုများပြုလုပ်၍ EV ကဏ္ဍ ဖွံ့ဖြိုးရန် လုပ်ဆောင်နေပြီဖြစ်သည်။

ထို့ကြောင့်ပင် ဓာတ်ဆီ၊ ဒီဇယ်ဆီ အင်ဂျင်သုံး ကားဟောင်းများနှင့် စျေးချင်းယှဉ်ပါက EV ကားများမှာ မျက်နှာပန်းလှကာ စွဲဆောင်မှုများရှိစေခဲ့သလို ပြည်တွင်းတွင် နှစ်သက်သုံးစွဲသူ တစစဖြင့် တိုးလာသည်။

မြန်မာနိုင်ငံ၏ မိုးရာသီဟုပင် ဆိုကြသည့် ယခုကာလအတွင်း လမ်းများပေါ်တွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ သဘာဝဓာတ်ငွေ့လောင်စာ သုံးစွဲသော ကားများနှင့်အပြိုင် EV ကားများ မောင်းနှင်သွားလာမှုများကို မြင်တွေ့နေရပြီဖြစ်သည်။

မိုးရာသီကြောင့် စိုစွတ်၍ အခက်အခဲဖြစ်လာမည်ကို စိုးရိမ်နေသော စိုးရိမ်စိတ်များကို ကျော်လွှားနိုင်မည့် အခြေအနေကောင်းများနှင့် နည်းပညာအသစ်များကြောင့် လာမည့်ကာလအတွင်း EV များ၏ အခန်းကဏ္ဍသည်လည်း ယခုထက်များစွာ တိုးတက်မှုများရှိလာဦးမည်ကို ရေးသားတင်ပြလိုက်ရပေသည်။

ဧပရယ်လ်