【 ဆောင်းပါး 】 မုန့်လုံးရေပေါ်ပွဲတော်

【 ဆောင်းပါး 】 မုန့်လုံးရေပေါ်ပွဲတော်

မြန်မာနိုင်ငံမှာ နှစ်သစ်ကူးတော့မယ့်အချိန် သင်္ကြန်ကာလရောက်ပြီဆိုတာနဲ့ စတုဒီသာအလှူအဖြစ် ကျွေးမွေးဧည့်ခံကြတဲ့ အစားအစာတွေထဲမှာ မုန့်လုံးရေပေါ်ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

မြန်မာ့သင်္ကြန်သီချင်းတွေထဲမှာလည်း မုန့်လုံးရေပေါ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ထည့်သွင်းစပ်ဆိုလေ့ရှိကြပါတယ်။

မုန့်လုံးရေပေါ်ဟာ ကောက်ညှင်းနဲ့ပြုလုပ်တဲ့ မြန်မာ့သွားရည်စာတစ်မျိုးဖြစ်ပြီး ကောက်ညှင်းလုံးအား ရေနှင့်ပြုတ်ရာမှ ကောက်ညှင်းကျက်ပါက ရေပေါ် ပေါ်လာတဲ့အတွက် မုန့်လုံးရေပေါ်လို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။ကောက်ညှင်းသက်သက်ဖြင့်သော်လည်းကောင်း ထန်းလျက် ဒါမှမဟုတ် ကြံသကာခဲကို ဌာပနာသွင်း၍သော်လည်းကောင်း ပြုလုပ်စားသုံးကြတာဖြစ်ပါတယ်။

သင်္ကြန်ကာလမှာ မြို့ပြအပါအဝင် ကျေးလက်ဒေသတွေပါမကျန်အောင် မုန့်လုံးရေပေါ်စုလုံးကြပြီး အလှူဒါနပြုကြတဲ့ဓလေ့က ယနေ့အထိတိုင် တည်ရှိနေဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံလိုပဲ အိမ်နီးချင်း တရုတ်နိုင်ငံမှာလည်း မုန့်လုံးရေပေါ်ကို ပွဲတော်တစ်ခုမှာ အစားအသောက်အဖြစ် ထည့်သွင်းအသုံးပြုလေ့ရှိတယ်လို့ သိရပါတယ်။တရုတ်နိုင်ငံမှာဆိုရင် ဆောင်းရာသီကုန်ကာနီး နွေဦးရာသီရောက်ကာနီးအချိန်မှာ ကျင်းပလေ့ရှိပြီး တရုတ်လူမျိုးတွေရဲ့ နှစ်တစ်နှစ် ပထမအစမှာ ကျင်းပလေ့ရှိတဲ့ ရိုးရာပွဲတော်တစ်ခုရှိပါတယ်။

တရုတ်လိုတော့ ယွမ်းလျှောက်ကျယ်ပွဲတော်လို့ခေါ်ကြပြီး မြန်မာလိုဆိုရင်တော့ မုန့်လုံးရေပေါ်ပွဲတော်လို့ ပြောလို့ရသလို ယွမ်းလျှောက်ဆိုတာ မောင်းမတစ်ယောက်ရဲ့နာမည်လည်းဖြစ်နေပါတယ်။

ဒီပွဲတော်ကိုတော့ တရုတ်ရိုးရာပြက္ခဒိန်အရ ပထမဆုံးလပြည့်နေ့ ပထမ (၁၅) ရက်နေ့မှာ အမြဲတမ်းကျင်းပလေ့ရှိပြီး မြန်မာပြက္ခဒိန်နဲ့ဆိုရင် တပို့တွဲလပြည့် အခါသမယနဲ့ ကိုက်ညီတဲ့ အချိန်ရာသီအခါကာလဖြစ်ပါတယ်။

ယွမ်းလျှောက်ကျယ်ပွဲတော် ဖြစ်ပေါ်လာပုံနဲ့ပတ်သက်လို့ တရုတ်ဒဏ္ဍာရီတွေထဲမှာတော့ နှစ်ခု၊ သုံးခမက ရှိနေတယ်လို့ ဆိုပါတယ်။

အခုဆိုရင် ယွမ်းလျှောက်ကျယ်ပွဲတော်ကိုပြုလုပ်ခဲ့တာ နှစ်ပေါင်း နှစ်ထောင်ကျော်ခဲ့ပြီဖြစ်ကာ အထူးသဖြင့် ယွမ်းလျှောက်ကျယ်ပွဲတော်မှာ လကိုရှုစားတာ၊ မီးရှူးမီးပန်းလွှတ်တင်တာ၊ မီးအိမ်ပေါ်မှာ စကားထာဝှက်ပြီး စကားထာဖြေတာ၊ မိသားစုတွေစုစည်းတာက တကယ့်အနှစ်သာရလို့ ဆိုကြပါတယ်။  

ဒီလိုပဲ ဒေသအတော်များများမှာလည်း  နဂါးအက၊ ခြင်္သေ့အကတွေ ကကြသလို တုတ်အမြင့်ပေါ်မှာရပ်ပြီးကတဲ့ တုတ်မြင့်အကလို၊ ခါးပေါ်မှာ ဖဲကြိုးစည်းပြီးကတဲ့ ယန်းကိုးအကလို၊ အိုးစည်အကတွေကသလို အခုနောက်ပိုင်းမှာတော့ ကွန်ဖူးအက၊ ဝူရှူးအကတွေပါ ထပ်တိုးကကြတာရှိတယ်လို့ သိရပါတယ်။

မှတ်တမ်းတွေအရတော့ 'မင်' မင်းဆက်ခေတ်မှာဆိုရင် မီးထွန်းပွဲတော်ကျင်းပတာ (၁၀) ရက်ကြာပြီး တရုတ်နိုင်ငံသမိုင်းမှာ အချိန်အကြာဆုံးပွဲတော်လည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်ရိုးရာ မုန့်လုံးရေပေါ်ဟာ မြန်မာက မုန့်လုံးရေပေါ်ပြုလုပ်နည်းနဲ့ အနည်းငယ်ကွာခြားပြီး တရုတ်ပြည်မြောက်ပိုင်းရဲ့ မုန့်လုံးရေပေါ်တွေက ဌာပနာကိုအရင်လုပ်ပြီးမှ ကောက်ညှင်းနဲ့ မုန့်လုံးလုံးသလို အချိန်အတော်ကြာလည်းပြုတ်ပါတယ်။တောင်ပိုင်းက မုန့်လုံးရေပေါ်တွေကတော့ ကောက်ညှင်းမှုန့်ထဲ ဌာပနာထည့်ပြီး တစ်ခါတည်းလုံးကြတာများပါတယ်။ပြုတ်တဲ့အခါ ဆူတဲ့ရေထဲ ချက်ချင်းထည့် ပေါ်လာရင် ချက်ချင်းယူ ချက်ချင်းစားကြတာဖြစ်ပါတယ်။

အရောင်တွေကတော့ မြန်မာတွေလို အဖြူတစ်မျိုးထဲမဟုတ်ဘဲ ပန်းရောင်၊ အစိမ်းရောင်၊ အနီရောင်၊ အဖြူရောင် စသဖြင့် မုန့်လုံးများ ရောင်စုံပြုလုပ်လေ့ရှိပြီး အရောင်တွေကိုလည်း အဓိပ္ပါယ်သတ်မှတ်ချက်တွေပေါ် မူတည်ပြီး ပြုလုပ်စားသုံးကြတာလို့ ဆိုပါတယ်။

မုန့်လုံးရေပေါ်တွေနဲ့ပတ်သက်နေတဲ့ တရုတ်အယူအဆတွေကတော့ မုန့်လုံးရေပေါ်ဟာ အောက်ကနေ အပေါ်ကိုတက်လာတယ်ဆိုတဲ့ သဘောကိုယူပြီး ငွေဟောင်းတွေ၊ ကြွေးမြီတွေ၊ အိပ်နေတဲ့ငွေတွေ ပြန်ပေါ်စေတယ်၊ နှစ်ဟောင်းက ကြမ္မာဆိုးတွေလွန်ပျောက်ပြီး ကံကောင်းခြင်းတွေပေါ်လာမယ်လို့ နိမိတ်ဆောင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ မုန့်လုံးရေပေါ်ကို အတိတ်ကောင်း နိမိတ်ကောင်းယူပြီး ကပ်ကျော်မုန့်အဖြစ် ဒါနပြုတာ ဘုရားဆွမ်းတော်ကပ်တာတွေ လုပ်လေ့ရှိကြပါတယ်။

ကမ္ဘာပေါ်မှာ ကပ်ဘေးဆိုးကြီးတွေက အခါအားလျော်စွာ ပေါ်လာလေ့ရှိရာ စစ်ဘေးစစ်ဒဏ်ကြောင့် လူတွေသေကျေပျက်စီးကြတဲ့ ကပ်ဘေး၊ အစားအစာငတ်မွတ်ခေါင်းပါးလို့ လူတွေသေကျေပျက်စီးကြတဲ့ ကပ်ဘေး၊ ရောဂါဘယကြောင့် လူတွေသေကျေပျက်စီးကြတဲ့ ကပ်ဘေးဆိုပြီး ကပ်ဘေးဆိုးကြီးသုံးခုရှိပြီး ဒီလိုကပ်ဘေးဆိုးကြီးတွေနဲ့ မကြုံကြရပါစေနဲ့၊ ကြုံခဲ့ရရင် အမြန်ဆုံးကျော်လွှားနိုင်ပါစေ စတဲ့ ဆုတောင်းကုသိုလ်ပြုတဲ့အနေနဲ့ မုန့်လုံးရေပေါ်မုန့်ကို ကပ်ကျော်မုန့်အဖြစ် လှူကြတာဖြစ်ပါတယ်။

တရုတ်နဲ့ မြန်မာမှာ မုန့်လုံးရေပေါ်ကို ပြုလုပ်စားသုံးပုံ မတူကြပေမယ့် နှစ်ဟောင်းက ကြမ္မာဆိုးတွေ လွန်ပျောက်ပြီး ကံကောင်းခြင်းတွေပေါ်လာမယ်ဆိုတဲ့ ရည်ရွယ်ချက်ကတော့ တူညီနေတာဖြစ်ပါတယ်။

မောင်မင်း