【 ဆောင်းပါး 】 မေတ္တာစိမ့်စမ်းရေ - ၁၂

【 ဆောင်းပါး 】 မေတ္တာစိမ့်စမ်းရေ - ၁၂

ကိုအောင်ကြင် လေဖြတ်သွားသဖြင့် ၂၀၁၁ တွင်၊ ဆရာကြီး ဒဂုန်တာရာ နှုတ်ဆက်ပွဲကို သူတို့ မကျင်းပပေးနိုင်တော့ပေ။
 
နိစ္စဓူဝ ဆေးခန်းထိုင်သည့်အလုပ်နှင့် နာဖျားမကျန်းဖြစ်နေသော အသိမိတ်ဆွေ‌များကို အိမ်တိုင် ယာရောက် သွားရောက်ကြည့်ရှု ကုသပေးပြီး၊ အချိန်ရလျှင် သန်လျင်ရှိ ကိုအောင်ကြင်ကို ပြေးကြည့်ရသည်။
 
သူတစ်ယောက်တည်း တစ်ကိုယ်တော်ပရဟိတ စလုပ်ခဲ့သည်။ထို့နောက် ကိုအောင်ကြင် ပါလာသည်။ထို့နောက် သန်းမြင့်အောင်နှင့် မြသွေးရည်တို့ပါလာကြသည်။ယခုမူ သူတစ်ယောက်တည်း ဆက်ရုန်းရပြန်သည်။ကိုအောင်ကြင်နှင့် သူလက်တွဲလုပ်ဆောင်နေသော ပရဟိတတွင် သန်းမြင့်အောင်နှင့် မြသွေးရည်တို့ ပါလာသည် ဆိုစေဦး၊ သူတို့က အိမ်ဖြည့်သဘောမျှသာ။သူ့အတွက် ညာလက်ရုန်းကား ကိုအောင်ကြင်။ကိုအောင်ကြင်တွင် တခြားရောဂါတစ်ခုခု ဖြစ်သည်ဆိုလျှင်ပင်၊ ဖြစ်နေသည့်ရောဂါအား၊ အစွမ်းကုန်ကုသပေးပြီး၊ ပျောက်ကင်းမည့်အချိန်ကို မျှော်လင့်နိုင်သေးသည်။လေဖြတ်တာဆိုတော့၊ မည်မျှကြာမှ လူကောင်းပကတိပြန်ဖြစ်မည်ကို မမှန်းဆနိုင်တော့ပေ။
 
သို့ဖြင့် သူတစ်ယောက်တည်း ရုန်းရင်းကန်ရင်း အချိန်တစ်နှစ်ကျော် ကြာသွားသည်။ ၂၀၁၂ ကား သူ့အတွက် အကောင်းရော၊ အဆိုးပါ သယ်ဆောင်လာသည့်နှစ်ပေတည်း။
 
ဂျပန်နိုင်ငံ၊ နာဂိုယာမြို့ရှိ ရိုမန်ကက်သလစ် ခရစ်ယာန်အဖွဲ့က၊ ၂၀၁၂ အတွက် ချီးမြှင့်မည့်ဆုကို သူရရှိကြောင်း အကြောင်းကြားလာသည်။ပထမ သူအံ့ဩမိသည်။ထို့နောက် ကိုအောင်ကြင်၊ သန်းမြင့်အောင်နှင့် မြသွေးရည်တို့ကို သတိရလာသည်။သူတို့သိလျှင် အဘယ်မျှ ဝမ်းသာကြမည်နည်း။ချက်ခြင်းဆိုသလို ကိုအောင်ကြင်အတွက် ဝမ်းနည်းမိပြန်သည်။အိပ်ရာထဲ လဲနေလျက်ကပင် သူ့အတွက် ဝမ်းသာရှာလိမ့်မည်။
 
သူ့လို မထင်မရှား တစ်ပိုင်တစ်နိုင် အခမဲ့ဆေးကုသပေးခြင်းနှင့် လက်လှမ်းမီသလောက် မရှိနွမ်းပါးသူများအား ကူညီခြင်းမျှသာ လုပ်နေသူကို မိမိ၏အတွင်းစည်း အဝန်းအဝိုင်းလေးထဲမှ လူတချို့ကလွဲ၍ မည်သူမျှသိလောက်စရာမရှိပေ။သူ့ကို ပရဟိတသမားရယ်လို့လည်း မည်သည့် ပြည်တွင်းသတင်းမီဒီယာတွင်မျှ ဖော်ပြခံရဖူးခြင်းမရှိ။သူလုပ်စရာရှိတာကို၊ နိုင်သမျှ လုပ်ဆောင်နေသည်ကလွဲ၍ ထင်ပေါ်လိုခြင်း၊ အကျိုးရလဒ် တစ်စုံတရာပြန်ရလိုခြင်း စိုးစဉ်းမျှမရှိ။ပြည်တွင်းမှ တစ်ဦးတစ်ယောက်က သူ့ကို ဆုပေးသည် (သို့မဟုတ်) တစ်ခုခု ချီးမြှင့်သည်ဆိုလျှင်ပင် သူ ဤသို့အံ့ဩမည်မဟုတ်။သူကုသပေးခဲ့သည့် စာရေးဆရာများနှင့် မိသားစုတွေ နည်းမှမနည်း ဘဲ။တစ်ယောက်ယောက်က တစ်နေရာရာတွင် ရေးသားသဖြင့် (သို့မဟုတ်) ဆက်စပ်ပေးသဖြင့် ဆုပေးသည်ဟု သူကောက်ချက်ချနိုင်မည်ဖြစ်၏။သို့သော် ယခု သူ့ကို ဆုပေးမည်ဟု အကြောင်းကြားသည့် အဖွဲ့အစည်းက ဂျပန် နိုင်ငံမှ ဘာသာရေးအဖွဲ့အစည်း တစ်ဖွဲ့။ထိုဆုကို ပေးသူက အီတလီဘစ်ရှော့ဘုန်းတော်ကြီးတစ်ပါး။ဆုအမည်က စတက်ဖန်နီအရီနတ်တိုဆု (Stephani Renato)။ဆုအမည် ”စတက်ဖန်နီအရီနတ်တို” မှာ ဘစ်ရှော့ကြီး၏ အမည်ဖြစ်ပါသည်။
 
ဂျပန်မှ ရိုမန်ကက်သလစ်အဖွဲ့က၊ သူ့ကို မည်သို့သတိထားမိခဲ့သနည်း။သူတို့၏ ဆုရွေးချယ်ရေးမူဝါဒက ဘာတွေလဲ။မည်သို့ဆိုစေ သူ့အသွေးထဲအသားထဲ ကိန်းအောင်းနေသည့် လူသားဝါဒနှင့် သူရသည့်ဆုက ကွက်တိဖြစ်နေသည်ကိုတော့ သူကျေနပ်မိသည်။ဂျပန် ရိုမန်ကက်သလစ်အဖွဲ့နှင့် ဘစ်ရှော့ကြီးတွင် လူမျိုးစွဲ၊ ဘာသာစွဲ၊ နိုင်ငံ စွဲမရှိ။သူ့လို မထင်မရှား နိုင်ငံငယ်လေးထဲ၌ တစ်ပိုင် တစ်နိုင် ပရဟိတလုပ်ငန်းလေးကို လုပ်ကိုင်နေသူအား ဆုပေးရန် ရွေးချယ်ကြသတဲ့။ 
 
၂၇ အောက်တိုဘာ ၂၀၁၂ တွင်၊ နာဂိုယာမြို့၌ အခမ်းအနားဖြင့်ပေးမည့်ဆုကို သူတက်ရောက်ယူရမည်။ထိုရက်ထက်စော၍ သူ ဂျပန်သို့ရောက်နေရမည်ဖြစ်၏။သို့ဖြင့် ဂျပန်သွားရန်၊ ဗီဇာကိစ္စကို စတင်ဆောင်ရွက်ရတော့သည်။ဤတွင် ခင်မင်ရင်းနှီးနေသော ဆရာဝန်မတစ်ဦးက တိုက်တွန်းသဖြင့် သူဆေးစစ်သည်။ဂျပန်လူမျိုးများက ကျန်းမာရေးကို အလွန်ဂရုစိုက်ကြသည်။ဂျပန်အများစုမှာ ၆ လ တစ်ကြိမ်ခန့် ပုံမှန်ဆေးစစ် ကြသည်။ထိုဓလေ့ကို သူငယ်ချင်း ဆရာဝန်မက သိနေသလားတော့ မသိ။ဂျပန်တွေက ကြုံလျှင်ကြုံသလို မြန်မာတွေရော ပုံမှန်ဆေးစစ်ကြသလား စပ်စုတတ်ကြသည်။ထိုသို့မေးမြန်းလာပါက၊ မြန်မာလူမျိုးကို အထင်မသေးစေချင်သဖြင့် သူငယ်ချင်း ဆရာဝန်မ၏ စကားကို လက်ခံပြီး ဆေးစစ်လိုက်သည်။ဤတွင် မည်သို့မျှ မမျှော်လင့်ထားသည့် ဆေးစစ်ချက်ရလဒ်က ထွက်လာသည်။လည်ချောင်း အသံအိုးကင်ဆာ အဆင့်-၁ တဲ့။
 
ကင်ဆာရောဂါသည်များစွာကို တွေ့ဖူးသော၊ ကုသပေးဖူးသော ဆရာဝန်တစ်ဦး ဖြစ်နေစေကာမူ မိမိ၏ ဆေးစစ်ချက်တွင် ကင်ဆာဆိုသော စာလုံးပါလာမည်ဟုတော့ ထင်မထားခဲ့ပေ။သို့သော် သူကိုယ်တိုင် ကင်ဆာဖြစ်နေပြီဟု သိရချိန်တွင် ပြင်းထန်စွာ မတုန်လှုပ်သည့်တိုင်၊ စိတ်အနှောင့်အယှက်ကြီးစွာ ဖြစ်ရပေသည်။ကင်ဆာအဆင့် - ၁ ဖြစ်၍ အစပျိုးရုံဟု ဆိုနိုင်သော်လည်း၊ သွားရမည့် ခရီးစဉ်ကလည်း နောက်ဆုတ်၍မရပေ။ပျော်ရွှင်စွာ သွားရမည့် ခရီးတွင် ခလုတ်ကန်သင်းပေါ်လာ၍၊ စိတ်လွတ်ကိုယ်လွတ် မပျော်တော့ပေ။
ဂျပန်ရောက်သောအခါ သူတွေ့ကြုံဆက်ဆံရသည့် ဂျပန်များကား ယဉ်ကျေးသိမ်မွေ့ကြပါပေသည်။ချိုသာဧည့်ဝတ်ကျေလွန်းကြပါသည်။ 
 
စတက်ဖန်နီအရီနတ်တိုဆုကို ၉ ယောက်မြောက်အဖြစ်ရသည့် သူ့အတွက်လည်း သူတို့ကဂုဏ်ယူကြသည်။ခရစ်ယာန်တို့သည် ပရဟိတဆောင်ရွက်ရာတွင် နာမည်ကြီးကြပေရာ၊ သူကဲ့သို့ ကိုယ်ကျိုးမပါ တစ်ပိုင်တစ်နိုင် သူတစ်ပါးအကျိုး သယ်ပိုးနေသူများကို မှတ်ကျောက်တင်နည်း သူတို့တွင်ရှိနေပါသည်။အတုယူစရာကောင်းသည်မှာ မည်သူမည်ဝါက ထောက်ခံ၍ဆိုသော မှတ်ချက်ပေါ် မူတည်မရွေးချယ်ဘဲ၊ သူတို့နည်း သူတို့ဟန်ဖြင့် မှန်မှန်ကန်ကန်သိရန် အားထုတ်ကြပြီး၊ အမှန်တကယ်ထိုက်တန်သူကိုသာ ရွေးချယ်သည်ဟု ဆိုပါသည်။ 
 
၁၉၈၇ မှစ၍ သူလုပ်ကိုင်ခဲ့သည့် ပရဟိတလုပ်ငန်း၏ အသီးအပွင့်ကို ၂၀၁၂ တွင်၊ မမျှော်လင့်ဘဲ သူပြန်ခံစားရခြင်းဖြစ်ပါသည်။ရုန်းကန်ခဲ့ရသည့် နှစ်ပေါင်းအစိတ်ကြာခဲ့သည်ပဲ။သူ့စိတ်ထဲတွင် ဤမျှကြာခဲ့ပြီဟု မခံစားရပေ။ ၂၀၁၂ မှစ၍ သူ့ဘဝကား အကောင်းနှင့် အဆိုး ရောထွေးလာသည်ဟု ဆိုရလေမလား မသိပေ။ဂျပန်တွင် ဆုယူရမည်ဖြစ်၍သာ သူဆေးစစ်ဖြစ်ခြင်းဖြစ်သည်။ ဆရာဝန်ဖြစ်နေစေကာမူ၊ မြန်မာအများစုနည်းတူ ပုံမှန်ဆေးစစ်သူ မဟုတ်ပေ။ဆုပေးပွဲပြီးစီးသွားသောအခါ၊ သူရောက်သင့်ရောက်ထိုက်သည့် နေရာတချို့သို့ အလည်အပတ်ပို့ပေးကြပါသည်။ထို့နောက် သူ့ကို မြန်မာနိုင်ငံသို့ ပြန်မလွှတ်ဘဲ၊ နိုဝင်ဘာလဆန်းတွင် ဂီဖူခရိုင်သင်ကြားရေးဆေးရုံသို့ တင်လိုက်ပါသည်။သူ့ရောဂါကို အသေးစိတ်ပြန်စစ်ဆေးပြီး၊ ဓာတ်ရောင်ခြည်ကင်ခြင်း၊ ခီမိုသွင်းခြင်းတို့ဖြင့် ကုသပေးကြပါသည်။လူနာသုံး ပရိဘောဂများ၊ ဆေးရုံသုံး ပရိဘောဂများ စုံလင်ပြီး၊ သန့်ရှင်းလှသည့် ဆေးရုံတွင် သူတက်ရောက်ကုသခဲ့ရသည်။ဆရာဝန်များ၊ သူနာပြုများကလည်း တာဝန်ကျေကြသည်။သူကား ဂျပန်တွင် မြင်မြင်သမျှ အရာများကို မိမိနိုင်ငံနှင့် နှိုင်းယှဉ်တွေးမိရင်း စိတ်မကောင်းဖြစ်ရသည်ကို ဖျောက်ဖျက်ရသည်က၊ သူ့အတွက် အလုပ် တစ်ခုဖြစ်လာတော့သည်။
 
ဂျပန်သို့ သူခြေစချရကတည်းက ဘယ်နေရာရောက်ရောက် အမှိုက်တစ်စ မမြင်ရ။နေရာတိုင်း သန့်ရှင်းသပ်ရပ်နေကို တွေ့ရသည်။တွေ့ကရာနေရာ အလွယ်တကူအမှိုက်ပစ်ကြသည့် မိမိတို့လူမျိုးတွေကို ခေါ်လာပြီး ပြသချင်စိတ်များက တဖွားဖွားပေါ်လာသည်။ကိုယ့်ပြည်ကိုယ့်ရွာ၌ နေရာတကာမှာ တွေ့ရသည့် အမှိုက်ပုံများကို အကြောင်းကို ဂျပန်မှာ အမှိုက်မတွေ့ရခြင်းကိုအကြောင်းပြု၍ ခေါင်းထဲဝင်ဝင်လာသည်ကို သူ့ခေါင်းထဲမှ ဖယ်ထုတ်ရပြန်သည်။ ၂ လကျော်ကြာ ဂီဖူခရိုင်သင်ကြားရေးဆေးရုံတွင် သူကုသခံနေရစဉ်၊ ဂျပန်၏ စည်းကမ်းသေဝပ်မှု၊ တာဝန်သိမှု၊ သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်မှု စသော ကောင်းမွန်သည့် အလ့အကျင့်အားလုံးသည် သူတို့၏ ပညာရေးမှ ဆင်းသက်လာကြောင်း သူနားလည်လာသည်။
 
သူက ခီမိုသွင်းပြီးလျှင် နှစ်ရက်၊ သုံးရက်ခန့် မအီမသာပြီးနောက် လူကောင်းတစ်ယောက်ကဲ့သို့ပင် ပြန်ဖြစ်သွားစမြဲ။ထိုအခါ ဖူဂီခရိုင်ကျောင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလေးများနှင့် ဆရာ၊ ဆရာမများကို သူလေ့လာစူးစမ်းမိသည်။ကျောင်းသား၊ ကျောင်းသူလေးများမှာရော၊ ဆရာ၊ ဆရာမများမှာပါ ထမင်းဘူး မပါကြပေ။နေ့လယ်စာ (Lunch)၊ မြန်မာအခေါ် မနက်စာကို ကျောင်းက ကျွေးသည်။ကိုယ့်ပန်း ကန်ထဲကိုယ် ကုန်သလောက် မှန်းဆထည့်ယူပြီး (ဘူဖေးခေါ် ကိုယ်ထူကိုယ်ထ စားသောက်နည်း) ထမင်းစားခန်းတွင် စုပေါင်းစားသောက်ရသည်။လူတစ်ဦး၊ ကလေးတစ်ဦးအတွက် တစ်နေ့တာလိုအပ်မည့် အာဟာရဓာတ်ပြည့်ဝစေသည့် မနက်စာကို စီစဉ်ပေးထားသတဲ့။ထမင်းစားပြီးလျှင် ကလေးတွေက သုံးယောက်တစ်တန်း တန်းစီပြီး စားကြွင်းစားကျန်များကို အမှိုက်ပုံးထဲသို့ လာပစ်ကြသည်။သူတို့ ပန်းကန်ထဲတွင် စားကြွင်းစားကျန်များကို ၃ မျိုးခွဲ၍ ပုံထားကြောင်း တွေ့ရသည်။ငါးရိုး၊ ကြက်ရိုး စသည့် အရိုးကတစ်ပုံ၊ ကိုကာကိုလာ၊ စပရိုက် စသည့် အချိုရည်ဘူးခွံများက တစ်ပုံ၊ တစ်ရှူးနှင့် စက္ကူကြမ်းများက တစ်ပုံ။ထိုသုံးမျိုးကို သက်ဆိုင်ရာ အမှိုက်ပုံးထဲသို့ လာပစ်ကြသည်။အားလုံးကို ရောထွေးပစ်ခြင်း မပြုကြပေ။
 
ဂျပန် ကျောင်းသား၊ ကျောင်းသူလေးများသည် ဟိုကျောင်းတက်မည်၊ သည်ကျောင်းတက်မည်ဟု ရွေးချယ်ခွင့်မရှိပါတဲ့။သူတို့နေထိုင်ရာ ရပ်ကွက်နှင့် အနီးဆုံးတွင် တည်ရှိသော သတ်မှတ်ပေးထားသည့် ကျောင်းတွင်သာ တက်ရောက်ကြရသတဲ့။သူတို့မှာ အဆင့်တစ်ရရေး၊ ဟိုကျောင်းက ပို၍ အသင်အပြကောင်းသည်၊ သည်ကျောင်းကအောင်မှ ဂုဏ်ရှိသည်ဆိုတာမျိုးလည်း မရှိပါတဲ့။
 
ထမင်းဘူးယူမလာရခြင်းကြောင့် တစ်ပြေးညီစားသောက်ရခြင်းကြောင့်၊ မိဘနောက်ခံသည်လည်း သူတို့ကြားတွင် အရေးမကြီးကြောင်း သူသိလာသည်။ထို့ကြောင့် မိဘတွေ စိတ်အေးချမ်းသာစွာ သား၊ သမီးများကို ကျောင်းသို့ စေလွှတ်နိုင်ပုံကိုလည်း သူအားကျမိသည်။ကိုယ့်နိုင်ငံက ကျောင်းသား၊ ကျောင်းသူလေးတချို့၊ အရောင်လွှင့်ပြယ်နေသည့်အစိမ်းနှင့် ဝါကျင့်ကျင့်အဖြူ ကျောင်း ဝတ်စုံဝတ်ပြီး၊ ငစိန်ဆန်ထမင်း၊ ဆီနည်းနည်းဖြင့်လှိမ့်ထားသည့် ကန်စွမ်းရွက်ကြော်သာပါသည့် ထမင်းဘူးလေးများဖြင့် ကျောင်းတက်လာကြရရှာသည်ကို သူကိုယ်တိုင်ကြုံဖူးသည်။ဝမ်းနည်းကြေကွဲစိတ်ကို ဖယ်ထုတ်ရပြန်သည်။
 
ဂျပန်သို့ ရောက်နေသည့် မိတ်ဆွေ ဆရာဝန်တစ်ယောက်က သူ့ကို သတင်းလာမေးသည်။သူက ဂျပန်မှာ မြင်မြင်သမျှအရာများအား မိမိမွေးရပ်ဇာတိမြေမှ ဖြစ်ရပ်အထွေထွေနှင့် နှိုင်းယှဉ်၍ ခံစားနေရသည်ကို အနည်းအကျဉ်း အန်ပြမိသည်။
 
ဂျပန်ရောက် မိတ်ဆွေ ဆရာဝန်က သက်ပြင်းချပြီး “ဂျပန်တွေလဲ လူတွေပဲဆိုတော့ အားလုံး တစ်ရာ ရာနှုန်းကောင်းနေတယ်လို့တော့ ပြောလို့မရဘူး။ဒါပေမဲ့ ပညာရေးကို ဒုတိယကမ္ဘာစစ် မဖြစ်ခင်ကတည်းက အသေအချာစီမံထားတော့ ပညာရေးမှန်ကန် ကောင်းမွန်မှုဆိုတဲ့ အုတ်မြစ်ပေါ်မှာ ကျန်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးကို တင်ထားတော့၊ နေပျော်တဲ့ လူ့ဘောင်၊ နေပျော်တဲ့နိုင်ငံ ဖြစ်နေတာပေါ့ဗျာ။လူသားတွေဖြစ်လို့ လူ့ပြဿနာတွေတော့ ရှိတာပေါ့ဗျာ။ဒါပေမဲ့ လူပီပီသသနေရကြရတာတော့ အမှန်ပဲဗျ။ဒါ ခင်ဗျား ဆေးရုံပေါ်ကမြင်တဲ့ မြင်ကွင်းလောက်ပဲရှိသေးတာ။နာမည်ကြီးစားသောက်ဆိုင်တွေမှာ စက်ရုံ၊ အလုပ်ရုံတွေမှာ မြန်မာအလုပ်သမားတွေ တလှေကြီးဗျ။ဒုတိယကမ္ဘာစစ်အပြီး စစ်ရှုံးနိုင်ငံ အဖြစ် ပြာပုံဘဝကရုန်းကန်ရတဲ့ နိုင်ငံပေမယ့်၊ ပညာရေးမှန်ကန်တယ်။အလုပ်ကို ခါးချိုးလုပ်တယ်။အဝတ်အစားကိုသာ ခေတ်ပုံစံ၊ အနောက်တိုင်းပုံစံဝတ်နေကြတာ ဂျပန်တွေရဲ့ ဓလေ့ထုံးစံတွေက သူတို့ရင်ထဲ အသည်းထဲမှာရှိနေတယ်။ရိုးရာဓလေ့တွေကို တတ်နိုင်သမျှ ထိန်းထားတယ်ဗျ။”
 
“ဒစ်ဂျစ်တယ်ခေတ်၊ ကွန်ပျူတာခေတ် မရောက်ခင်ကတည်းက၊ ဒီကနေ့ ကမ္ဘာမှာ Time နဲ့  News Week ထွက်ရင်၊ မနက်ဖန် အဲဒီမဂ္ဂဇင်း ၂ စောင်စလုံးကို အစ-အဆုံး ဂျပန်ဘာသာထွက်လာပြီ။လတ်တလော ကမ္ဘာ့ပညာအားလုံး၊ သတင်းများလို ဂျပန်လို ဖတ်လို့ရအောင်ကို စီမံပေးထားတာ။ကျန်တဲ့ ဘာသာရပ်တွေ၊ စာအုပ် တွေကိုလဲ ဒီနည်းတူ လုပ်ပေးထားတယ်။သူ့နိုင်ငံသူ၊ နိုင်ငံသားတွေ ဖတ်သင့်တာ၊ ဖတ်ဖို့လိုတာမှန်သမျှ ဒီနေ့ထွက် မနက်ဖန် ဂျပန်လိုဖတ်လို့ရအောင် လုပ်ပေးထားတယ်။လူထုကို မျက်စိနား ဖွင့်ပေးထားတယ်။ ပိတ်မထားဘူး။”
 
သည်တော့မှ သူရောက်စတုန်းက လမ်းဘေးတွင်တွေ့ရသည့် ဂျပန်များ၊ ဈေးဝယ်စင်တာများ၌တွေ့ရသည့် ဂျပန်များကို အင်္ဂလိပ်လိုပြော၍မရသည်ကို နားလည်သွားသည်။
 
“တက္ကသိုလ်အဆင့်တွေမှာတောင်၊ ဂျပန်စာသက်သက်နဲ့သင်တဲ့ တက္ကသိုလ်တွေ၊ အင်္ဂလိပ်လိုသင်တဲ့ တက္ကသိုလ်တွေရှိတယ်ဗျ” သူကား မိတ်ဆွေ ဆရာဝန် ဆက်ပြောနေသည့် စကားများကို နားထောင်ရင်း ရင်ထဲတွင် ဝမ်းနည်းကြေကွဲစိတ်က ကြီးစိုးလျက် ဆွံ့အနှုတ်ဆိတ်နေ၏။
 
ခင်နှင်းဦး