【 ဆောင်းပါး 】 မေတ္တာစိမ့်စမ်းရေ - ၂

【 ဆောင်းပါး 】 မေတ္တာစိမ့်စမ်းရေ - ၂

 

စနေတစ်ရက် ကျမတို့ ဆုံတွေ့ပြီး၊ စာအကြောင်း ပေအကြောင်းနဲ့ ထွေရာလေးပါးပြောကြပြီးရင်၊ လူစုခွဲကြပါတယ်။စနေ အစအစဝိုင်းကို တစ်ခါတလေ မိုးချိုသင်း လိုက်လာတတ်ပါတယ်။ဒီလိုလူစုခွဲပြီးရင်လဲ ဆရာသွားလေရာကို ကိုဉာဏ်မောင်က ဆက်လိုက်ပါတယ်။ချိုသင်း ပါလာတဲ့အခါဆိုရင်တော့၊ သုံးယောက်ပေါ့။

ကျမတို့က စနေတစ်ရက် မနက်ပိုင်းတစ်ပိုင်းလောက်သာ ကိုဉာဏ်မောင်နဲ့ ဆုံရတော့၊ မိတ်ဆွေလဲမဟုတ်၊ သွေးသားတော်စပ်သူလဲမဟုတ်သူတစ်ယောက်။တာဝန်အရ တစ်နည်းအားဖြင့် မိမိလုပ်ကိုင်မှုမှန်သမျှကို၊ အနီးကပ်စောင့်ကြည့်ဖို့ အရိပ်ပမာ မခွဲမခွာရှိနေတဲ့ဒဏ် ဘယ်လောက်ဆိုးမလဲ မတွေးမိ၊ မစဉ်းစားမိခဲ့ပါဘူး။

ကျမတို့ရဲ့ စနေဝိုင်းကို ဆရာမလာတော့ဘဲ၊ ဆရာပျောက်သွားတဲ့အချိန်ထိ၊ ဆရာ ရေခြားမြေခြားရောက်နေပြီလို့ မသိခဲ့ပါ။ဆရာ့အသံကို လေလှိုင်းပေါ်မှာကြားမှ၊ အော် - ဆရာထွက်သွားပြီဆိုတာ သိရတာပါ။ဝမ်းနည်းစိတ်နဲ့အတူ အော် - ဆရာကျဉ်းကျပ်ရှာမယ်ဆိုတာ မတွေးမိလေခြင်းလို့ ဖြစ်မိပါတယ်။

အခု ဆရာတင်မိုး ပြည်ပကို အောင်အောင်မြင်မြင်ထွက်သွားတော့၊ ပျားတုတ်ခံရသူက ကိုဉာဏ်မောင်ပါ။စနေတစ်ရက်မှာ ကျမတို့ဝိုင်းကို ကိုဉာဏ်မောင် ရောက်လာပါတယ်။ “ဆရာ့ကိစ္စမေးဖို့သွားတာ၊ မချိုသင်းတို့ ညီအစ်မတွေ ကျနော့်ကို ဝိုင်းအော်ကြတာဗျာ၊ ကျနော်လန့်တောင်လန့်သွားတယ်” တဲ့။

ဟုတ်မှာပါ။အမြဲချိုပြုံးနေပြီး သိမ်မွေ့တဲ့ ချိုသင်းတို့ သူ့ကို သံကုန်ဟစ်အော်တော့ လန့်သွားတယ်ဆိုတာ သဘာဝကျပါတယ်။အဲဒါ ကျမတို့အဖွဲ့ ကိုဉာဏ်မောင်ကို နောက်ဆုံးတွေ့ရတာပါ။ကိုဉာဏ်မောင် အရေးယူခံရကြောင်းကြားပေမယ့်၊ ဘယ်အတိုင်းအတာထိ ပြစ်ဒဏ်ပေးခံရသလဲ မသိပါ။

ဆရာဦးဝင်းမွန်တုန်းကလဲ ဆရာ့ကို ၈၈ မှာ ဟောပြောလို့ဆိုပြီး၊ ထောက်လှမ်းရေးရဲ့ အဖမ်းစာရင်းထဲ ပါနေတယ်။ဗိုလ်ချုပ်ခင်ညွန့်အောက်က အရာရှိတစ်ယောက်က၊ စာရင်းကိုကြည့်ပြီး “ခင်ဗျားတို့ ကြည့်လုပ်ကြ။ဖမ်းမယ့်စာရင်းမှာ ဝင်းမွန်လည်း ပါနေတယ်။အောင်ခန့်လည်း ပါနေတယ်။ဝင်းမွန်က အမည်ရင်း။အောင်ခန့်က သူ့ကလောင်နာမည်ဗျ။လူတစ်ယောက်ထဲ။ပြီးတော့ သူဘာဟောလဲ နားထောင်ကြည့်ကြဦး။လောဘ၊ ဒေါသ၊ မောဟက သူ့သားကိုသတ်တာလို့ ဟောထားတာဗျ” ဒီလိုနဲ့ ဆရာဦးဝင်းမွန် အဖမ်းမခံရတော့ပါဘူး။ဆရာဦးဝင်းမွန်ကတော့ သူ့အမည် အဖမ်းစာရင်းပေါက်တာလဲ မသိခဲ့ဘူး။ ၈၈ အပြီး နှစ်အတော်ကြာမှ ဒီဖြစ်ရပ်ကို ပြန်သိရတာလို့ ပြောပြပါတယ်။

အခုလည်း ဆရာတင်မိုးရဲ့ အမည်ရင်း “ဦးဘဂျမ်းဆိုတာကို” အပ်ကျကိုယ်တော်တို့ မသိလို့၊ ဆရာ အနှောင့်အယှက်ကင်းကင်း လွတ်လပ်စွာ နေနိုင်ပြောနိုင်တဲ့ဆီ ရောက်သွားတာပါ။ကြံဖန်ဂုဏ်ယူရရင် ဘဝရပ်တည်ရေး တစ်ခုတည်းကြည့်ပြီး ပေါင်းစားရင်ရပါရဲ့နဲ့၊ အခက်အခဲကိုသာ ရင်ဆိုင်ခဲ့တဲ့ ဆရာတင်မိုးကလဲ မြန်မာစာသမားပါ။သားတစ်ယောက် ဆုံးရှုံးလိုက်ရတာကို ဒေါသနဲ့ မတုံ့ပြန်ဘဲ၊ ဗုဒ္ဓတရားတော်နဲ့ ကပ်ပြပြီး အဆိုးလောကဓံကို ရင်ဆိုင်ခဲ့တဲ့ ဆရာဦးဝင်းမွန်ဆိုတာလဲ၊ မြန်မာစာဌာနက ဆရာပါ။

ဆရာတင်မိုး မပါတော့တဲ့ အစအစ စနေဝိုင်းဟာ၊သိသိသာသာ ခြောက်သွေ့သွားပါတယ်။အဝေးက စာရေးဆရာ၊ နယ်ကစာရေးဆရာတွေလဲ အလာနည်းသွားပါတယ်။အစအစအဖွဲ့ လူစုံပြီဆိုတာနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြတာက၊ ဆရာတင်မိုးကို သတိရကြောင်း၊ အသံတိတ်သင်္ကေတပါပဲ။

စနေ တစ်ရက်မှာတော့ လူစုံချိန်မှာ၊ ပန်းချီယဉ်မင်းပိုက်က ဘေးဘီအခြေအနေကိုကြည့်ပြီး၊ သူ့အင်္ကျီအိတ်ထဲက ပို့စ်ကတ်လေးကိုထုတ်ပြီး အနီးဆုံးက ဆရာရှမ်း (မောင်လင်းယုန် - ရှမ်းပြည်) လက်ထဲ ထည့်လိုက်ပါတယ်။ဆရာရှမ်းက ပို့စ်ကပ်လေးကို ရှေ့ဘက် ကျောဘက် နှစ်ဘက်စလုံးကိုကြည့်ပြီး၊ ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း၊ ပြုံးနေပါတယ်။ပို့စ်ကတ်လေးက ကျမတို့ တစ်ယောက်ပြီး တစ်ယောက်ရဲ့ လက်ထဲ ရောက်လာပါတယ်။ပို့စ်ကတ်လေးရဲ့ ကျောဘက်မှာ အစအစအကုန်လုံးရဲ့ နာမည်အတိုကောက် တစ်လုံးစီရေးထားပါတယ်။အားလုံးကို သိပ်သတိရတယ်ဆိုတာဖတ်ပြီး ဝမ်းနည်းဝမ်းသာဖြစ်ကြရပါတယ်။

ငါးလက်မ - လေးလက်မ အရွယ်လောက်ရှိတဲ့ ဒီပို့စ်ကတ်လေးပေါ်မှာ ဆရာတင်မိုးနဲ့ ကျမတို့ရဲ့ စိတ်လိပ်ပြာလေးတွေ နားခိုနေပါတယ်။စေ့စေ့တွေးရင် အင်မတန်ဝမ်းနည်းစရာကောင်းတာက ဒီပို့စ်ကတ်လေးကိုကြည့်ခါနီး၊ ဘေးဘီအခြေအနေကောင်း၊ မကောင်း သတိထားရတဲ့အဖြစ်ပါ။

ကျမတို့ဟာ ဆရာ့အကြောင်း၊ လက်ရှိ ဆရာ လေလှိုင်းပေါ်က ပြောနေရွတ်နေတာတွေကို လေသံတိုးတိုးနဲ့ ပြောကြရင်း၊ ပို့စ်ကတ်လေးကို ယဉ်မင်းပိုက်က ပြန်သိမ်းလိုက်ပါတယ်။

ခင်မင်သူတွေကြားက မေတ္တာသင်္ကေတ ပို့စ်ကတ်လေးဟာ၊ တစ်စုံတစ်ယောက်တွေ့သွားရင်၊ ပြည်ပြေးနဲ့ဆက်သွယ်မှု ဘာညာကွိကွတွေအဖြစ် ပြောင်းလဲသွားနိုင်ရုံသာမက၊ အဆင်မသင့်ရင် ပုဒ်ထီးပုဒ်မတွေ အကပ်မခံရဘူးလို့၊ ဘာအာမခံချက်မှ မရှိပါ။အဲဒီနေ့က တွေးမိတာတော့၊ ငါတို့ဘဝတွေက ဘာလဲဘယ်လဲဆိုတဲ့ မေးခွန်းပါ။

“ငါတို့ဘဝတွေက ဘာလဲ၊ ဘယ်လဲ” ဆိုတဲ့ ကျမရဲ့အတွေးကို ငါတို့လူတွေရဲ့အတွေး ဒီလိုဖြစ်လာစေသူထဲမှာ ငါတို့ပါမနေတာကဘဲ၊ ငါတို့ဘဝတွေက နေပျော်တဲ့ဘဝတွေပါဆိုတဲ့ အတွေးနဲ့ အစားထိုး ကြိုးစားဖယ်ထုတ်လိုက်ပါတယ်။

ကျမတို့တတွေရဲ့ဘဝ တကယ်နေပျော်တာတွေ ပြန်တွေးတော့၊ ဆရာရှမ်း (မောင်လင်းယုန် - ရှမ်းပြည်) ရဲ့ “ဂန္တဝင်ပျိုးခင်း” လေး ပေါ်လာပါတယ်။ ဆရာရှမ်းလဲ အင်းစိန်တောရမှာ ရက်ရှည်နေခဲ့ဖူးသူပါ။ဆရာ အင်းစိန်တောရထဲမှာ လူငယ်တချို့ကို အင်္ဂလိပ်စာသင်ပေးခဲ့သလို၊ ပြင်ပပြန်ရောက်လာတော့လဲ လူငယ်လူလတ် စာရေးဆရာတွေကို “ဂန္တဝင်ပျိုးခင်း” ဆိုတဲ့နာမည်လေးနဲ့ အင်္ဂလိပ်စာ သင်ကြားပေးပါတယ်။

ဆရာသင်ကြားပေးလိုက်သူတွေထဲမှာ အောင်မြင်လူသိများတဲ့ စာရေးဆရာနေဝင်းမြင့်၊ စိုးမြင့်လတ်၊ ဧရာဝတီကိုအောင်ဇော်တို့လိုသူတွေ ပါကြပါတယ်။ဂန္တဝင်ပျိုးခင်းထွက် တခြားလူငယ်လူလတ်စာရေးဆရာတွေလဲ အတော်များများရှိကြပါတယ်။

ခေါင်းထဲပေါ်လာတဲ့ နောက်တစ်ဦးက စာရေးဆရာတွေကြားမှာ ဆရာလေးလို့ခေါ်ကြတဲ့ “ဒေါက်တာတင် စံဦး” ပါ။ဆရာလေးက အစအစ စနေဝိုင်းကို ပုံမှန်မလာပေမယ့် ကြိုကြားသာလာပေမယ့်၊ အစအစအားလုံးက သူ့ကို သိကျွမ်းခင်မင်ကြပါတယ်။ဆရာလေးက စာကဗျာ ဝါသနာပါတယ်။စာမျိုးစုံဖတ်ပြီး ကိုယ်တိုင်စာရေးပေမယ့်၊ သုတစာပေ အရေးများပါတယ်။သူရေးတဲ့ ဆေးပညာပေးစာအုပ်တွေထွက်လာရင်၊ ကျမတို့ကို လက်ဆောင်ပေးတတ်ပါတယ်။ဆရာလေး ကဗျာရေးပေမယ့် ဆရာလေးကဗျာကို ပုံနှိပ်စာအဖြစ် ဖော်ပြခဲ့သလား၊ မမှတ်မိပါ။

ဆရာလေးက၊ စာရေးဆရာတွေနဲ့ သူတို့မိသားစုတွေ ရောဂါဘယဖြစ်ကြရင်၊ အိမ်တိုင်ယာရောက် လိုက်ကြည့်ပေး၊ ကုသပေးတတ်ပါတယ်။ဒါကြောင့် ဆရာလေးကို အစအစတွေသာမက၊ တခြားစာရေးဆရာ အတော်များများကလည်း သိကြပါတယ်။

ကျမမှတ်မိသမျှ အစအစအုပ်စုထဲမှာ ဆရာလေး အစောဆုံးကုသပေးရသူက၊ ဆရာမောင်ခိုင်မာပါ။အားလုံးသိတဲ့အတိုင်း၊ မောင်ခိုင်မာဟာ ကဗျာအရေးကောင်းပြီး၊ ကဗျာစာဖတ်ပရိတ်သတ် အခိုင်အမာရှိသူပါ။ဒါ့အပြင် “ရှင်မရေ” ကဗျာစုဟာ သူ့ပရိတ်သတ်ကြားမှာ ကျော်ကြားခဲ့တဲ့ ကဗျာစာအုပ်ပါ။

ဒီလိုပါပဲ၊ တခြားအစအစတွေမှာလဲ ကိုယ်စီကောင်းကွက်လေးတွေ တွေ့ရတာတွေကို ပြန်ဆင်ခြင်ပါတယ်။ဒီတော့မှ ဘာလဲ ငါတို့ဘဝက ငါတို့ခင်မင်သူဆီက ရောက်လာတဲ့ ပို့စ်ကတ်တစ်ခုကိုတောင် ခိုးကြောင်ခိုးဝှက်ကြည့်ရတဲ့ ကလေကဝတွေလားရယ်လို့ ထိပ်ပေါ်တက်နေတဲ့ မကျေနပ်မှု (ဒေါသ) ကို ချေဖျက်ရပါတယ်။

စာရေးဆရာအများစုက ရရစားစားတွေဆိုတော့၊ ကျန်းမာရေးကို အိတ်စိုက်လူစိုက် ကုသပေးတဲ့ ဆရာလေး (ခေါ်) ဒေါက်တာတင်စံဦးကို အားကိုးကြပါတယ်။စာရေးဆရာတွေရဲ့ မိသားစုဝင်တွေ နာဖျားမကျန်းဖြစ်ကြရင်လည်း၊ ဆရာလေးကုသပေးတာမို့၊ စာရေးဆရာတွေသာမက၊ မိသားစုဝင်တွေကပါ ဆရာလေးကို သိကြ၊ ခင်မင်ကြ၊ ချစ်ကြပါတယ်။

အစအစထဲမှာ ပထမဆုံးကွယ်လွန်သူက ဆရာမောင်ခိုင်မာပါ။ ဆရာလေး ဂရုတစိုက်ကုပေးနေတဲ့အပြင်၊ တခြားအထူးကုဆရာဝန်တယောက်နဲ့ပါ ကုသရင်း ၂၀၀၄ မှာ၊ ဆရာမောင်ခိုင်မာ ကွယ်လွန်ပါတယ်။ကြူးနစ်ကိုတော့ ကျမက တစ်သက်လုံးပေတေနေမယ်ထင်ခဲ့ပေမယ့် သူက ဘုန်းကြီးဝတ်သွားတာ ခုထိပါပဲ။

ဆရာတင်မိုးက ပြည်ပရောက်သွားတယ်။မောင်ခိုင်မာ ဆုံးပါးသွားတယ်။ဆရာဖေမြင့်လဲ မြို့ထဲပြောင်းသွားပြီ။တဖြည်းဖြည်း အစအစ စနေဝိုင်းဟာ လူနည်းလာပါတယ်။ဒါ့အပြင် ဒီအုပ်စုက အနီတွေကို လက်ခံနေတယ်လို့ တိုင်တောခံရတာကြောင့်၊ အစိမ်းဝတ်တို့ရဲ့ အပွင့်အခက်ကြီးကြီးတစ်ယောက်ကိုယ်တိုင် ရပ်ကွက်ရုံးထိ ရောက်လာတာကြောင့်၊ ရပ်ကွက်ဥက္ကဋ္ဌက အစအစတို့ သတိထားဖို့ ခေါ်ပြောလာပါပြီ။

အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး၊ တစ်ပတ်မှာ စနေမနက်ပိုင်း တစ်ပိုင်းလေး စုကြ၊ ဆုံကြ၊ ထွေရာလေးပါး ပြောကြတာတောင် အပြစ်ရယ်လို့ ဖြစ်ချင်ဖြစ်လာနိုင်တယ်ဆိုတာ အားလုံးသိကြပြီး၊ စိတ်မကောင်းဖြစ်ကြရပါတယ်။သူတို့က အနီတွေလို့သတ်မှတ်ထားတဲ့ အဝေးကရောက်လာသူ စာရေးဆရာတွေခမျာ စာအကြောင်းပေအကြောင်းပဲပြောကြတာပါ။လူစုကွဲပြီးရင်လည်း ဘယ်နေရာမှာမှ ထပ်မဆုံဖြစ်ကြသူတွေပါ။အော် - လူစုတယ်ဆိုရင်ပဲ သံသယဖြစ်ခံရပါလားလို့ စိတ်မသက်မသာဖြစ်ကြပါတယ်။

ဒီလိုနဲ့ ဆုံရမယ့် ဆိုင် မသတ်မှတ်တော့ဘဲ၊ ကြုံရာဆိုင်မှာ ထိုင်ကြပါတယ်။အစအစတို့အတွက် ဖြေမဆည်နိုင်တဲ့နေ့က ဆရာတင်မိုး ကွယ်လွန်ပြီလို့ လေလှိုင်းကတစ်ဆင့် ကြားသိရတဲ့နေ့ပါ။ဆရာတင်မိုးဟာ အစအစထဲက ဒုတိယမြောက် အပြီးတိုင်ထွက်ခွာသွားသူပါ။တရွေ့ရွေ့ကုန်ဆုံးလာတဲ့ အချိန်ကာလနဲ့အတူ၊ အစအစတွေလဲ တမလွန်သံသရာခရီးထွက်သူများလာပါတယ်။

ဆရာတင်မိုးပြီးတော့၊ ကာတွန်းခမ်းဘို (ဆောင်းပါးလဲ အနည်းအကျဉ်းရေးသူ)၊ ဆရာမောင်တင်ဆင့်တို့လဲ ထွက်ခွာသွားကြပါပြီ။အစအစထဲမှာ အရွယ်အားဖြင့် အကြီးဆုံးဖြစ်တဲ့၊ ဆရာရှမ်း (မောင်လင်းယုန် - ရှမ်းပြည်) ကို၊ အားလုံးက ဝိုင်းဂရုစိုက်ကြပါတယ်။ဆရာတိုက်စိုး (ဦးသန်းထွတ်) လည်ချောင်းကင်ဆာဖြစ်တော့ ဂရုတစိုက်ကြည့်ရှုပေးခဲ့သူ၊ စာရေးဆရာအတော်များများနဲ့သူတို့ရဲ့ မိသားစုကို ကြည့်ရှုကုသပေးခဲ့သူ ဆရာလေးကိုယ်တိုင်လဲ လည်ချောင်းကင်ဆာဖြစ်ပြီဆိုတဲ့ သတင်းက ကျမတို့ကို တုန်လှုပ်သွားစေပါတယ်။

(ဆက်လက်ဖော်ပြပါမည်။)

ခင်နှင်းဦး