【 ဆောင်းပါး 】 မေတ္တာစိမ့်စမ်းရေ - ၅

【 ဆောင်းပါး 】 မေတ္တာစိမ့်စမ်းရေ - ၅

ဆရာလေး ပင်လုံဆေးရုံတက်နေရတာကိုတော့၊ အစအစတွေနဲ့ မြသွေးကို ဖုန်းဆက်အသိပေးလိုက်ပါတယ်။

နောက်နေ့ကျတော့ မြသွေးဆီက “မနက်ဖန် ဆရာလေးဆီ သွားမယ်။အမ မမြငြိမ်းသား၊ ကိုစိုးငြိမ်းက ကားနဲ့လိုက်ပို့မယ်။အမလိုက်မယ်ဆိုရင် အမမြငြိမ်းနဲ့ ချိတ်လိုက်ပါ” တဲ့။

ဒါနဲ့ မေ ၁ ရက်နေ့မှာ၊ ကိုစိုးငြိမ်းကားနဲ့ မမြငြိမ်း၊ မြသွေး၊ ရုပ်ရှင်တေးကဗျာ တင်တင်ဦးနဲ့ ကျမတို့ ဆရာလေးဆီ သွားကြပါတယ်။

ပင်လုံဆေးရုံ၊ ပထမထပ်က ဆရာလေးအခန်းထဲ ကျမတို့ဝင်လာတာမြင်တော့၊ စာအုပ်နဲ့ ဘောလ်ပင်ကို ဆရာလေးကောက်ကိုင်ပြီး စာရေးပါတယ်။ပြီးတော့ ဆရာလေးကုတင်နဲ့ အနီးဆုံးမှာရပ်နေတဲ့ မြသွေးကို စာအုပ်လှမ်းပေးပါတယ်။စာက မြသွေးကို ဦးတည်ရေးထားတယ်။ချုပ်လိုက်ရင် သူသွားရတော့မယ်လို့ ရေးထားတာပါ။

မြသွေးအဖေကိုရော အမေကိုပါ ဆရာလေးကုသပေးခဲ့တာမို့၊ မြသွေး အတော်စိတ်ထိခိုက်သွားတာကို အထင်းသားမြင်လိုက်ရပါတယ်။ကျမတို့လည်း သူ့စာအောက်မှာ “ဆရာလေး အကြာကြီးနေရဦးမှာ။အားတင်းထားပါ။လူနာတွေအပေါ်ထားခဲ့တဲ့ မေတ္တာစေတနာအကျိုး ခံစားရမှာပါ” စသဖြင့် ပြန်ရေးကြပြီး စာအုပ်ကို ဆရာလေးလက်ထဲ ထည့်ပေးလိုက်ပါတယ်။

ဆရာလေးက စာတွေဖတ်ပြီး ပြုံးနေရင်း စာထပ်ရေးပြီး ကျမတို့ဆီ စာအုပ်ကို ပြန်ပေးပါတယ်။

“ဒီနေ့ ကျနော် စတုဒီသာအလှူလုပ်မှာ။အောက်ထပ်က ထမင်းဆိုင်မှာ ငခူငါးဆုပ်ဟင်း ချက်ခိုင်းထားတယ်။စားသွားကြ” တဲ့။

ဆရာလေးကို သူ့ညီမ ဖြူဖြူနဲ့ သူ့သားတပည့် ကျော်ကျော်တို့ စောင့်ပေးနေကြပါတယ်။မကြာခင် သန်းမြင့်အောင် ရောက်လာပါတယ်။သန်းမြင့်အောင် လက်ထဲမှာ လက်ဖက်ရည်ခွက်တွေနဲ့ ထမင်းဖြူထုတ်တွေ ပါလာပါတယ်။

ခဏနေတော့ ဆရာမောင်သာချို၊ ဆုပြည့်စုံထွန်းစာပေ ကိုမြင့်ထွန်းတို့ဇနီးမောင်နှံတို့ ထပ်ရောက်လာကြပါတယ်။

လူစုံတက်စုံဖြစ်လာပြီး၊ သန်းမြင့်အောင်ယူလာတဲ့ ထမင်းနဲ့ အောက်ထပ်ကပို့ပေးတဲ့ ငခူငါးဆုပ်ဟင်းကို စားကြ၊ လက်ဖက်ရည်သောက်ကြတာကို ကုတင်ပေါ်မှာ ထိုင်နေတဲ့ ဆရာလေးကြည့်ပြီး ပြုံးနေပါတယ်။

ဆရာလေး ကုတင်ပေါ်ကဆင်းပြီး ထမင်းဝိုင်းဆီလာဖို့ ဟန်ပြင်ပေမယ့် ခဏလေးမတ်တတ်ရပ်ပြီး ကုတင်ပေါ် ပြန်ထိုင်လိုက်ပါတယ်။အော် - လမ်းလျှောက်ဖို့ ခက်ခဲသွားပါပကော။

ကျမတို့ ကိုမြင့်ထွန်းတို့ပေးတဲ့ စာအိတ်တွေကို ဆရာလေး ဖွင့်မကြည့်ဘဲ ဆရာမောင်သာချို့လက်ထဲ ထည့်ပေးနေပါတယ်။မောင်သာချိုက အကြောက်အကန်ငြင်းပြီး၊ စာအိတ်တွေကို ကုတင်ပေါ် ပြန်တင်လိုက်ပါတယ်။အဲဒီနောက် ဆရာမောင်သာချို ကျမတို့နားလာရပ်ပြီး သူ့ပုဆိုးကို ဒူးဆစ်ထိ မပြပါတယ်။ဒူးရဲ့ ဟိုဘက်ဒီဘက် နှစ်နေရာချိုင့်ဝင်နေပြီး ညိုမည်းနေပါတယ်။

“ကျနော်က ဒူးမှာ ကင်ဆာဆဲလ်တွေ့လို့ ဓာတ်ကင်နေရတာ ဆရာမရေ။အဲဒါ ကျနော့်ကို သူကပိုက်ဆံပေးနေတာ” တဲ့။

အော် - ကင်ဆာဖြစ်သူတွေများလာတယ်ဆိုတာ မှန်နေပါပကော။ဟိုတုန်းက ကမ္ဘာမှာ မြန်မာက ကင်ဆာဖြစ်နှုန်း ဒုတိယအများဆုံး။အခု ကမ္ဘာမှာ မြန်မာက ကင်ဆာဖြစ်တာ ပထမစွဲသွားပြီဆိုတဲ့၊ အညွှန်းကိန်းတစ်ခုကို ပြန်သတိရလာပါတယ်။

ဆရာလေးဆီကို ဧည့်သည်တွေထပ်ရောက်လာလို့၊ အခန်းအနေအထားအရ ဆရာလေးကိုနှုတ်ဆက်ပြီး ကျမတို့ပြန်ဖို့ပြင်ကြပါတယ်။ဆရာလေးက စာအုပ်လေးကိုထိုးပေးလို့ ယူဖတ်လိုက်တော့၊ “နောက်နေ့လာခဲ့ကြဦးတဲ့”။

အော် - ဆရာလေးရဲ့ အပေါင်းအသင်းမင်တဲ့စိတ်။ဟိုတုန်းက သူကလာတာ။အခု သူ့ဆီလာကြဖို့ မျှော်ရရှာပြီ။ပင်လုံရှိနေတာက မြောက်ဒဂုံ။ကျမတို့က တောင်တစ်ယောက် မြောက်တစ်ယောက်စုပြီး လာကြရတာ။မောင်စိုးငြိမ်း စိတ်ရှည်လက်ရှည် ကားမောင်းပို့ပေးပေလို့။ဒီနားမှာပဲ အမ နတ်မောက်အနီချို ရှိတယ်ဆိုလို့၊ ကျမတို့ အမအနီချိုဆီ ဆက်သွားကြပါတယ်။မမချိုက ကော်ဖီဖျော်တိုက်ပြီး ဖီးကြမ်းငှက်ပျောတစ်ဖီး ချပေးပါတယ်။ကျမတို့ အကြောင်းအရာပေါင်းစုံ ပြောကြဆိုကြပြီး၊ ညနေစောင်းမှ ပြန်ခဲ့ကြပါတယ်။

နောက် ၃ ရက်ကြာတော့ စာရေးဆရာမ မိချမ်းဝေရဲ့ အိမ်ဦးနတ် ဦးစိုးမြင့်က ဖုန်းဆက်ပါတယ်။

“မေ ၂၂ ဟာ ဆရာလေး မွေးနေ့။ဒါပေမဲ့ ဆရာလေး ပင်လုံဆေးရုံပြန်တက်ရမှာမို့ ၁၉ ရက်နေ့မှာ ဆည်းဆာရိပ်မှာ လုပ်ပေးမယ်။လူရင်း ၃၀ လောက်ဖိတ်မယ်။ကံ့ကော်ဝတ်ရည် ဝိုင်းဝိုင်းက စားသောက်စရာ တာဝန်ယူတယ်။ကျန်တဲ့ နေရာထိုင်ခင်းကိစ္စ စတာတွေကိုတော့ သန်းမြင့်အောင် တာဝန်ယူတယ်။လာခဲ့ပါ” တဲ့။

ဒါပေမဲ့ ၁၈ ရက်နေ့ကြတော့ ဦးစိုးမြင့်က ၁၉ ရက်နေ့ မလုပ်ပေးဖြစ်ဘူး။ဆရာလေးတော့ ဆေးရုံပေါ်ပြန်ရောက်သွားပြီတဲ့။

တစ်ခါ မေ ၂၂ ရက်နေ့ ညမှာတော့၊ မြသွေးဆီက ဖုန်းလာပြန်ရော။

“အမရေ ဆရာလေးက ဒီနေ့ဆေးရုံကဆင်းရတယ်။ဒီနေ့ပဲ ဆည်းဆာရိပ်မှာ အကျဉ်းချုံးပြီး သူ့မွေးနေ့လုပ်ပေးလိုက်ကြတယ်။အမတို့ကိုလည်း မဖိတ်ဖြစ်တော့ဘူး။ပြီးတော့ ဆရာလေးကို ဆည်းဆာရိပ်မှာနေဖို့ ပြင်ပေးထားတာ။မနေဘူးဆိုလို့ ကျောက်မြောင်းတိုက်ခန်းကို လိုက်ပို့ပေးလိုက်ရတယ်” တဲ့။

နောက်နေ့ ဖေ့စ်ဘုတ်မှာတော့ ဆရာလေးက လက်ဖက်ရည်ဆိုင်ထိုင်ချင်တယ်ဆိုလို့ စာရေးဆရာနှစ်ယောက်ကတွဲပြီး လက်ဖက်ရည်ဆိုင်သွားတဲ့ပုံတွေ၊ ဆရာလေးမွေးနေ့ကို ကျင်းပပေးတဲ့ပုံတွေ တက်လာပါတယ်။

မနှစ်က ကန်လမ်းဘေးက ပလက်ဖောင်းပေါ် လမ်းလျှောက်ပြီး ဆရာလေးနဲ့ ကျမ လက်ဖက်ရည်ဆိုင် သွားခဲ့တာဆိုတော့၊ တစ်နှစ်ကျော်ကျော်အတွင်း ဆရာလေး ကျန်းမာရေးသိသိသာသာယိုယွင်းလာပြီလို့ တွေးရင်း၊ စိတ်မကောင်းဖြစ်မိပါတယ်။

မနှစ်က ပုံမှန်လမ်းလျှောက်နိုင်သေးတယ်။အသံရှတတနဲ့ စကားပြောနိုင်သေးတယ်။အခု လည်ချောင်းအပေါက်ဖောက်လိုက်ရပြီ။အသံထွက်သေးပေမယ့် ထွက်တယ်ဆိုရုံမို့ စာရေးစကားပြောရပြီ။

အစအစအဖွဲ့လည်း လူပြန်စုံပြီ။ဖိုးဇော် (ဇော်ဖိုးထင်) ခရီးသွားရာက ပြန်ရောက်ပြီ။အိမ်ဖျက်ခံရတဲ့ ဆရာလင်းထင်လဲ ဟိုပြေးဒီပြေး နေစရာရှာရရာက အတည်တကျနေစရာရပြီ။ဆရာလေးရှိရာ ကျောက်မြောင်းကို အစအစတို့ ထပ်ချီတက်ကြပါတယ်။

ကျောက်မြောင်းက ဆရာလေးနေတဲ့ တိုက်ခန်းက ပထမထပ်မှာရှိပေမယ့်၊ တက်ရတဲ့ လှေခါးက မတ်စောက်ပါတယ်။ဆရာလေး ညီမ ဖြူဖြူက တံခါးဖွင့်ပေးပါတယ်။အခန်းထောင့်က ကုတင်ပေါ်မှာ ဆရာလေး လှဲအိပ်နေတယ်။ကျမတို့အသံကြားတော့ ထလိုက်ပေမယ့် ကျမတို့ဆီ မလာနိုင်ဘဲ ကုတင်ပေါ်မှာပဲ ခြေတွဲလောင်းချပြီး ထိုင်နေပါတယ်။ကျမတို့က ဆရာလေးကုတင်နားသွားပြီး ဝိုင်းထိုင်ကြတယ်။ထွေရာလေးပါးပြောကြတယ်။

ယဉ်မင်းပိုက်က “ဆရာလေး ပြန်ကောင်းလာမှာ။ဒီတော့မှ ဘီယာမော့ကြတာပေါ့” ဆိုတော့၊ ဆရာလေး သဘောကျနေပါတယ်။

ဆရာကြည်နိုင်က “စာပေပွဲတပွဲတုန်းက ဆရာလေး မှတ်မိလား။အဲဒီစာရေးဆရာမက ဆရာလေးကို တကယ်ကြွေနေတာဗျ။ထမင်းစားတော့ ဆရာလေးနားက မခွာတော့ဘူးလေ” ဒီတစ်ခါမှာတော့ ဆရာလေး အသံထွက်ရယ်ရုံမက၊ လက်ပါခါပြပါတယ်။ခဏနေတော့။သူ့ဖုန်းကင်မရာကိုဖွင့်ပြီး ဖြူဖြူလက်ထဲ ထည့်လိုက်ရင်း ဓာတ်ပုံရိုက်ပေးပါလို့ပြောပြီး ကျမနဲ့ ယဉ်မင်းပိုက်ကြား လာရပ်ပါတယ်။သူ့ညီမက ဓာတ်ပုံရိုက်ပြီးသွားပေမယ့်၊ ဖိုးဇော်က သူ့ဖုန်းနဲ့လည်း ရိုက်ပေးပါဆိုလို့ ဖြူဖြူက ဖုန်းပြောင်းကိုင်လိုက်ပါတယ်။ဆရာလေးက ကုလားထိုင်ပေါ်မှာထိုင်နေတဲ့ ကျမနဲ့ ယဉ်မင်းပိုက် ပခုံးတွေကို သူ့လက်နှစ်ဘက်နဲ့ အားပြုပြီး ကုတင်ပေါ် အားလျားမှောက်ချလိုက်ပါတယ်။ကုတင်ပေါ်မှာ အမောတကော အသက်ရှူနေရရှာပါတယ်။

အော် - ဆရာလေး တစ်မိနစ် ၂ မိနစ်တောင် မတ်တတ်ရပ်ဖို့ ခဲယဉ်းသွားပြီ။ ၂ လှမ်းလောက်သာလှမ်းရမယ့် ကုတင်ပေါ် မလှမ်းနိုင်လို့ အားလျားမှောက်ချရပြီ။

(ဆက်လက်ဖော်ပြပါမည်။)

ခင်နှင်းဦး