【 ဆောင်းပါး 】 မောင်းသူမဲ့လေယာဉ်များ သုံးစွဲ၍ သီးနှံစိုက်ပျိုးမှု စာရင်းကောက်ရန် စီစဉ်လာ

【 ဆောင်းပါး 】 မောင်းသူမဲ့လေယာဉ်များ သုံးစွဲ၍ သီးနှံစိုက်ပျိုးမှု စာရင်းကောက်ရန် စီစဉ်လာ

မြန်မာနိုင်ငံအတွင်းတွင် သီးနှံစိုက်ပျိုးမှုစာရင်းများကို လုပ်ဆောင်သည့်အခါ သာမန်အားဖြင့် လူအင်အားအသုံးပြုပြီး စာရင်းများကောက်ယူ လုပ်ဆောင်ခဲ့ရာမှ ယခုနောက်ပိုင်းတွင် အဆင့်မြှင့်တင်၍ မောင်းသူမဲ့လေယာဉ် (Drone) များကို အသုံးပြုကောက်ယူသည့် စနစ်မျိုးကို အကောင်အထည်ဖော်သွားရန် စီစဉ်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။
 
စိုက်ပျိုးရေးကဏ္ဍတွင် မောင်းသူမဲ့လေယာဉ်များ အသုံးပြုခြင်းသည် စိုက်ပျိုးရေးပညာရှင်များ၊ စိုက်ပျိုးရေးအင်ဂျင်နီယာများနှင့် လယ်သမားများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုကို လွယ်ကူချောမွေ့စေပြီး ကောက်ပဲသီးနှံများကို ထိရောက်သော ထိုးထွင်းသိမြင်မှုရရှိစေရန် ခိုင်မာသောအချက်အလက် ခွဲခြမ်းစိတ်ဖြာမှုကို အသုံးပြုနိုင်မည့် အခြေအနေမျိုးဖြစ်သည်။
 
မြန်မာနိုင်ငံတွင် လုပ်ဆောင်မည့် အဆိုပါအစီအစဉ်မှာ လန်ချန်း-မဲခေါင် ပူးပေါင်းမှု အထူးရန်ပုံငွေ ၂ဝ၂၂ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းအနက်မှ တစ်ခုဖြစ်သော သီးနှံအထွက်နှုန်း ဆန်းစစ် အကဲဖြတ်စင်တာ၏ ဆောင်ရွက်မည့် အစီအစဉ်လည်းဖြစ်သည်။
 
ကောက်ပဲသီးနှံ စာရင်းကောက်ယူခြင်းနှင့် စိုက်ပျိုးရေးတွင် မောင်းသူမဲ့လေယာဉ် (Drone) များကို အသုံးပြုခြင်းသည် သီးနှံစိုက်ပျိုးမှုနှင့် ပတ်သက်သည့် ထိရောက်သော အချက်အလက်များကိုရရှိစေကာ စိုက်ပျိုးရေးဆိုင်ရာ မူဝါဒများ ရေးဆွဲရာတွင် အထောက်အကူများဖြစ်လာစေသလို စားနပ်ရိက္ခာဆိုင်ရာ မူဝါဒများအတွက် အကျိုးများစွာ ဖြစ်ထွန်းစေခဲ့သည်။ထို့ကြောင့်ပင် မြန်မာနိုင်ငံတွင်လည်း လူအင်အားအသုံးပြု၍ သီးနှံစိုက်ပျိုးမှု စာရင်းကောက်ယူမှုအခြေအနေမှ ယခုလို မောင်းသူမဲ့လေယာဉ် (Drone) များကို အသုံးပြုကောက်ယူသော စနစ်ကို ထူထောင်ခြင်းဖြင့် အချိန်တိုအတွင်း လွယ်ကူလျင်မြန်၍ ထိရောက်သည့် အခြေအနေမျိုးဖြစ်စေလာစေမည်ဟု ဆိုထားကြသည်။ထို့အပြင် စိုက်ပျိုးရေးလုပ်ငန်းများအတွက် သီးနှံစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်မှု၊ ပိုးမွှားရောဂါများကျရောက်မှု၊ စိုက်ပျိုးရေ လုံလောက်မှုအခြေအနေများ၊ ပိုးသတ်ဆေး၊ မြေဩဇာများဖြည့်သွင်းခြင်းအပါအဝင် စိုက်ပျိုးမှုဆိုင်ရာစနစ်များအတွက် လိုအပ်ချက်အခြေအနေများကိုပါ သုံးသပ်လုပ်ဆောင်နိုင်မည့် အခြေအနေများစွာလည်းရှိသည်။
 
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်ခြင်းကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှ တောင်သူများ၏ဘ၀ကို မြင့်မားကာ အကျိုးများစွာရှိစေသည့်အပြင် ပြည်ပစျေးကွက်သို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံအတွက်လည်း အကျိုးများစွာ ဖြစ်ထွန်းစေလျက်ရှိသည်။ရေကြီးခြင်း၊ မိုးခေါင်ခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်သည့် ဒေသများကို ကူညီလုပ်ဆောင်ရာတွင် ထိရောက်သည့် စီမံခန့်ခွဲမှုများကို လုပ်ဆောင်နိုင်သလို အကျိုးများစွာဖြစ်ထွန်းစေသည့် အခြေအနေလည်းဖြစ်သည်။
 
ကမ္ဘာ့နိုင်ငံများတွင်လည်း အစိုးရဌာနများ (သို့မဟုတ်) စိုက်ပျိုးရေးအေဂျင်စီများက သီးနှံစိုက်ပျိုးမှုစာရင်းများကို သိရှိစေရန်အတွက် ခေတ်မီနည်းပညာများကို တွင်ကျယ်စွာ အသုံးပြုလုပ်ဆောင်လျက်ရှိရာ ယင်းကဲ့သို့သော နည်းလမ်းများဖြင့် အသုံးပြု၍ ကောက်ယူလုပ်ဆောင်မှုမှာလည်း အရေးပါသည့် လုပ်ငန်းတစ်ရပ်အဖြစ် ပါဝင်လျက်ရှိသည်။သာမန်ထက်ပို၍ တိကျမှုရှိခြင်း၊ လွယ်ကူလျင်မြန်စေခြင်း၊ လူအင်အားသုံးစွဲမှု လျော့ပါးသက်သာကာ အချိန်ကုန်မှုသက်သာခြင်း စသည်ဖြင့် အားသာချက်များစွာလည်းရှိနေခြင်းကြောင့် တွင်ကျယ်စွာအသုံးပြုနေကြလျက်ရှိသည်။ထို့အပြင် Remote Sensing and GIS နည်းပညာကို အသုံးပြု၍လည်း မောင်းသူမဲ့လေယာဉ် (Drone) များကို အသုံးပြု ကောက်ယူရာမှ ရရှိသည့် စိုက်ပျိုးသီးနှံများ၏ အထွက်နှုန်းကိုပါ ဆန်းစစ်အကဲဖြတ်သည့်လုပ်ငန်းများကို ဆောင်ရွက်သွားရန် စီစဉ်ထားကြသည်။
 
ထိုလုပ်ငန်းများကို အကောင်အထည်ဖော်မည့် သီးနှံအထွက်နှုန်း ဆန်းစစ် အကဲဖြတ်စင်တာ အဆောက်အအုံမှာလည်း ပြီးခဲ့သောလပိုင်းအတွင်းက မြန်မာနိုင်ငံ နေပြည်တော်ကောင်စီနယ်မြေက ပုဗ္ဗသီရိမြို့နယ်၌ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။လန်ချန်း-မဲခေါင် ပူးပေါင်းမှု အထူးရန်ပုံငွေဖြင့် လုပ်ဆောင်ခဲ့‌ကြသည့် ထိုစင်တာမှာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနက အကောင်အထည်ဖော်ခြင်းလည်းဖြစ်သည်။
 
မြန်မာနိုင်ငံမှ ပါဝင်ဆောင်ရွက်နေသည့် လန်ချန်း-မဲခေါင် စီမံကိန်းတွင် မဲခေါင်ဒေသတွင်းနိုင်ငံများအတွင်း နိုင်ငံများအသီးသီး၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပြီး သာယာဝပြောမှုကို တိုးမြှင့်ပေးရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ကွာဟနေခြင်းကို လျှော့ချသွားရန်၊ အာဆီယံအသိုက်အဝန်း တည်ထောင်မှုကို အထောက်အကူပြုရန်၊ ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၏ ၂၀၃၀ ရည်မှန်းချက်များကို တိုးမြှင့်အကောင်အထည်ဖော်သွားရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး (South-South Cooperation) ကို တိုးမြှင့်သွားရန် ရည်ရွယ်ကာ ဆောင်ရွက်နေသည့် စီမံကိန်းများလည်းဖြစ်ကြသည်။
 
မြန်မာနိုင်ငံအနေဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များအရ ဦးစားပေး နယ်ပယ် (၅) ခုကို ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူလက်မှတ်ရေးထိုးကာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။ထို့အပြင် လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများက အဆိုပြုထားသည့် စီမံကိန်းများဖြစ်သော မဲခေါင်ဒေသခွဲအတွင်း အကျိုးရှိစေသည့် စီမံကိန်းများ အကောင်အထည်ဖော်ခြင်းကို အခြေခံသည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်လျက်ရှိသည်။
 
မြန်မာနိုင်ငံမှာလည်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းများကို ပြီးခဲ့သော ၂၀၁၇ ခုနှစ်မှစကာ ယခု ၂၀၂၃ ခုနှစ် အထိ အကောင်အထည်ဖော်ဆောင်ရွက်နေပြီး အသေးစားနှင့် အလတ်စား စီမံကိန်း စုစုပေါင်း (၁၀၆) ခုကို  ဆောင်ရွက်ခဲ့ကြသည်။ထို့အတူ စီမံကိန်း (၃၅) ခုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေလျက်ရှိသည်။
 
ထို့ကြောင့် ပြည်တွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်မြင့်မားလာမှုနှင့်အတူ ယင်းလုပ်ငန်းများတွင် Supply Change တစ်လျှောက် ပါဝင်ကြည့် နယ်ပယ်အသီးသီးမှ လုပ်ကိုင်သူများလည်း အကျိုးရှိစေကာ နိုင်ငံ၏ ပို့ကုန်တိုးမြှင့်ရေးကိုပါ အထောက်အကူဖြစ်လာစေလိမ့်မည်။ဒေသတွင်း နိုင်ငံများ၏ စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ ကိစ္စရပ်များအတွက်လည်း အထောက်ပံ့ကောင်းများကို ပေးစွမ်းနိုင်မည်ဖြစ်သည်။
 
ထိုသို့ အောက်ခြေတောင်သူဘ၀အထိ တိုးတက်မြင့်မားလာစေရေးကို အထောက်အကူပြုစေသော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များအရ ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်းများက ဒေသတွင်းနိုင်ငံများမှ အောက်ခြေတောင်သူများ၏ လူနေမှုဘ၀မြင့်မားရေးကို အထောက်အကူဖြစ်စေကာ ထိရောက်အကျိုးရှိစေသည့် စီမံကိန်းများဖြစ်သည်ကို ရေးသားလိုက်ရပါသည်။
 
ဧပရယ်လ်