【 ဆောင်းပါး 】 မောရစ်ကောလစ်၏ ယိုးဒယားဝှိုက် (၃)

【 ဆောင်းပါး 】 မောရစ်ကောလစ်၏ ယိုးဒယားဝှိုက် (၃)

ဘိတ်ဆိပ်ကမ်းတွင် အာဏာအပြည့်အဝရှိနေသော မင်းကြီးချုပ် ဝှိုက်သည် ယိုးဒယားနန်းတွင်းမှ ညွှန်ကြားမှုများကို ရဲဝံ့စွာပယ်ချ၍ သူ့သဘောအတိုင်း လုပ်ဆောင်မှုများပင်ရှိလာသည်။

မဟာမေဒင်တို့သည် ဝှိုက် ပြုလုပ်နေပုံများအတွက် နန်းတွင်းသို့ တိုင်ကြား၏။နန်းတွင်းကလည်း အလွန်အကျူးမလုပ်ရန် သဘောထားရှိသည်။သို့သော် ဝှိုက်က ဘာကိုမှမလိုက်နာ။နန်းတွင်းက ပြင်သစ်နှင့် အခိုင်အမာအဆက်အသွယ်မရသေးမီ အင်္ဂလိပ်နှင့် အဆင်ပြေစေချင်သည်။ဝှိုက်က အင်္ဂလိပ်နှင့် ပြင်သစ်ကလွဲလျှင် အိန္ဒိယ၊ ရခိုင်၊ ပဲခူး၊ ဟံသာဝတီ၊ တနင်္သာရီကမ်းရိုးတန်းတစ်ကြောတွင် ဓားပြတိုက်ခိုင်းလိုက်သည်။ပင်လယ်တစ်ကြောမှ သင်္ဘောများသည် ဦးသူက ဓားပြတိုက်နေကြသည်ဖြစ်၍ ဘာမျှမစဉ်းစား။သို့သော် ဝှိုက်သည် ယိုးဒယားဘုရင်၏ ထိပ်တန်းရာထူးရှိသူအနေဖြင့် ဆင်ခြင်ဖို့ လိုသည်။သို့သော် မဆင်ခြင်။ထို့ပြင် သူ့ကိုယ်သူအထင်ကြီးနေသော စာမတတ်ပေမတတ် တပည့် "ကုတ်" ကို အားထားခိုင်းစေနေသည်။

"ကုတ်" သည် သင်္ဘောလိုက်၍ ရသမျှကို မဒရပ်တွင် သုံးဖြုန်းနေသူဖြစ်သည်။ဒတ်ခ်ျ၊ ပေါ်တူဂီ၊ အင်္ဂလိပ်၊ ပြင်သစ် လူရာမဝင် တေလေဂျပိုးများနှင့် အုပ်ဖွဲ့နေသူဖြစ်သည်။ကုတ်မှာ လူဆိုးသက်သက်မျှသာဖြစ်၍ မှားသည်မှန်သည်မသိ ဥပဒေလည်းမသိ စိတ်လည်းမဝင်စား သုံးဖြုန်းနိုင်သူဖြစ်၍သာ တပည့်တပန်းပေါနေခြင်းဖြစ်၏။သူက မြန်မာဘုရင် ပဲခူး၊ ဟံသာဝတီကို သူတစ်ယောက်တည်း ချက်ချင်းတက်သိမ်းလျှင် ရတော့မလောက် အထင်ရှိနေသူလည်းဖြစ်သည်။

"ဝှိုက်ကလည်း ရှင်းသည်။ယိုးဒယားဘုရင်၏ အမိန့်ဩဇာကို ဘာမျှနာခံရန်မရှိ၊ သူပြောသလိုလုပ် ပြဿနာသူရှင်းမည်ဟု ပြောထားသည်။

"ကုတ်" သည် သင်္ဘောပိုင် အားမေးနီးယန်း သူဌေးကြီး "ဂျွန်ဒီ မားကိုးရား" နှင့် သိကျွမ်းခဲ့သည်။သူဌေးကြီးသည် ဟံသာဝတီမင်းကြီးနှင့် ကုန်သွယ်ရာမှ ချမ်းသာလာသူဖြစ်သည်။သူဌေးကြီး၏သင်္ဘောမှာ စိန်ရွှေငွေပါလာသည်ကို သိရသဖြင့် ဓားပြတိုက်ချင်နေသည်။မဟာမေဒင်များ၏ တည်ဆောက်ဆဲ တစ်ပင်တိုင်သင်္ဘော (၃) စီးကို ဓားပြတိုက်ရန် သုံးချင်နေသည်။ မဟာမေဒင်များက ဆောက်နေဆဲ မပြီးသေးဟု စကားပြန်သည်ကိုလည်း အမျက်သိုနေသည်။ယိုးဒယားမင်းကို အာဏာဖီဆန်သည်ဆိုကာ ရွှေဒင်္ဂါး ပေါင် (၅၀) နှင့် ရတနာများပါသော သင်္ဘောကို အဓမ္မသိမ်းသည်။နောက်ထပ်သင်္ဘောများကိုလည်း ထပ်သိမ်းပြန်သည်။

ဝှိုက်က တရားသည် မတရားသည် မစဉ်းစား သူလိုချင်တာပေးရမည်။သူသည် ယိုးဒယားဘုရင်၏ အရာထမ်းဖြစ်၍ လေးစားရမည်။ဘုရင့်အမိန့်အရ လုပ်နေသည်ဟု ခပ်တည်တည်ပြောသည်။ကုတ်ကလည်း တွေ့သမျှ သင်္ဘောများကို တိုက်သည်။မီးရှို့သည်။နောက်တော့ ကမ်းရိုးတန်းအိမ်များကိုလည်း မီးရှို့သည်။ယိုးဒယားဘုရင်သို့ တိုင်စာတက်လာသောအခါ သင်္ဘောများ ဆိပ်ကမ်းကိုမကပ်ချင်အောင် ထိုသူများက အုပ်စုဖွဲ့၍လုပ်လာကြသည်။ထို့ကြောင့် ရှင်းလင်းနှိမ်နင်းနေရခြင်းဖြစ်ကြောင်း၊ ယိုးဒယားဘုရင်အတွက် တိုက်နေရခြင်းဖြစ်ကြောင်း အစီရင်ခံထားသည်။

နန်းတွင်းရှိ "ဖော်လကွန်း" ကလည်း သူ့တပည့် ဝှိုက်ကို ဖေးမထားသည်။ဝှိုက်က သူ့ကိုယ်သူတော့ ဘုရင်အတွက် စစ်တိုက်နေရကြောင်း ဒီလိုမလုပ်လျှင် လေးစားလိမ့်မည်မဟုတ်ကြောင်း သတင်းလွှင့်ထားသည်။သို့သော် သူပြောသမျှကို ဘိတ်ရှိ ကုန်သည်များအရပ်သားများ အမှုထမ်းများက မယုံကြည်ကြ ဝှိုက်ဆိုသောအကောင်သည် အဆုံးတစ်နေ့တွင် ရတနာများ ရွှေဒင်္ဂါးများပိုက်၍ ထွက်သွားလိမ့်မည်ဖြစ်ကြောင်း မှန်းထားခဲ့၏။

ဝှိုက်၏ ဆရာဖြစ်သူ ဖော်လကွန်းကတော့ ဝှိုက်ကိုသာ ဖေးမပေးရပ်တည်ပေးနေရသည်။ဝှိုက်ဘယ်လောက်ဘယ်၍ရနေကြောင်း မသိရ၊ ဝှိုက် သဒ္ဒါသရွေ့ပေးမှ ရမည့်ပုံပေါက်နေသည်။စာချင်းဆက်သွယ်ကြသောအခါ ဘယ်ကိစ္စတွင် ဘယ်မျှရပ်တည်ပေးရကြောင်း မှူးမတ်များနှင့် အချေအတင်စကားဆိုရကြောင်း နောင်အခါတွင် ဆက်လက်ရပ်တည်ပေးရန် မဖြစ်နိုင်တော့ကြောင်း ယခုပင်လျှင် မှူးမတ်များက မယုံကြည်တော့ကြောင်း နာသာခံခက် ရေးတတ်၏။

ဖော်လကွန်း စေ့ငုမိသမျှ ဂျွန်ဒီမားကိုးရား ရတနာသင်္ဘောကိုတိုက်၍ ဘိတ်မှ မိုင် (၅၀၀) ကျော်ဝေးသော စူမတြားတွင် ကိုယ်ကျိုးအတွက်ရောင်းလိုက်သည်။ " ဂျွန်ဒီမားကိုးရား" သင်္ဘောတိုက်ရာတွင် မားကိုးရားသည် ပဲခူး၊ ဟံသာဝတီ ဘုရင်၏လူဖြစ်နေသဖြင့် မြန်မာနှင့် ယိုးဒယား ပြဿနာဖြစ်နိုင်၍ ဖော်လကွန်း စိတ်လေးနေရသည်။တိုင်တာတွေတော့ရှိမည် ယိုးဒယားဘုရင်ကိုတိုင်မည်လား၊ မဒရပ်နှင့် အင်္ဂလန်ကိုတိုင်မည်လား မသိရသေးတာပဲရှိမည် တိုင်ဖို့ကတော့ သေချာလှသည်။ဂျပန်တွင် အစုစပ်လုပ်ငန်းတစ်ခု လုပ်ထားကြောင်းလည်း သိရ၏။မဒရပ်က ကုန်သည်များ အယုဒ္ဓယသို့ရောက်လာလျှင် သတင်းသိရများရှိသည်။ဝှိုက်နှင့် သူ (ဖော်လကွန်း) နှစ်ဦးပိုင် တန်ဖိုး ရွှေပေါင် (၃၀၀၀) ခန့် တင်လာသောသင်္ဘော ဘိတ်သို့ဝင်လာသည်။ဘိတ်မှ ကုန်ပစ္စည်းများ ကုန်းလမ်းမှတဆင့် အယုဒ္ဓယသို့ရောက်ရှိလာသည်။ဝှိုက်က သုံးပုံတစ်ပုံ အလိုအလျောက်ပိုင်သည်။ပါရှန်းပင်လယ်နှင့် ပင်လယ်နီဘက်က လုပ်ငန်းများကလည်း အင်္ဂလန်သို့ ငွေအမြောက်အများဝင်နေကြောင်း သိရ၏။အင်္ဂလန်တွင် စုဆောင်းပြီး ရွှေပေါင် (၁၅၇၄၀)၊ ဘိတ်တွင် (၃၂၀၀)၊ ဂျပန်တွင် (၄၀၀၀)၊ ပေါင်း (၂၂၄၅၀)။ဒါက ဖော်လကွန်း သိရသမျှဖြစ်၏။မသိတာတွေ ဘယ်လောက်များသလဲ မမှန်းဆနိုင်။ဝှိုက်မှာ ဘုရင့်တာဝန်အတွက် လုပ်စရာတွေလည်း ရှိနေသေးသည်။မလုပ်ရသေး။လုပ်ပါမည်လားမသိ။ဘိတ်ကို လုံခြုံရေးအတွက် ခံတပ်ဆောက်ရန်၊ အမှုထမ်းလစာများပေးရန်၊ ဘုရင့်ကုန်တော်များ ရောင်းချပေးရန်များဖြစ်သည်။များမကြာမီတွင်တော့ ရှင်းလင်းရပေတော့မည်။

၁၇ ရာစု ဘိတ်မှာ ယိုးဒယားပိုင်ဖြစ်ခဲ့ပြီး၊ (၁၇၆၅) အလောင်းမင်းတရားခေတ်မှာ ထကြွသူများကို နှိမ်နင်း၍ မြန်မာတို့ပိုင်ဆိုင်သည်။ယိုးဒယားလက်တွင်းတုန်းက အိန္ဒိယသမုဒ္ဒရာအတွင်း အဝင်အထွက်များသော ဆိပ်ကမ်းဖြစ်ခဲ့သည်။ဘကြီးတော်မင်းလက်ထက် (၁၈၂၄) တွင်ဖြစ်ပွားသော အင်္ဂလိပ်-မြန်မာ ပထမစစ်တွင် တနင်္သာရီကို အင်္ဂလိပ်ကိုပေးလိုက်ရသဖြင့် ဘိတ်ဆိပ်ကမ်းလည်းပါသွားသည်။အင်္ဂလိပ်လက်ထက်မှာလည်း ဆိပ်ကမ်းကောင်း ပြန်မဖြစ်ခဲ့။ယခုထိတိုင်လည်း ပြန်မဖြစ်ခဲ့တော့ချေ (၁၆၈၇) ကာလတုန်းက ဘိတ်မြို့မှာ "မာရဂီး" ခေါ် အဖြစ်အပျက်တစ်ခု ဖြစ်ပွားသည်။ဘိတ်မှာ ရှေးဦးဆိပ်ကမ်းဖြစ်၍ လူစွန့်စားများ နယ်သစ်ရှာသူများ လူမျိုးစုံသည်။အာရပ်တို့အပြင် ပေါ်တူဂီ၊ ဒတ်ခ်ျ၊ ပြင်သစ်၊ အင်္ဂလိပ်တို့ ခြေပုန်းခုတ်ကြရာဖြစ်သည်။ထိုမှတစ်ဆင့် အာဏာပိုင်များကို တွန်းလှန်သော လှုပ်ရှားမှုဖြစ်သည်။ကြမ်းတမ်းပြင်းထန်သည်။ဒေသခံများက ဘာသာရေး၊ လူမျိုးရေး စိတ်ပူပင်မှုကြောင့်ဖြစ်တတ်သော ဖီဆန်မှုများ ဖြစ်ပေါ်တတ်သည်။

ယိုးဒယားခေါ် ထိုင်လန်၏ "အယုဒ္ဓယ" မြို့တော်ကို (၁၃၅၀) တွင် တည်ထောင်သည်။ပုဂံထက် နှစ် (၂၀၀) ခန့် နောက်ကျသည်။မြန်မာတို့ (၆) ကြိမ်ခန့် ဖျက်ဆီးဖူးသော်လည်း ချက်ကရီမင်းဆက်ကို ပြန်လည်တည်ထောင်နိုင်သည်။မြန်မာကဲ့သို့ လွတ်လပ်ရေးမဆုံးရှုံးသည်မှာ အင်္ဂလိပ်နှင့် ပြင်သစ်ကို ကောင်းစွာရန်တိုက်ပေးနိုင်ခြင်းကြောင့်ဖြစ်ကြောင်း ဒေါက်တာသန်းထွန်းက ဆိုသည်။

မြန်မာကဲ့သို့ပင် အနောက်တိုင်းသား ပေါ်တူဂီတို့ ရှေးဦးစွာရောက်လာသည်။ဒတ်ခ်ျ၊ အင်္ဂလိပ်၊ ပြင်သစ်တို့ (၁၇) ရာစုတွင် ရောက်လာသော်လည်း ထားရာကနေရသည်။တနင်္သာရီကို အင်္ဂလိပ်ရသဖြင့် ထိုင်းနှင့် နယ်နိမိတ်ယှဉ်လာသည်။ထိုအချိန်မတိုင်မီတွင် ဘိတ်ကို ယိုးဒယားတို့ အုပ်စိုးခဲ့သေးသည်။

ဖော်လကွန်းသည် နန်းတွင်းမှာခြယ်လှယ်၍ ဝှိုက်က ဘိတ်သင်္ဘောဆိပ်ကမ်းကို ထင်သလို အုပ်ချုပ်ခဲ့၏၊

တစ်ခါတစ်ခါ သမိုင်းက ပျက်ရယ်ပြုလေသလောမသိ၊ မကောင်းမှုပြုသူ ဝှိုက်ကို ဖေးမလွန်းသည့်အကြောင်း "ဝှိုက်" ၏ သမိုင်းက ဖော်ပြပါသည်။

လင်းထင်