【 ဆောင်းပါး 】 မြန်မာနိုင်ငံမှာ ကျင်းပတဲ့ တရုတ်နှစ်ကူးပွဲတော်

【 ဆောင်းပါး 】 မြန်မာနိုင်ငံမှာ ကျင်းပတဲ့ တရုတ်နှစ်ကူးပွဲတော်

တရုတ်ပြက္ခဒိန်အရ နှစ်သစ်ကူးပြောင်းမယ့် အချိန်က နီးကပ်လာနေပါတယ်။

လာမယ့် ၂၀၂၄ ခုနှစ်က တရုတ် ရာသီခွင်အလိုက် နဂါးနှစ်အလှည့်ဖြစ်ပါတယ်။

နဂါးနှစ်ရဲ့ အစကတော့ ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာ ရောက်ရှိမယ်လို့ ဖော်ပြထားပါတယ်။နှစ်တစ်နှစ်ကနေ တစ်နှစ်ကို ကူးပြောင်းတဲ့အခါ ရိုးရာအလိုက် နှစ်သစ်ကူးပွဲတော်တွေကို ပြုလုပ်လေ့ရှိပါတယ်။တရုတ်လူမျိုးတွေကလည်း တရုတ်နှစ်သစ်ကူး (နွေဦးပွဲတော်) ကို ကိုယ်ပိုင်ဟန်နဲ့ ကျင်းပကြလေ့ရှိပါတယ်။

ဒီနေ့ခေတ်မှာဆိုရင် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲဟာ ထင်ရှားတဲ့ ပွဲတော်အဖြစ် လူသိများလျက်ရှိပါတယ်။တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်ကို  ကမ္ဘာတစ်ဝန်း နိုင်ငံအလိုက် လိုက်ပါကျင်းပနေကြပြီလည်းဖြစ်ပါတယ်။ပွဲတော်ချိန် နီးကပ်လာလေလေ ပွဲတော်အငွေ့အသက်က ကမ္ဘာတစ်ဝန်း ပျံ့နှံ့လာနေပါတယ်။တရုတ်နဲ့ အိမ်နီးချင်းလည်းဖြစ် ပြည်တွင်းတရုတ်နွယ်ဖွားတွေလည်း တည်ရှိနေထိုင်ကြတဲ့ မြန်မာမှာဆိုရင်လည်း တရုတ်နှစ်သစ်ကူးပွဲတော်ကို ကျင်းပကြလေ့ရှိပါတယ်။

တရုတ်နှစ်သစ်ကူးဆိုရင် မြန်မာမှာ အများစုသိကြတာက ရန်ကုန်မှာ ကျင်းပတဲ့ တရုတ်နှစ်သစ်ကူးပွဲတွေဖြစ်ပါတယ်။စည်ကားတဲ့ ပွဲတော်အနေနဲ့ တရုတ်ရာသီခွင် ကြက်နှစ်ဖြစ်တဲ့ ၂၀၁၇ ခုနှစ်မှာ ကြီးမားတဲ့ ပွဲတော်အနေနဲ့ မြန်မာတရုတ်နွယ်ဖွားတွေက ပြုလုပ်လာကြပါတယ်။ရန်ကုန် တရုတ်တန်းမှာ အစဉ်အဆက် တည်ရှိနေထိုင်ခဲ့တဲ့ တရုတ်အသိုင်းအဝန်းအတွက် မြန်မာမှာ မကြုံစဖူး ကြီးမားတဲ့ ပွဲတော်အနေနဲ့ စတင်ကျင်းပခဲ့ကြတာလို့ ဆိုကြပါတယ်။ရန်ကုန်က တရုတ်နှစ်သစ်ကူးပွဲတော်ကို ကိုဗစ်ကပ်ရောဂါမတိုင်မီကာလအထိ စည်စည်ကားကား ကျင်းပထားပြီး ရန်ကုန် တရုတ်တန်းရဲ့ နှစ်သစ်ကူးပွဲတော် အခိုက်အတန့်တွေက တရုတ်နွယ်ဖွားတွေနဲ့ မြန်မာအသိုင်းအဝန်းကြားမှာ အမှတ်တရနဲ့ ရေပန်းစားလျက်ရှိကြပါတယ်။

ပြည်တွင်း တရုတ်နွယ်ဖွားတွေနဲ့ ရန်ကုန် မြန်မာတိုင်းရင်းသားတွေဟာ မီးရောင်စုံတွေနဲ့ တရုတ်ရိုးရာ မီးပုံးတွေအောက်မှာ ပွဲတော်ကို အတူတကွဖြတ်သန်းကြပါတယ်။နှစ်သစ်ကူးမုဒ်ဦးကြီးတွေနဲ့ ထည်ထည်ဝါဝါရှိလှပြီး လမ်းတစ်လျှောက် ရောင်စုံမီးပုံးတွေ ဆင်ထားတဲ့ တရုတ်တန်းဝန်းကျင်ဟာ ပွဲတော်လာ ပရိသတ်တွေနဲ့ လူတိုးလို့မပေါက်ရှိကြပါတယ်။ဒီပွဲတော်ရဲ့အခိုက်အတန့်တွေမှာဆိုရင် လာရောက်လည်ပတ်သူတွေကို ဆွဲဆောင်တဲ့ အချက်တွေ အများအပြားရှိကြပါတယ်။

           ဘုံကျောင်းနဲ့ ညရှုခင်း

တရုတ်နှစ်သစ်ကူးကာလ ရန်ကုန် တရုတ်တန်းဝန်းကျင်က ရှေးဟောင်းဘုံကျောင်းကြီးတွေနဲ့ အနီးဝန်းကျင်မှာဆိုရင် ဝတ်ပြုဆုတောင်းသူ၊ ကုသိုလ်ပြုသူတွေနဲ့ ပြည့်နေမှာဖြစ်ပါတယ်။ရှေးအနုပညာလက်ရာကို ထိန်းသိမ်းထားကြတဲ့ ဘုံကျောင်းကြီးတွေက နှစ်သစ်ကူးကာလမှာဆိုရင် အလှဆင်မှုတွေ၊ မီးရောင်စုံတွေနဲ့အတူ ခမ်းနားတောက်ပလို့ ရန်ကုန် ညရှုခင်းကို တအံ့တဩ ဖြစ်စေပါတယ်။ဒါ့ကြောင့် ဘုံကျောင်းမှာဆိုရင် ဝတ်ပြုရင်း အမှတ်တရ ဓာတ်ဖမ်းကြတဲ့သူတွေလည်း လာကြလေ့ရှိပါတယ်။

           ရိုးရာမီးပုံးတွေနဲ့ Photo Booth

ဒီဂျစ်တယ်ခေတ်နဲ့ တရုတ်နှစ်သစ်ကူး ပေါင်းစပ်မိတဲ့အထဲ ရန်ကုန်က တရုတ်နှစ်သစ်ကူးပွဲတွေမှာလည်း ရိုးရာမီးပုံးတွေအောက် ဓာတ်ဖမ်းတာ ရေပန်းစားကြပါတယ်။အရောင်အသွေးစုံလင်ပြီး မီးရောင်စုံရှိတဲ့ ပွဲတော်ညမှာ အမှတ်တရ အလှပုံမရိုက်ဘဲ မဖြစ်နိုင်လောက်အောင် ပွဲတော်ညက လှပတယ်လို့ ဆိုကြပါတယ်။ဒါ့အပြင် တရုတ်နှစ်သစ်ကူးညမှာ ရိုးရာမီးပုံးအလှတွေအပြင် ခေတ်စားနေတဲ့ Photo Booth လေးတွေ လည်းရှိနေတော့ ပုံမှန်မီးရောင်စုံ ညရှုခင်းတွေအပြင် ဓာတ်ဖမ်းစရာတွေနဲ့ ပြည့်နှက်နေတာဖြစ်ပါတယ်။

           မုန့်စျေးတန်း

ပွဲတော်လာ ဧည့်သည်တွေအတွက် မရှိမဖြစ်တဲ့အရာက မုန့်စျေးတန်းပါပဲ။ရန်ကုန် နှစ်သစ်ကူးပွဲတွေကတော့ တရုတ်တန်းမှာဆိုတော့ မုန့်စျေးတန်းက အရင်ထဲက ပြောစရာမလိုအောင် အဆင်ပြေတယ်လို့ ဆိုပါတယ်။ပွဲတော်ကြီးတွေ ကျင်းပလာချိန်မှာတော့ ဒီနေရာမှာ တရုတ်၊ မြန်မာ ရိုးရာ မုန့်နဲ့ အစားအသောက်တွေအပြင် အခြားစျေးဆိုင်တွေလည်း ပါဝင်လာကြပါတယ်။မုန့်စားဖို့ ပိုက်ဆံမလိုတဲ့ မုန့်စျေးတန်းကဒ်တွေ မဲဖောက်ပေးတဲ့ အစီအစဉ်တွေလည်း ပါဝင်ကြပါတယ်။

           တရုတ်ရိုးရာ နဂါး၊ ခြင်္သေ့အက

ဒါကတော့ တရုတ်နှစ်သစ်ကူးပွဲမှာ မပါမဖြစ်လည်းဖြစ်ပါတယ်။ရန်ကုန်မှာတော့ စဉ့်အိုးတန်းလမ်း (အထက်) မှာ ကျင်းပလေ့ရှိပြီး ရင်သပ်ရှုမောဖွယ် ပညာသားပါလှတဲ့ စိတ်ဝင်စားစရာ တရုတ်ရိုးရာ နဂါး၊ ခြင်္သေ့ အကအလှစွမ်းရည်ပြိုင်ပွဲကိုလည်း ရန်ကုန် တရုတ်နှစ်ကူးမှာဆိုရင် ရိုးရာမပျက် ပါဝင်ထည့်သွင်းကြလေ့ရှိပါတယ်။

           တရုတ်ရိုးရာ ပြခန်းတွေ

ဒီနေရာမှာ တရုတ်ရိုးရာယဉ်ကျေးမှု ပြခန်းတွေလည်း ပြသလေ့ရှိပါတယ်။တရုတ်ရိုးရာ မီးပုံးအလှ လက်မှုပညာ၊ နှစ်သစ်မင်္ဂလာ နှုတ်ခွန်းစကား သင်ကြားတာ၊ ပေကျင်း အော်ပရာ မျက်နှာဆေးရောင်ခြယ်တာ၊ ပေကျင်း အော်ပရာ မျက်နှာဖုံးဆေးရောင်ခြယ်တာ၊ တရုတ်ယပ်တောင် အလှပန်းချီရေးဆွဲတာ၊ တရုတ်ရိုးရာ မင်္ဂလာစာလုံးအလှ လက်ဆောင်ဝေတာနဲ့ လက်ရေးလှ အနုပညာပြခန်း၊ တရုတ်ရိုးရာ လက်ရေးလှပညာ၊ တရုတ်ရိုးရာ လက်ရေးလှပြိုင်ပွဲနဲ့ တရုတ်ရိုးရာ တံဆိပ်တုံး ထုဆစ်တာတွေ စိတ်ဝင်စားဖွယ် ပါဝင်ကြလေ့ရှိပါတယ်။

           တရုတ်ရိုးရာ ယဉ်ကျေးမှု ဂိမ်းကစားနည်းများ

နောက်ထပ်အနေနဲ့ တရုတ်ရိုးရာ ယဉ်ကျေးမှု ဂိမ်းကစားနည်းတွေလည်း ပါဝင်ခဲ့ပြီး ဒီအထဲ မြှားအိုးပစ်ကစားနည်း၊ ပဲစေ့တူကောက်ကစားနည်း၊ တရုတ်ရိုးရာ ခြင်းခတ်ဆော့ကစားနည်း၊ တရုတ်ရိုးရာ ရှေးဟောင်းအိမ်ဆက်ကစားနည်း၊ ကြိမ်ကွင်းပစ်ကစားနည်း စတာတွေ ပါဝင်လေ့ရှိပါတယ်။

ဒါ့အပြင်  ရန်ကုန် တရုတ်နှစ်သစ်ကူးမှာ နာမည်ကြီး အဆိုတော်တွေရဲ့ သီဆိုဖျော်ဖြေမှုကိုလည်း ထည့်သွင်းကျင်းပကြတယ်လို့ ဆိုပါတယ်။ဒါ့အပြင် Activity တွေ ပြုလုပ်ရင်း ကံစမ်းမဲအစီအစဉ်တွေလည်း ပါဝင်ထည့်သွင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

ဖော်ပြခဲ့တာတွေကတော့ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ တရုတ်နှစ်ကူးပွဲတော်အကြောင်း ဒီထဲကမှ လူသိများတဲ့ ရန်ကုန် တရုတ်နှစ်သစ်ကူးရဲ့ အခိုက်အတန့်တချို့ကို ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။

လာမယ့်အကြောင်းအရာတွေမှာလည်း စိတ်ဝင်စားဖွယ်နဲ့ ဗဟုသုတရဖွယ်တွေကို စုစည်းဖော်ပြပေးသွားဖို့ရှိနေတယ်ဆိုတဲ့အကြောင်း တင်ပြရင်း ဒီမှာပဲရပ်နားလိုက်ပါမယ်။

မိုးသား