【 ဆောင်းပါး 】 မြန်မာသီတင်းကျွတ်နှင့် အားထားစရာ အလှမီးများ

【 ဆောင်းပါး 】 မြန်မာသီတင်းကျွတ်နှင့် အားထားစရာ အလှမီးများ

မြန်မာနိုင်ငံ၏ ဆယ့်နှစ်လရာသီအတွင်းတွင် သီတင်းကျွတ်လသည် ထူးခြားသော ရာသီကာလ တစ်ခုလည်းဖြစ်သည်။
 
ဆယ့်နှစ်လရာသီအလိုက် ပွဲတော်များကို သတ်မှတ်၍ ကျင်းပလေ့ရှိရာ သီတင်းကျွတ်လတွင် မီးထွန်းပွဲတော်ကို ကျင်းပလေ့ရှိသည်။
 
မြန်မာ့ဆယ့်နှစ်လရာသီအတွင်းက သီတင်းကျွတ်လပြည့်နေ့သည် အဘိဓမ္မာအခါတော်နေ့လည်းဖြစ်ပြီး ဘုရားရှင်က မယ်တော်အမိနတ်သားကို ကျေးဇူးဆပ်ရန် တာဝတိံသာ နတ်ပြည်သို့ ကြွချီတော်မူကာ မယ်တော် အမိနတ်သားအပါဝင် ဗြဟ္မာအပေါင်းတို့ကို အဘိဓမ္မာတရားဟောတော်မူပြီးနောက် လူ့ပြည်ရှိ သင်္ကဿနဂိုလ်မြို့သို့ ဆင်းသက်ကြွချီတော်မူရာ ရှင်ဘုရင်မင်းနှင့်တကွ ပရိသတ်အပေါင်းတို့က မြတ်စွာဘုရားရှင်ကို ဆီမီးနံ့ သာများဖြင့် ထွန်းညှိပူဇော်၍ ကြိုဆိုခဲ့ကြသည်။
 
ထိုအစဉ်အလာမှ ဆင်းသက်လာသည့် သီတင်းကျွတ်ကာလတွင် ခေတ်အဆက်ဆက် မီးထွန်းပွဲတော်များကို ဆင်ယင်ကျင်းပလာသလို အလှူအတန်းနှင့် ပွဲလမ်းသဘင်များကိုလည်း လုပ်ဆောင်လာခဲ့ကြသည်။
 
ယခုလို သီတင်းကျွတ်အခါသမယတွင် ရပ်ဝေး၌ သွားရောက် အလုပ် လုပ်ကိုင်နေသောသူများမှာ မိဘဘိုးဘွားများရှိရာသို့ ပြန်လာ၍ ကျေးဇူးဆပ်သည့်အနေဖြင့် ပူဇော်ကန်တော့ခြင်းများ ပြုလုပ်ကြသည့် ကာလလည်းဖြစ်သလို ကြီး စဥ်ငယ်လိုက် ကန်တော့ခံလေ့ရှိကြသည်။
 
ထို့ကြောင့်ပင် ယခုကာလသည် ခွင့်လွှတ်ခြင်း၊ ကျေးဇူးဆပ်ခြင်းတို့နှင့် ထုံမွှမ်းထားသော ချစ်စရာကောင်းသည့် မေတ္တာလမြတ် အခါသမယမျိုးလည်းဖြစ်သည်။
 
သီတင်းကျွတ်ကာလတွင် မီးထွန်းပွဲတော်ကို မြို့တိုင်းနယ်တိုင်း ရပ်ရွာတိုင်း၌ ကျင်းပလေ့ရှိသည်။ဖယောင်းတိုင်မီး၊ ဆီမီးများဖြင့် ပူဇော်ကြသလို လျှပ်စစ်မီးရောင်စုံများဖြင့်လည်း ထွန်းညှိပူဇော်လေ့ရှိကြသည်။လျှပ်စစ်မီးရောင်စုံများမှာလည်း တစ်နှစ်ထက်တစ်နှစ် အသွင်ပုံစံနှင့် ဒီဇိုင်းဆန်းများက စျေးကွက်အတွင်း ဝင်ရောက်နေကြသလို မီးထွန်းပွဲတော်၌ တွင်ကျယ်စွာ သုံးစွဲနေရသည်။ထိုမီးရောင်စုံပစ္စည်းများမှာ အဓိကအားဖြင့် အိမ်နီးချင်းဖြစ်သော တရုတ်နိုင်ငံဘက်မှ အများဆုံးဝင်ရောက်ခြင်းလည်းဖြစ်သည်။စျေးနှုန်းအားဖြင့်လည်း ကြီးမြင့်မှုမရှိဘဲ လူတိုင်းလက်လှမ်းမီသော စျေးနှုန်းမျိုးဖြစ်သည့်အတွက် ဆင်ခြေဖုံးဒေသများမှ ဝင်ငွေချို့တဲ့သူများ ပင်လျှင် အလွယ်တကူဝယ်သုံးနိုင်သော အခြေအနေရှိကာ ကျယ်ပြန့်လာခဲ့သည်။
 
တစ်နှစ်ထက် တစ်နှစ် ပိုမိုဆန်းသစ်လာသော အသွင်ပုံစံဒီဇိုင်းများကြောင့်လည်း နှစ်သက်သူများကာ ဒေသအများအပြားမှ ဝယ်ယူကြရင်း သီတင်းကျွတ်ပွဲ၏ မီးရောင်စုံများကြားတွင် အိမ်နီးချင်းနိုင်ငံမှ ထုတ်လုပ်ထားသည့် ရောင်စုံ အလှမီးလုံးကလေးများမှာ တွင်ကျယ်စွာ နေရာယူထားလျက်ရှိသည်။ရန်ကုန်ကဲ့သို့သော မြို့ပြဒေသများတွင် အဆိုပါရောင်စုံ အလှမီးလုံး ကလေးများကို ရပ်ကွက်တိုင်း၊ လမ်းတိုင်းလိုလိုမှာ သုံးစွဲလာလေ့ရှိပြီး ဖယောင်းတိုင်ဆီမီးများကို အနည်းငယ်လောက်သာ သုံးစွဲ၍ သုံးစွဲမှုပိုလာခြင်းလည်းဖြစ်သည်။
 
“သီတင်းကျွတ်ရောက်ပြီဆိုရင် တရုတ်ကလာတဲ့ ရောင်စုံမီးလုံးလေးတွေက တအားရောင်းရတာ၊ အရင်တုန်းကဆိုရင် ကျွန်တော့်ဆိုင်မှာ တင်သမျှအကုန်လုံးကုန်တယ်” ဟုလည်း ရန်ကုန်မြို့လယ်၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ လျှပ်စစ်ပစ္စည်းမျိုးစုံ ရောင်းချသော အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောပြဖူးသည်။
 
ထိုသို့သော သီတင်းကျွတ်ကာလအတွင်း အလှဆင်ချိတ်ဆွဲသည့် မီးရောင်စုံများသာမကဘဲ ဘုရားမီးအဖြစ်ပြုလုပ်သည့် မီးရောင်စုံများနှင့် ဒီဇိုင်းမျိုးစုံလည်း စျေးကွက်အတွင်း ဝင်ရောက်ကြသလို နှစ်သက်စွာဝယ်ယူသူများလည်းရှိလာခဲ့ရာ တဖြေးဖြေးဖြင့် ဈေးကွက်တစ်ရပ်ကဲ့သို့ အခိုင်အမာဖြစ်လာခဲ့သည်။
 
ရန်ကုန်မြို့၏ ကျက်သရေဆောင်ဖြစ်သော ရွှေတိဂုံစေတီတော်အပါအဝင် စေတီပုထိုးများတွင်လည်း သီတင်းကျွတ်မီးထွန်းပွဲတော်ကို ကျင်းပရာတွင် လျှပ်စစ်မီးသီး ရောင်စုံများကို တစ်နှစ်ထက် တစ်နှစ် ပိုမိုသုံးစွဲလာကြသည့်အပြင် လျှပ်စစ်မီးသီးများဖြင့် စေတီများပြုလုပ်ကာ လုပ်ဆောင်လာကြသည်။ 
 
ဖယောင်းတိုင်မီးများ၊ ဆီမီးများဖြင့် ပူဇော်ခြင်းများရှိသလို ယခုလို လျှပ်စစ်မီးသီး မီးရောင်စုံများကို ပိုမို၍ တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြခြင်းလည်းဖြစ်သည်။
 
ထိုလျှပ်စစ်မီးသီး ရောင်စုံများမှာ အိမ်နီးချင်း တရုတ်နိုင်ငံမှ အဓိကထုတ်လုပ် တင်သွင်းထားခြင်းလည်းဖြစ်သလို အမြင်တင့်တယ်ကာ သပ္ပါယ်၍ ကြည်ညိုဖွယ်ရာ အခြေအနေမျိုးအဖြစ်ဖြင့် မြင်တွေ့ရသည်။ 
 
“ဒီလို လျှပ်စစ်မီးသီးတွေနဲ့ မီးစေတီတွေ လုပ်ဆောင်ကြတာက အရင်ထက်စာရင် အမြင်လည်းဆန်းတယ်၊ နောက်တစ်ခုက မီးဘေးအန္တရာယ်အတွက်လည်း သိပ်ပြီးပူစရာမလိုဘူး၊ ဈေးနှုန်းအပိုင်းကျတော့လည်း ပြောစရာ သိပ်မရှိဘူး၊ လူတိုင်းလက်လှမ်းမီတဲ့ အနေအထားမျိုးဖြစ်တယ်၊ ဒါကြောင့်လည်း ကျွန်တော့်အထင်တော့ ပြည်တွင်းမှာ တွင်တွင်ကျယ်ကျယ်ဖြစ်လာတာလို့ ထင်တယ်” ဟုလည်း လျှပ်စစ်အင်ဂျင်နီယာ တစ်ဦးက ၎င်း၏အမြင်ကို သုံးသပ်ပြောကြားသည်။
 
အခမ်းအနားပွဲများ၊ အလှူမင်္ဂလာပွဲလမ်းသဘင်များတွင်လည်း သုံးစွဲလာကြသလို ရန်ကုန်မြို့၏ လမ်းများနှင့် အဝိုင်းများတွင်လည်း ယခုလို သီတင်းကျွတ်ကာလ မီးရောင်စုံဖြင့် အလှဆင်ရာတွင် အများဆုံးသုံးစွဲရသည့်ပစ္စည်းများ ဖြစ်လာခဲ့သည်။
 
ထိုသို့သာမကဘဲ ကလေးများကစားသည့် မီးထွန်းအရုပ် လက်တွန်းလှည်းများတွင် ဖယောင်းတိုင်အစား LED မီးများကို သုံးစွဲလာကာ ဆန်းသစ်သည့် တီထွင်မှုမျိုးဖြင့် လုပ်ဆောင်လာကြသည်။ထို LED မီးလုံးလေးများကို ဓာတ်ခဲများမှ လျှပ်စစ်ဓာတ်အားသုံးစွဲ၍ လုပ်ဆောင်လာခြင်းဖြစ်သလို LED မီးလုံးလေးများက သက်သာသည့် နှုန်းထားမျိုးလည်း ဖြစ်နေခြင်းကြောင့် ထုတ်လုပ်မှုစရိတ်အတွက် ပိုမိုကုန်ကျခြင်းမရှိသလို အမြင်ဆန်းကာ နှစ်သက်ဝယ်ယူသူများလာခဲ့သည်။
 
“ထွင်ပြီးတော့ တပ်ကြည့်လိုက်တာ၊ အစတုန်းကတော့ ရောင်းရပါ့မလားလို့ စိုးရိမ်မိတယ်၊ အခုတော့ LED မီးထည့်ထားတဲ့ မီးထွန်းအရုပ် လက်တွန်းလှည်းများရှိသေးလားလို့ လာမေးရလောက်တဲ့အထိ လူကြိုက်များလာတယ်” ဟုလည်း ကြည့်မြင်တိုင်မြို့နယ်မှ သီတင်းကျွတ်အရုပ်မျိုးစုံ လုပ်ဆောင်သူတစ်ဦးက ပြောပြသည်။ 
 
ထို LED မီးလုံးများကလည်း အိမ်နီးချင်း တရုတ်နိုင်ငံမှ ထုတ်လုပ်ခြင်းဖြစ်သလို အသွင်ဆန်းကာ ဈေးချိုခြင်း၊ ကြာရှည်ခံခြင်းတို့ကြောင့်လည်း သုံးစွဲမှုပိုလာသည့် အခြေအနေမျိုး ဖြစ်လာခဲ့သည်။
 
ယခုနောက်ပိုင်းတွင် အချို့သော မီးပုံးလုပ်သူများက LED မီးလုံးများကို မီးထွန်းအရုပ် လက်တွန်းလှည်းများသာမကဘဲ သီတင်းကျွတ် မီးပုံးများတွင်လည်း ထည့်သွင်းသုံးစွဲလာခဲ့ကြသည်။
 
ထို့အပြင် ဘုရားမီးပူဇော်ရာတွင် အသုံးပြုနိုင်သည့် ဖယောင်းတိုင်ပုံစံမျိုးကဲ့သို့သော LED ဖြင့် လုပ်ဆောင်ထားကာ ဓာတ်ခဲအားဖြင့် သုံးစွဲရသည့် အလှမီးများမှာ ဈေးကွက်အခိုင်အမာရှိလာသည်။တစ်နှစ်ထက် တစ်နှစ် ပိုမိုကောင်းမွန်သည့် ဒီဇိုင်းမျိုးဖြင့် ပုံစံအသစ် လေး၊ ငါးမျိုးလောက် ဈေးကွက်အတွင်း အပြိုင်ဝင်ရောက်နေပြီး ဝယ်သူအတွက် နှစ်ခြိုက်စရာ ဆွဲဆောင်နေလျက်ရှိပေသည်။
 
မြန်မာနိုင်ငံ၏ သီတင်းကျွတ်မီးထွန်းပွဲတော်မှာ နှစ်စဉ် အစဉ်အလာမပျက် ကျင်းပနေမည်ဖြစ်ပြီး သီတင်းကျွတ်ကာလသို့ ရောက်သည်နှင့် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ရောင်စုံမီးလုံး၊ မီးသီးလေးများမှာ နှစ်စဉ် နှစ်တိုင်းလည်း ဒီဇိုင်းအသစ်များဖြင့် ဈေးကွက်ဝင်နေကြမည်ဖြစ်သည်။သီတင်းကျွတ်နှင့် အတူယှဉ်တွဲ၍ မြင်နေရဦးမည် ဖြစ်သည့်အပြင် အားထား၍ သုံးစွဲနေရဦးမည်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။
 
ဧပရယ်လ်
Photo Credit - Ministry of Hotels and Tourism