【 ဆောင်းပါး 】 မြန်မာ့အားကစားပါဝင်သည့် ပေါက်ဖေါ်တို့၏ ရိုးရာအားကစား

【 ဆောင်းပါး 】 မြန်မာ့အားကစားပါဝင်သည့် ပေါက်ဖေါ်တို့၏ ရိုးရာအားကစား

 

အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံသည် မတူကွဲပြားသောယဉ်ကျေးမှုအမွေအနှစ်များပေါင်းစုံကာ တည်ရှိလျက်ရှိသည့် နိုင်ငံအဖြစ်သိရှိကြပါသည်။ ဤတွင် ယဉ်ကျေးမှုဟုဆိုရာဝယ် သမိုင်းနှင့်ယှဉ်တွဲကာ ချိတ်ဆက်ပေါ်ပေါက်လာခြင်းဖြစ်ပြီး ယဉ်ကျေးမှုတွင်ရိုးရာအားကစား၏ ဖြစ်တည်မှုများလည်း ပါဝင်နေပါသည်။ ထို့ကြောင့် မြန်မာတွင် ယဉ်ကျေးမှုပေါင်းစုံမှုသည် ပြည်တွင်းသာမက ပြည်ပနိုင်ငံများမှ ဆင်းသက်လာသော ယဉ်ကျေးမှုများသည်လည်း သမိုင်းနှင့်နယ်နိမိတ် နီးကပ်၊နီးစပ်မှုများနှင့်အတူ နိုင်ငံ၏အားကစားယဉ်ကျေးမှုတွင် ပေါင်းစပ်ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။

ကမ္ဘာပေါ်တွင် နိုင်ငံတိုင်းအတွက် ရိုးရာကစားနည်းများသည် ကိုယ်စီဂုဏ်ယူစရာအဖြစ် သတ်မှတ်ကြလေ့ရှိပါသည်။ မြန်မာအနေဖြင့်မူ ဘာသာတရားကို အခြေခံသော ကစားနည်းများ၊ မြန်မာ့ယဉ်ကျေးမှုကို အခြေခံသောကစားနည်းများ၊ ဓလေ့ထုံးစံအရ ကစားနည်းများ ရှိခဲ့သည်။ အုပ်စုလိုက်အပျော်တမ်း ကစားနည်းများမှာမူ (၁၅) မျိုးခန့်ရှိရာမှ ယင်းတို့အနက် ခြင်းလုံးအားကစားနည်း ကိုသာလူသိများပြီး အခြားတစ်ခေတ်တစ်ချိန်က နာမည်ကြီးခဲ့သည့် ရွှေစွန်ညို ကစားနည်း၊ထုပ်စည်းတိုးကစားနည်း၊လွန်ဆွဲပွဲ၊ ညောင်ပင်တစ္ဆေ၊ မစာဥ၊စိန်ပြေး ၊ကြက်မခွပ်၊ဖန်ခုန် စသည်ဖြင့်ရှိခဲ့သည့် ဆယ်စုနှစ်တစ်ခုက ထင်ရှားခဲ့သည့်ကစားနည်းများမှာ တွေ့ ရှိရမှုနည်းပါးသွားပြီဖြစ်သည်။

ထို့အပြင် ဉာဏ်ဖြင့်ကစားရသော ကစားနည်းများဖြစ်သည့် ကျားကစားနည်းများ ၊ရသေ့စိတ်ဖြေ၊ စသည်တို့သည်လည်း တဖြည်းဖြည်း တွေ့ရှိရမှု နည်းပါးလာလေပြီဖြစ်သည်။ သို့ဆိုလျှင် ရိုးရာအားကစားနည်းများတွင် မြန်မာတို့သည် တစ်ဦးချင်းအနေဖြင့် တိုက်ခိုက်ရေးနည်းများကို ကြိုက်နှစ်သက်ကြပြီး အုပ်စုလိုက် ကစားနည်းတွင် ခြင်းလုံးကို နှစ်သက်မှုများကြောင့် တွေ့ရမည်ဖြစ်ပါသည်။

အခြားတစ်ဖက်တွင်မူ ဆိုခဲ့သလို ပြည်ပနိုင်ငံများမှဆင်းသက်လာသော ရိုးရာကစားနည်းများသည်လည်း မြန်မာနိုင်ငံတွင် ရေပန်းစားလျက်ရှိနေရာ ၁၈၉၆ ခုနှစ်တွင် ကျင်းပသော အိုလံပစ် အားကစားပြိုင်ပွဲကြီးမှစတင်ခဲ့သော အင်္ဂလိပ်လူမျိုးတို့၏ နည်းတစ်ခု ဖြစ်သည့် ဘောလုံးအားကစားနည်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သဘောကျနှစ်သက်လျက်ရှိနေသည်ကို တွေ့ရမည် ဖြစ်ပါသည်။  ထို့အတူ မြန်မာနိုင်ငံတွင် အခြားအားကစားနည်းများဖြစ်သည့် တရုတ်နိုင်ငံ၏  ၀ူရှူး၊ကိုရီးယားနိုင်ငံ၏ တိုက်ကွမ်ဒို ကစားနည်း၊ ဗီယက်နမ်နိုင်ငံ၏ ဗိုဗီနမ် ၊ ဂျပန်နိုင်ငံ၏ ကရာတေး၊ ဂျုဒို စသည့် တိုက်ခိုက်ရေးဆိုင်ရာ ကစားနည်းများကို အရှေ့တောင် အာရှပြိုင်ပွဲများ၊ အိုလံပစ်ပြိုင်ပွဲများ နိုင်ငံတကာ နှင့်အတူ ပါဝင်ယှဉ်ပြိုင်ခဲ့သည်ကို တွေ့ရမည် ဖြစ်ပါသည်။

ထို့အပြင် အခြား တင်းနစ်၊ကြက်တောင်၊ဘတ်စကက်ဘောအပါအဝင် ပြေးပြိုင်ပွဲများကဲ့သို့ နိုင်ငံတကာ ကစားနည်းများကိုလည်း နှစ်သက်ယှဉ်ပြိုင်ကြသည်ကို တွေ့ရမည်ဖြစ်ပါသည်။ သို့ရာတွင် အိမ်နီးချင်းအားကစားအနေဖြင့် ပြည်တွင်းအားကစားတွင်ပေါင်းစပ်လျက် တွေ့ရသည်ကို ဆိုရလျှင် ပေါက်ဖေါ်ဟု ရင်းနှီးတင်စား ခေါ် ဝေါ်ကြလေ့ရှိသည့် တရုတ်နိုင်ငံ၏အားကစားဖြစ်သည့်  ကွန်ဖူးနှင့် အခြားရိုးရာ ကိုယ်ခံပညာများ ပေါင်းစပ်ထားသော ၀ူရှူးဟု အမည်ရှိသည့် ခေတ်မီတရုတ်ကိုယ်ခံပညာ တစ်ရပ်ကို လေ့ကျင့်ကာ နိုင်ငံတကာ ပြိုင်ပွဲများသို့ ယှဉ်ပြိုင်ခြင်းကိုတွေ့ရမည်ဖြစ်သည်။ ယင်းအားကစားမှ အရှေ့ တောင် အာရှပြိုင်ပွဲများတွင် မြန်မာ၀ူရှူး ကစားသမားတို့သည် ရွှေတံဆိပ်ဆုနှင့်ငွေ၊ကြေး စသည်တို့ကိုရယူလျက်ရှိနေကြသည်။

မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်ကို ၁၉၉၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသားအဆင့် အားကစား မြှင့်တင်ရေးနှင့် ပြိုင်ပွဲများလည်းကျင်းပခဲ့ကြသည်ဟု ဆိုသည်။ ၁၉၉၀ ခုနှစ်များအတွင်း ရေပန်းစား လာခဲ့ပြီး ၀ူရှုူးသည် မြန်မာနိုင်ငံတွင် အမျိုးသားအားကစားအဖြစ် အသိအမှတ်ပြုခံထားရသည်လည်းဖြစ်သည်။ အကြောင်းအရင်းအနေဖြင့် ဝူရှူးသည် တိုက်ခိုက်ရေးပညာရပ်များကို စိတ်ဝင် စားမှုအရင်းခံသော မြန်မာတို့ကို ဆွဲဆောင်နိုင်ခဲ့သည်လည်းဖြစ်သည်။

နှစ် ၁၅၀၀ ကျော်က တရုတ်ရိုးရာကွန်ဖူးပညာရပ်ဖြစ်သည့် ၀ူရှူးသည် ကွန်ဖူးနှင့် အခြားရိုးရာ ကိုယ်ခံပညာများ ပေါင်းစပ်ထားသောကြောင့် ပေါက်ဖေါ်တို့၏ ယဉ်ကျေးမှုသမိုင်းကြောင်း သိုင်းဇတ်လမ်းများမှ ရင်းနှီးမှုရှိခဲ့သော မြန်မာတို့သည် ကွန်ဖူးပညာရပ်တွင် စိတ်ဝင်စားခြင်း တချို့ရှိခဲ့သည်ဟုဆိုသည်။ထို့ကြောင့် မကြာသေးမီ ကပင် ဗီယက်နမ်နိုင်ငံတွင်ကျင်းပခဲ့သော (၃၁) ကြိမ်မြောက်ဆီးဂိမ်းစ် ပြိုင်ပွဲတွင်မြန်မာ၀ူရှူး အသင်းအနေဖြင့် ရွှေ ၁ ခု ၊ငွေ ၂ ခု၊ကြေး ၂ ခုရရှိခဲ့သည်က ယနေ့ခေတ်အောင်မြင်မှုအနေဖြင့် ရှိနေသည်လည်းဖြစ်သည်။ဒါ့အပြင် အခြား ကိုယ်ခံပညာနှင့်အားကစားနည်းတစ်မျိုးဖြစ်သည့် ထိုက်ကျိကိုလည်း မြန်မာနှင့်မြန်မာနွယ်ဖွား တရုတ်လူမျိုးများသည် ကျန်းမာရေးနှင့်ကိုယ်ခံပညာအတွက် ပြုလုပ်လျှက်ရှိနေကြသည်ဟု ဆိုကြသည်။

ဤသို့ဖြင့် မြန်မာ့အားကစားယဉ်ကျေးမှုတွင် ပေါက်ဖေါ်တို့၏ ရိုးရာအားကစားနည်းများ ပေါင်းစပ်ပါဝင်လာသည်တွင် ပေါက်ဖေါ်တို့အနေဖြင့်လည်း ယင်း၏ရိုးရာယဉ်ကျေးမှုကို နားလည်ရန်နှင့် ကျန်းမာကာ စည်းကမ်းရှိသော လူနေမှုပုံစံကို ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ချက်များ ရှိနေကြောင်း တရုတ်အသိုင်းအဝန်းက ဆိုထားသည်။ ထို့ကြောင့် ယခုနှစ်မတ်လတွင်လည်း တရုတ် ကိုယ်ခံပညာ လေ့ကျင့်ရေး အစီအစဉ်အဖြစ် ဝူရှူး နှင့် ထိုက်ကျိ လေ့ကျင့်ရေးအစီအစဉ်ကို ရန်ကုန်မြို့တွင်စတင်ပြုလုပ်ခဲ့ကြပြီး အဆိုပါ လေ့ကျင့်ရေး အစီအစဉ်ကို ရန်ကုန်မြို့ရှိ China Cultural Center တာဝန်ခံ Xu Ling က စင်တာဖွင့်လှစ်ပြီးနောက် ၀ူရှူးနှင့် ထိုက်ကျိ တို့၏ ပထမဆုံးသော လေ့ကျင့်ရေးအစီအစဉ်အဖြစ် ရှိလာခဲ့သည်ဖြစ်သည်။

ဆက်လက်ပြီး မြန်မာသို့ အိမ်နီးချင်း၏ ရိုးရာအားကစားပေါင်းစပ်မှုတွင် နဂါးလှေလှော်ကဲ့သို့ အားကစားနည်းလည်း ရေပန်းစားကာပါဝင်လျှက်ရှိနေသေးသည်ဟု ဆိုကြသည်။ ယင်းသည် နဂါး ခေါင်းနှင့် အမြီးများဖြင့် အလှဆင်ထားသော လှေရှည်များတွင် လှေလှော်အဖွဲ့များ ပါဝင်လှော်ခတ်ရသည့် တရုတ်ရိုးရာအားကစားနည်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် နှစ်ပေါင်း ၂၀၀၀ ကျော်ကြာပြုလုပ်လာခဲ့သည့် အားကစားနည်းဖြစ်ကြောင်း သိရသည်။ ပေါက်ဖေါ်တို့အနေဖြင့် အားလပ်ရက်များတွင်ကျင်းပလေ့ရှိပြီး နဂါးလှေပွဲတော် နှင့်အတူ ယင်းအားကျင်းပခြင်းလည်းဖြစ်သည်။ ထိုရိုးရာကို လွန်ခဲ့သည့်နှစ်ပေါင်းများစွာကပင် တရုတ်ကုန်သည်များမှ မြန်မာနိုင်ငံသို့ မိတ်ဆက်ပေးခဲ့သည်ဟုဆိုကြသည်။  

ယနေ့ခေတ်တွင် မြန်မာနိုင်ငံ၏ ရိုးရာပွဲတော်များနှင့် ပွဲလမ်းသဘင်များ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေခဲ့ပြီး မြန်မာ့အထင်ကရပွဲဖြစ်သည့် တန်ဆောင်တိုင်ပွဲတော်တွင် နဂါးလှေလှော်ပြိုင်ပွဲကို နိုဝင်ဘာလတွင် ကျင်းပလေ့ရှိကြောင်း ရှေးမီ မြန်မာတရုတ်လူမျိုးများက ဆိုကြသည်။ ယင်းသည် ကံကောင်းခြင်းများနှင့် ကောင်းချီးများ ပေးဆောင်သည်ဟုလည်း  ယုံကြည်ကြပြီး မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံတွင် နဂါးလှေလှော်ပြိုင်ပွဲများ များပြားလာခဲ့သည်။ မြန်မာနဂါးလှေလှော်အသင်းအနေဖြင့်  နိုင်ငံတကာ နဂါးလှေလှော်ပြိုင်ပွဲများတွင်လည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအသီးသီးတွင် မြန်မာအသင်းမှ ဆုတံဆိပ်များစွာ ရရှိခဲ့သည်။

ထို့သို့မြန်မာ့အားကစားယဉ်ကျေးမှုတွင် ပေါက်ဖေါ်တို့၏အားကစားရိုးရာနည်းလမ်းများ အရေးပါမှုသည် နိုင်ငံနှစ်နိုင်ငံ၏ သမိုင်းကြောင်းဖြင့်ပေါက်ဖွားလာခဲ့သည်ကိုတွေ့ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဖွား တရုတ်အနွယ်ဝင်များက ထောက်ရှုကြသည်။ ယင်းသည်ပင်လျှင်  နီးစပ်မှု၊နီးကပ်မှုကိုပြဆိုနေပြီး အတိတ်မှစတင်ခဲ့သော ရင်းနှီးခင်မင်မှုသည် အနာဂတ်မိတ်ဆွေအဖြစ်လည်း ရှိနေသည်ဟု မြန်မာတရုတ်အသိုင်းအဝန်းက လက်ခံထားသည်လည်း ဖြစ်သည်။

မိုးသား