【 ဆောင်းပါး 】 မွေးနေ့ပူဇာ ဆရာဒဂုန်တာရာ

【 ဆောင်းပါး 】 မွေးနေ့ပူဇာ ဆရာဒဂုန်တာရာ

ရန်ကုန်မှ ထွက်ကြတော့ တရာ နံနက်စောစော မင်္ဂလာဒုံမှာ ခဏနား၍ အဆာပြေစားလိုက်ကြသည်။သွားရမည့်ခရီးက ရှမ်းပြည်တောင်ပိုင်း၊ အခေါက်ခေါက်အခါခါရောက်ဖူးသည့်တိုင် ကျနော်တို့အဖို့ကရိုးမသွား ခရီးက ဆရာဒဂုန်တာရာ ၉၀ ပြည့် မွေးနေ့ဖြစ်သည်။

ဆရာက ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမှာ တူမ သင်းမြစန္ဒီနှင့် အတူနေသည်။ဆရာက ဆရာပါရဂူနှင့်တော့မတူ၊ ဆရာပါရဂူရော ဆရာဒဂုန်တာရာပါ လူပျိုလူလွတ်ကြီးများဖြစ်သည်။သတိတရ ဆက်ပြောရရင် ဆရာအီကြာကွေး၊ ဆရာသစ္စာနီတို့လည်း လူပျိုကြီးတွေပဲဖြစ်သည်။အရင်ကတော့ ဆရာဒဂုန်တာရာက ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျအိမ်မှာ နေသည်။ဗိုလ်ဇေယျ၊ သခင်သန်းထွန်းတို့နှင့်အတူ မြန်မာနိုင်ငံလွတ်လပ်ရေးရစမှာ တောခိုသွားတော့ ကောလိပ်ဂျင်နေဝင်း၊ဒေါ်ခင်မာလာတို့နှင့် အတူနေသည်။

ဒေါ်ခင်မာလာက ဗိုလ်ဇေယျ၏ သမီးဖြစ်သည်။ဗိုလ်ဇေယျ တောထဲမှာ ကျဆုံးသွားတော့လည်း အိမ်မှာပဲ ဆက်နေသည်။စောင့်ရှောက်ပေးရာလည်းရောက်သည်။ဆရာပါရဂူက ဒဂုန်တာရာ့အကြောင်းပြောလျှင် “ကိုဌေးမြိုင်က ကိုယ်ပိုင်အိမ်နဲ့ မနေဘူးဗျ၊ သူများအိမ်လိုက်နေတာ” ဟု ပြောတတ်သည်။ကိုယ်ပိုင်အိမ်နှင့်နေလျှင် စားသောက်ရေးခက်မည်ဟု ကျနော်ထင်သည်။

သည်လိုပါ မင်းတုန်းမင်းကြီး ဘုရင်ဖြစ်တော့ သူ့ငယ်ဆရာ ပခန်းဆရာတော်ကြီးကို “တပည့်တစ်ယောက်လုံး ဘုရင်ဖြစ်နေတာကို ပစ်ထားရင် တော်ရော့လား” ဟု စကားနာထိုးကာ အတင်းလူထွက်ခိုင်းသည် ပညာရှိကြီးအဖြစ် အလေးထားချီးမြှင့်သည်။မင်းတုန်းမင်းကြီးက “ဆရာကြီး ယောက်ျားတို့မှာ အလုပ်အကျွေးလိုသည်” ဟု ပြောသည်။ “မင်းတို့ လောကီကြောင်းနားမလည်” ဟု ပြောတော့ မင်းတုန်းမင်းကြီးက သဘောသကာယကောင်းသော မိဒွေးတော်တစ်ပါးနှင့် (###) လက်ဆက်ပေးသည်။

အခု ဆရာဒဂုန်တာရာတို့ ဆရာပါရဂူတို့ကို အတင်းလက်ဆက်ပေးသူရှိပုံမရ၊ ဆရာဒဂုန်တာရာသည် ဗိုလ်ချုပ်အောင်ဆန်းက ပြန်ကြားရေးမှာ ရာထူးခန့်တာပင်မယူ အလုပ်ထွက်ပစ်၍ ဗိုလ်ချုပ်ဒေါသထွက်ရသူဖြစ်သည်။

ဆရာတာရာက လွတ်လပ်မှုကိုမြတ်နိုးသူ၊ မလွတ်လပ်မှာစိုးရိမ်သူ၊ ဒေါ်ခင်မာလာတို့နှင့် အတူနေတော့ ဟေမာနေဝင်း၊ ရာဇာနေဝင်းတို့က ဆရာ့မျက်စိအောက်မှာ လူလားမြောက်လာသော ကလေးတွေဖြစ်သည်။

ဆရာတာရာက ဟေမာနေဝင်းအကြောင်းကို “ဟေမာက ကြယ်ပွင့် ကျနော်က ကြယ်ပွင့်မဟုတ်” ဟူ၍ ရုပ်ပုံလွှာအဖွဲ့ ရေးဖူးသည်။ဆရာတာရာက စန္ဒယားတီးတတ်သည်၊ ငယ်ကတည်းကပင် ဟေမာက ဆရာနှင့် သီချင်းဆိုတတ်နေသည်။ဟေမာ၏ ဂီတမျိုးစေ့လည်း အပင်ပေါက်လာသည်။

ဆရာတာရာက နောက်တစ်ခါ တူမဖြစ်သူ သူနာပြုဆရာမကြီး သင်းမြစန္ဒီနှင့်အတူ မှော်ဘီမှာလိုက်နေသည်။တောင်ဥက္ကလာ လေသေနတ်ပစ်ကွင်းအနီးမှာလည်း ဆရာမကြီးအိမ်ရှိသည်။အမ သန်းမြင့်အောင်၊ ရုပ်ရှင်တေးကဗျာ ဒေါ်တင်တင်ဦး၊ ပန်းချီယဉ်မင်းပိုက်တို့နှင့်အတူ ရောက်ဖူးသည်။ကိစ္စဖြင့်လည်း လေးငါးခါရောက်ဖူးသည်။

ဆရာမကြီး အငြိမ်းစားယူပြီး အောင်ပန်းမှာ လိမ္မော်ခြံလုပ်ငန်းနှင့် အခြေချတော့ ဆရာဒဂုန်တာရာ အောင်ပန်းမှာပဲ မြဲနေတော့သည်၊ ဆရာမကြီးခင်ပွန်းက ၁၉၉၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်ဖြစ်ခဲ့သူဆိုတော့ အသိုင်းအဝိုင်းက မတူစရာမရှိ၊ ကျနော်ပြောလိုသည်မှာ အသိုင်းအဝိုင်းက စာပေနှင့် နိုင်ငံရေးသမားတွေဖြစ်သည်။

ဆရာဒဂုန်တာရာက ၂၀၀၉ မှာ အသက် ၉၀ ပြည့်သည်။ဆရာ့ကဗျာ၊ ဆရာ့စာ၊ ဆရာ့နိုင်ငံရေးခံယူချက်၊ ဆရာ့သဘောတရားကို အလေးအနက်ပြုသူများက ဆရာနေသော အောင်ပန်းသို့တက်ပြီး ဂါရဝပြုကြသည်။ထိုအထဲတွင် ကျနော်လည်းအပါအဝင်ဖြစ်သည်။ဆရာ့ ၉၀ ပြည့် မွေးနေ့က အတော်စည်ကားသည်။မန္တလေး (###) ရန်ကုန်မှ လာသူများသည် မြို့ခံကဗျာဆရာများဆီမှာတချို့ တည်းခိုရိပ်သာမှာတချို့ တည်းကြသည်။ ဆရာမောင်သာနိုး မိသားစုလည်း နှစ်စဉ်လိုရောက်သည်။

ဆရာတာရာ့မွေးနေ့က မေလ-၁၀ ရက်နေ့၊ ရန်ကုန်အုပ်စုက ရထားဖြင့်လာသူများသည်။ရုပ်ရှင်တေးကဗျာ ဦးချစ်မောင် ၊ ဒေါ်တင်တင်ဦးတို့က အိပ်ပရက်စ်ကားကြီးငှားပေးဖူးသည် စရိတ်ကျဉ်းသွားသည်။

ကျနော်တို့အဖွဲ့က လူအားတောင့်သည်။ကဗျာဆရာလေးတွေကလည်း တက်ကြွသည် ရန်ကုန်မှထွက်သော ရထား ပဲခူးသို့ရောက်ရှိသလောက်မှာ သူတို့လုပ်ငန်းစကြတော့၏။ဖော့ဗူးလေးတွေထုတ်ကြသောအခါ မြည်းစရာလေးတွေ စုံစုံလင်လင် တွေ့ရသည်။ကျနော်တို့အဖွဲ့ထဲက စာမွေ့သူဖြစ်သော ဦးသန်းညွန့်က ပန်းကန်ခွက်ယောက် ရေသန့်ဗူး၊ ဇွန်း၊ ဆပ်ပြာ၊ လက်သုတ်ပဝါ၊ ငါးရံ့ခြောက်ဆီဆန်း၊ ငါးသေတ္တာ၊ စုံစီနဖာပါလာတတ်သည်။

ကဗျာဆရာလေးတွေအရှိန်ရ ညပိုင်းထဲဝင်လာတော့ ကျနော်တို့ လူကြီးအဖွဲ့တွေလည်း တစခန်းထပြီဖြစ်သည်။

ရထားကြီးသည် ရန်ကုန်မှသည် ပဲခူး-ဒိုက်ဦး- ညောင်လေးပင်-ပဲနွယ်ကုန်း-ဖြူး-တောင်ငူသို့ ရောက်လာသည်။သီချင်းဆိုသူဆိုကြ ကဗျာရွတ်သူရွတ်ကြ “မှန်” သွားသူက ရထားထိုင်ခုံအောက်ထဲ တိုးဝင်သွားသည်။ပျဉ်းမနားကျတော့ မောင်သင်းခိုင် အမှူးပြုသော ကဗျာဆရာများက ကြိုတင်ရောက်နေနှင့်သည်။ကဗျာဆရာများဖြစ်ကြသော မောင်ကြူးရင့်၊ အိုအောင်၊ လှိုင်းထက်တို့လည်း တစ်ခွက်တစ်ဖလား စ’ ထားကြပုံရသည်။ဘူတာစားသောက်ဆိုင်လည်း ဆူဆူညံညံဖြစ်သွားသည်။ရထားက ပျဉ်းမနားမှာ အတော်ကြာကြာနားသည်။ရထားထွက်တော့ ပျဉ်းမနားဆရာများလည်း ကျနော်တို့နှင့် အတူလိုက်ပါလာကြသည်။

“အောင်ပန်း” က စာရေးဆရာကြီး ဒဂုန်တာရာနှင့် “မန္တလေး” ကစာရေးဆရာမကြီး လူထုဒေါ်အမာ မွေးနေ့ကို ကျင်းပသည်မှာ ၁၉၉၅ လောက်ကတည်းက စတင်ကြသည်ထင်သည်။မြို့ခံများတွင် မြို့မိမြို့ဖဟူ၍ရှိသလို (###) စာရေးဆရာများမှာလည်း အမိအဖသဖွယ် ရိုသေထိုက်သူ ကန်တော့ထိုက်သူများရှိသည်။ဆရာပါရဂူ၊ ဆရာတာရာ၊လူထုဒေါ်အမာ၊ ဆရာမြသန်းတင့် စသဖြင့် စသဖြင့်ရှိသည်။ထိုစဉ်က အသက် ၈၀ လောက်မှာ မွေးနေ့လုပ်ကြသည်။

လူထုဒေါ်အမာ မန္တလေးမှာမွေးနေ့ပွဲကျင်းပတော့ ဆရာမကြီး အသက် ၈၀ ပြည့် မွေးနေ့ဖြစ်သည်။မန္တလေး တောင်သမန်အင်းနားက တောင်လေးလုံးကျောင်းမှာဖြစ်သည်။ကျနော်တို့လို စာရေးဆရာ၊ ကဗျာဆရာတွေလည်း ခရီးထွက်ဖြစ်သွားသည်။ကျနော် ထိုစဉ်က ကလျာမဂ္ဂဇင်းမှာ အယ်ဒီတာဖြစ်နေသည်။တစ်နှစ်တစ်ခါ ခရီးသွားရမည့်ရက်ကို ရေတွက်နေသည်။ဘယ်လောက်ကောင်းသော အလုပ်အကိုင်ဖြစ်ပါစေ ကြာတော့ ငြီးငွေ့လာတတ်သည်။အခုခရီးလို လွတ်လပ်မှုလည်းရ ဝါသနာတူသူတွေနဲ့လည်းဆုံရ ရီဝေရီဝေနှင့် ထင်ရာမြင်ရာတွေလည်းပြောလို့ရ၊ တိုင်းရက်သည့်ကမ္ပလာ မိုးရွာသည်နှင့်အခန့်သင့်ဟု ဆိုရမည်။

ရန်ကုန်-ရွှေညောင်ခရီးသည် ရှမ်းပြည်တောင်ပိုင်းခရီးဖြစ်သည်။တောင်ပိုင်းသည် မြောက်ပိုင်းခရီးလောက် ရှမ်းမပီသ မြောက်ပိုင်းရောက်မှ ရှမ်းပြည်ရောက်သည်ဟု ဆိုကြသူများသည်။မတတ်နိုင် ရောက်ရသလောက် ကျေနပ်နေရသည်။ဆရာဒဂုန်တာရာမွေးနေ့က မေလ ၁၀ ရက်နေ့ဖြစ်သည်၊ ဆရာက ၁၉၁၉ မွေးတာဆိုတော့ ၂၀၀၉ မှာ ၉၀ ပြည့်နှစ်ဖြစ်သည်။ဆရာက ကျနော်တို့အရွယ်များနှင့် ရင်းရင်းနှီးနှီးဖြစ်အောင်နေသည်။ခေတ်ပြိုင်လူငယ်များ၏ ရင်ဘတ်ကို ဆရာကမြင်အောင်ကြည့်တတ်သည်။

အချို့စာရေးဆရာကြီးများမှာ အသက်ရလာလေလေ လူငယ်များနှင့် ဝေးသွားလေလေဖြစ်တတ်သည်။ဆရာက အဲသလိုမဟုတ် အတတ်နိုင်ဆုံး လေ့လာသည်၊ စီးမျောခံစားသည်။

ဗဖူးနှင်းဆီ