【 ဆောင်းပါး 】 မှီခိုလွန်းသူ မဖြစ်စေချင်

【 ဆောင်းပါး 】 မှီခိုလွန်းသူ မဖြစ်စေချင်

ဒီကနေ့ လူများစုသည် မိမိဘဝတိုးတက်မှုအတွက် အပြိုင်အဆိုင်ဆိုသလို ကြိုးစားနေကြသည်။

သို့သော်လည်း တချို့လူများသည် ကိုယ့်အားကိုယ်ကိုး ကိုယ့်ဒူးကိုယ်ချွန် မကြိုးစားဘဲ မိဘအပေါ်၊ အကိုအမအပေါ်၊ သူငယ်ချင်းအပေါ် မှီခိုကာ အချောင်ခိုနေတတ်ကြသည်။

ကိုယ့်ဘဝတိုးတက်ဖို့ ကိုယ့်အားကိုယ်မသုံးဘဲ အချိန်ဖြုန်းကာ တာဝန်မဲ့နေတတ်ကြသည်။တချို့လူများသည် မိဘကို မှီခိုလွန်းသည်။ဘာအလုပ်မှ မယ်မယ်ရရမလုပ်ဘဲ သူတို့ပျော်သလိုနေကြသည်။မိဘကို အားနာရမှန်းလည်းမသိ ကျေးဇူးဆပ်ဖို့ ကြိုးစားရကောင်းမှန်းလည်းမသိဘဲ သူတို့သက်သာရင်ပြီးရော မိဘဘာဖြစ်ဖြစ် ဂရုမစိုက်ချင်ကြပေ။အရွယ်ရောက်လို့ ပညာစုံရုံမက အိမ်ထောင်ကျပြီးသည်အထိ ဘာအလုပ်မှမလုပ်သည့် သားသမီးတွေလည်းရှိသည်။

ညီမနှစ်ဝမ်းကွဲတစ်ယောက်ဆိုရင် သူကမုဆိုးမ မုန့်ဟင်းခါးရောင်းသည်။သူ့တစ်ဦးတည်းသော သားက ဘွဲ့ရပြီး အလုပ်လုပ်သော်လည်း သူ့လခကို အမေ့ဆီ တစ်ကျပ်တစ်ပြားမှပြန်မပေးဘဲ သူတစ်ယောက်ထဲသုံးသည်။အမေက သူ့ကိုပြောတော့ သူ့စရိတ်သူသုံးတာလို့ ပြန်ပြောသည်။သူ့အတွက် မုန့်ဖိုးနှင့် လမ်းစရိတ် မပေးရသည်ကိုပင် အမေက သူ့ကိုကျေးဇူးတင်ဖို့ကောင်းကြောင်း ပြောသည်။သူကျတော့ ကလေးဘဝကအတိုင်း အမေ့အိမ်မှာနေ အမေဝယ်ပေးတာဝတ် အမေချက်ကျွေးတာကို အခန့်သားစားနေသည်။အိမ်အလုပ်ကိုလည်း ဘာမှဝင်ကူမလုပ်ပေ။သည်ကြားထဲ ဟင်းမကောင်းလို့ ဗျစ်တောက်ဗျစ်တောက် လုပ်သေးသည်။သူ့အနေနှင့် အမေ့အပေါ် မှီခိုလွန်းနေမှန်းမသိဘဲ သူ့လုပ်စာနှင့် သူသုံးနေတာဆိုပြီး မိခင်အပေါ်မှာတောင် မာနထားလိုက်သေးသည်။

မကြာခင်မှာပဲ မိန်းမယူတော့ အမေက မင်္ဂလာဆောင်ပေးရသည်။မင်္ဂလာလက်ဖွဲ့ပစ္စည်းရော လက်ဖွဲ့ငွေရော အကုန်သိမ်းပြီး မိန်းမအိမ်လိုက်သွားသည်။တစ်လလောက်အကြာမှာ လင်မယားနှစ်ယောက် အမေ့အိမ် ပြန်ရောက်လာသည်။အကျိုးအကြောင်းမေးတော့ ယောက္ခမတွေကို မကျေမနပ်လို့ဖြစ်ကြောင်း ပြောသည်။အမေက လက်ဖွဲ့ငွေတွေ ကုန်ပြီလားမေးတော့ ယောက္ခမက အကုန်ယူသွားကြောင်း ပြောသည်။အမေက ဒါမျိုးကျတော့ ဒီအတိုင်းငြိမ်ခံနေရလားမေးတော့ ဒီလောက်ပိုက်ဆံမက်တဲ့ဟာတွေ ယူချင်ယူပစေ စိတ်ဓာတ်လေးတွေသိရတာပေါ့လို့ ပြန်ပြောသည်။

အခုရော ဘာလို့ဆင်းလာတာလဲမေးတော့ သူ့လစာကို အကုန်သိမ်းလို့ဖြစ်ကြောင်း ပြောသည်။သူ့မိန်းမက ယောက္ခမတွေဘက်က ဝင်ပြောတော့ သူ့အမေက ငွေမမက်တာကို သက်သေပြချင်လို့ ဆင်းလာတာဖြစ်ကြောင်း ပြောသည်။သည်တော့ အမေက လင်မယားနှစ်ယောက်လုံး ကျွေးထားရသည်။အဝတ်အစားဆင်ပေးရသည်။ကလေးတစ်ယောက်ရတော့လည်း ကလေးနို့မှုန့်ဖိုး ထပ်ပေးရသည်။

နောက်ဆုံး အမေဖြစ်သူ ဆုံးသွားတော့မှ ဒုက္ခစရောက်လေသည်။အမေဆုံးပြီး တစ်လလောက်အကြာမှာပဲ မိန်းမကဆင်းရဲသည့်ဒဏ် မခံနိုင်ပါပြောပြီး ကလေးကိုခေါ်ကာ မိဘအိမ်ပြန်သွားသည်။သူလိုက်သွားတော့ သူ့ကို အိမ်ပေါ်တက်မခံကြ။နောက်ဆုံးတော့ အရက်တွေသောက်ပြီး အရက်သမားလုံးလုံးဖြစ်သွားတော့သည်။

အမေ့အပေါ် မှီခိုလွန်းပြီး အမေ့မျက်နှာကို ပြန်မကြည့် အမေစိတ်ချမ်းသာဖို့ကို နည်းနည်းမှမတွေး သူ့မာနနှင့်သူ အဟုတ်ကြီးထင်နေခဲ့သည်။နောက်ဆုံး အမေဆုံးသွားတော့ လောကအလယ်မှာ တစ်ယောက်ထဲ ဒုက္ခပင်လယ်ထဲ မျောခဲ့ရရှာသည်။

ဘုရားရှင်ပွင့်တော်မူစဉ်က ဆန္နမထေရ်သည် ဘုရားရှင်အပေါ် မှီခိုအားထားနေပြီး သူ့ကိုယ်သူတိုးတက်အောင် မလုပ်ပေ။ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်သည်အထိ အကြံတုံးဉာဏ်တုံးနှင့် ဘုရားရှင်အားကိုးနှင့် ရေသာခိုသည့်ဘဝကိုသာ ကျေနပ်နေခဲ့ဖူးသည်။

ဆန္နအမတ်သည် ဘုရားလောင်း သိဒ္ဓတ္ထမင်းသား၏ ဖွားဘက်တော်လည်းဖြစ် ဘုရားလောင်း တောထွက်စဉ်က အတူလိုက်ပါသွားသည့် မြင်းမြီးဆွဲ မောင်ဆန်လည်းဖြစ်သည်။ထို့ကြောင့် သူသည် သူ့သခင် ဘုရားဖြစ်၍ သူလည်း ရဟန်းဝတ်သောအခါ ဘုရားရှင်၏ အရှိန်နှင့် ဘဝင်မြင့်နေသူဖြစ်၏။

အဂ္ဂသာဝကဖြစ်သော ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလန်တို့နှင့် မဟာသာဝကများကိုလည်း နောက်မှရောက်ပြီး မောင်ဦးအမှည့်ခံချင်သူများဖြစ်သည်ဆိုကာ အမုန်းကြီးမုန်းနေသည်။ထို့ကြောင့် ဘုရားရှင် ဘုရားမဖြစ်ခင်မှာ သူတစ်ယောက်ထဲကူညီခဲ့ပြီး အခုမှရောက်လာသူတွေက သူ့နေရာဝင်လုကြသည်ဟု စောင်းမြောင်းပြီး ကဲ့ရဲ့သည်။

ဘုရားရှင် သိသွားပြီး ဆန္နမထေရ်ကိုခေါ်၍ အကျိုးအကြောင်းရှင်းပြ ပြောဆိုသော်လည်း ဘုရားရှင်ရှေ့မှာသာ ဘာမှပြန်မပြောသော်လည်း ကွယ်ရာတွင် ယခင်ကလို သဘောထားဆဲ ကဲ့ရဲ့အတင်းပြောဆဲဖြစ်သည်။ဘုရားရှင်က ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလန်တို့သည် သူတော်ကောင်း မိတ်ဆွေများဖြစ်၍ ပိုလို့ပင် လေးလေးစားစားနှင့် ဂါရဝတရားထား ဆက်ဆံသင့်ကြောင်း ပြောဆိုဆုံးမလည်းမရပေ။

ဘုရားရှင်က ဆန္နမထေရ်နှင့်ပတ်သက်၍ အောက်ပါဒေသနာကို ဟောတော်မူခဲ့သည်။

“ကြမ်းတမ်းသော ယုတ်မာသော အဆွေခင်ပွန်းတို့ကို ပေါင်းဖော်ခြင်းမပြုရာ။ကောင်းမွန်သော မြင့် မြတ်သော သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ရာ၏။”

ဒေသနာအဆုံးတွင် ရဟန်းများ သောတာပန်အရိယာများ ဖြစ်ကုန်သည်။ဆန္နမထေရ်ကတော့ ဘာမှထူးခြားပြောင်းလဲမှုမရှိခဲ့ပေ။နောက်ဆုံးတွင် မလိုအပ်ဘဲ ထားရှိသည့် သူ့မာနစိတ်သဘောကို ဆုံးမရန် လက်လျှော့လိုက်ရသည်။

“ချစ်သားရဟန်းတို့ ငါဘုရား သက်တော်ထင်ရှားရှိနေစဉ်မှာ ဆန္နမထေရ်ကို သင်တို့ဆုံးမ၍မရနိုင်ပေ။ငါဘုရား ပရိနိဗ္ဗာန်စံသောအချိန်မှသာ သင်တို့သည် သူ့ကိုဆုံးမနိုင်ကြပေလိမ့်မည်။”

ဘုရားရှင်သည် ပရိနိဗ္ဗာန်ပြုရာ ညောင်စောင်းတွင် လျောင်းစက်တော်မူသောအခါ အာနန္ဒာမထေရ်က ဆန္နမထေရ်နှင့်ပတ်သက်၍ ဘာဆက်လုပ်ရမည်ကို လျှောက်ထားမေးမြန်းသည်။ဘုရားရှင်က ဆန္နမထေရ် ကျွတ်တမ်းဝင်မည့်အချိန် လိုနေသေးသဖြင့် အတင်းအကျပ်ဖိအားပေးပြီး မဆုံးမကြဘဲ ဗြဟ္မဒဏ်ထားရန်သာ မိန့်တော်မူခဲ့သည်။

ဗြဟ္မဒဏ်ထားခြင်းသည် ဆန္နမထေရ် ကောင်းတာလုပ်လုပ်၊ မကောင်းတာလုပ်လုပ် ဘယ်သူကမှ သူ့ကို ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းမပြုဘဲ သည်အတိုင်းထားရန်နှင့် သူ့ကို ဘယ်သူကမှလည်း အဖက်လုပ်ပြီး ပြောဆိုဆက်ဆံခြင်းမပြုရန် ဖြစ်သည်။  

ထိုအချိန်တွင် ဆန္နမထေရ်သည် အနားမှာမရှိသဖြင့် မသိလိုက်ပေ။ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးမှ အာနန္ဒာမထေရ်က ရှင်းပြတော့မှ သိသွားတော့သည်။သူသိသောအခါ အလွန်စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းပက်လက်နှင့် ငိုကြွေးကာ သုံးကြိမ်တိတိ မူးမေ့လဲသွားခဲ့သည်။ရဟန်းတော်များကိုလည်း သူ့အပြစ်ကို ခွင့်လွှတ်ကြပါရန် အနူးအညွတ်တောင်းပန်ရှာသည်။ရဟန်းများက သူ့ကိုခွင့်လွှတ်ကာ ကံကြီးကံငယ်အတူပြုကြသောအခါတွင်မှ စိတ်သောကတွေပြေပျောက်ပြီး ကျန်းမာရေးပြန်ကောင်းလာသည်။စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဖြစ်လာတော့မှ တရားဘာဝနာများကို ကြိုးစားအားထုတ်ကာ တရားတော်၏ အနှစ်သာရကို သိမြင်လာပြီး နောက်ဆုံးတွင် ရဟန္တာဖြစ်သွားခဲ့သည်။

တချို့က မိဘအားကိုးနှင့် ဆိုးမိုက်တတ်ကြသည်။မိဘကို ကျေးဇူးသိဖို့နေနေသာသာ သူအပြင်မှာ ဆိုးသမျှ မိုက်သမျှ သူတို့ရှာထားသည့်ပြဿနာကို မိဘက ဒိုင်ခံလိုက်ရှင်းရသေးသည်။တကယ်တော့ မိဘကိုကျေးဇူးမဆပ်နိုင်သည့်တိုင် မိဘကိုဒုက္ခထပ်မပေးသင့်ပါ။မိဘမျက်နှာကို၊ မိဘမေတ္တာကို၊ မိဘကျေးဇူးကို တစ်ချက်လောက်တော့ စောင်းငဲ့ကြည့်ကာ အသိတရားနှင့် သတိလေးတော့ ထားသင့်ပါသည်။

ရိုက်မောင်း