【 ဆောင်းပါး 】 ရည်ရွယ်ချက်ကောင်းတယ်လို့ သူတို့ ခံစားမိပါစေ

【 ဆောင်းပါး 】 ရည်ရွယ်ချက်ကောင်းတယ်လို့ သူတို့ ခံစားမိပါစေ

ကျွန်တော်တို့ရဲ့  လေ့လာမှုကနေ ဖော်ထုတ်ထားတဲ့ တတိယနည်းက အင်အားကြီးချန်ပီယံတွေက နေ့စဉ်လုပ်ငန်းကို ပိုမြင့်မားတဲ့ ရည်ရွယ်ချက်ကောင်းနဲ့ ဆက်နွယ်ပေးခြင်းဖြင့် လူတွေကို အားကျလိုက်ပါလာစေအောင်လုပ်တဲ့ နည်းပါ။ကုမ္ပဏီအတော်များများမှာ “ရည်ရွယ်ချက်” ဒါမှမဟုတ် “ဦးတည်ချက်” ဖော်ပြချက်တွေရှိကြတယ်။အဲဒီထဲက လူသိအများဆုံးတစ်ခုက ဒစ္စနေရဲ့ “လူတွေပျော်အောင်လုပ်ကြမယ်” ဆိုတဲ့ “အလုပ်ရည်ရွယ်ချက်” ပါ။ဒါပေမဲ့ အလုပ်မစ်ရှင် ရည်ရွယ်ချက်ဆိုတာက ကုမ္ပဏီနဲ့ အုပ်ချုပ်သူလူကြီးတွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။အဲဒီရည်ရွယ်ချက်က ကျွန်တော်တို့အားလုံးနဲ့ သက်ဆိုင်ပါတယ်။အရှေ့ဆောင်းပါးတွေမှာ ဖော်ပြခဲ့သလို သူတို့အလုပ်ရဲ့ ရည်ရွယ်ချက်ကောင်းကို တွေ့မြင်တဲ့အခါ လူတစ်ယောက်ချင်းရဲ့ လုပ်ရည်ကိုင်ရည်က ပိုတိုးတက်လာပါတယ်။သင့်အနေနဲ့ ရည်ရွယ်ချက်ကောင်းခြင်းနဲ့ အခြားသူတွေကို အားကျစိတ်ဝင်စားလာစေနိုင်ပြီး သင့်ပရောဂျက်နဲ့ ပန်းတိုင်တွေကို ပံ့ပိုးပေးချင်တဲ့ သူတို့ရဲ့စိတ်ကိုလည်း ရလာမှာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်တုန်းက ကျွန်တော်က အဆင့်မြင့်နည်းပညာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အဂျဲလန့် အသက်ဇီဝနည်းပညာသိပ္ပံ (Agilent Technologies) ရဲ့ အကြီးတန်းခေါင်းဆောင်တွေဆီကို အဓိကမှတ်စု (Key Note) တစ်စောင် ပို့ချခဲ့တယ်။ကျွန်တော့်ရဲ့ တင်ဆက်မှု မစခင် အဂျဲလန့်ရဲ့ အမှုဆောင်တစ်ယောက်ဖြစ်တဲ့ ဂျေးကပ်သေဆမ်က သူ့ဌာနရဲ့ ဗျူဟာကို ရှင်းပြနေတုန်း ကျွန်တော်က သင်တန်းခန်းမရဲ့ အနောက်ဘက်မှာ ရပ်နေခဲ့တယ်။သူ့ရဲ့အလုပ်က သိပ္ပံပညာရှင်တွေ ရောဂါရှာဖွေရေးနဲ့ ကုသရေးမှာ အသုံးပြုတဲ့ ကိရိယာတွေကို အဆင့်မြှင့်တိုးတက်အောင် လုပ်ဆောင်ရတာဖြစ်တယ်။သူ့တင်ဆက်မှုက ဗျူဟာကို ပံ့ပိုးပေးမယ့် ကိန်းဂဏန်းတွေ အချက်အလက်တွေနဲ့ ပြည့်နှက်နေတယ်။နားထောင်နေတဲ့ ပရိသတ်အချို့က သူ့ရဲ့ခမ်းနားတဲ့ ကိန်းဂဏန်းတွေ၊ အတွေးအခေါ်တွေကို ဉာဏ်မီအောင် မနည်းလိုက်စဉ်းစားရင်း ထိုင်ခုံပေါ်မှာငြီးငွေ့ ငိုက်မြည်းနေပါတယ်။

နောက်ဆုံး နိဂုံးချုပ်အပိုင်းမှာ ခြုံငုံသုံးသပ်ရင်း သေဆမ်က “ကျွန်တော်က ကျွန်တော်တို့ရဲ့ ကိရိယာရဲ့ ထိရောက် အဓိကအသုံးဝင်ပုံကို ထုတ်နုတ်ပြောပြချင်ပါတယ်” လို့ ပြောလိုက်တယ်။ကျွန်တော်က သူနောက်ထပ်ဆလိုက်တွေ ထိုးပြဦးတော့မယ်လို့ ထင်လိုက်တယ်၊ ဒါပေမဲ့ သူက ဖော့စ် ကျန်းမာရေးထိပ်သီးဆွေးနွေးပွဲ (Forbes Healthcare Summit) က ဗွီဒီယိုအပိုင်းအတိုလေးကို ဖွင့်ပြခဲ့တယ်။အဲဒီဗွီဒီယိုမှာ ကိုရေဝုဒ်လို့ အမည်ရတဲ့ အသက်နှစ်ဆယ့်နှစ်နှစ်အရွယ် အမျိုးသမီးအားကစားသမားက သူမရဲ့ ကင်ဆာရောဂါနဲ့ပတ်သက်တဲ့အကြောင်းကို ပြောပြတဲ့ ရိုက်ကွင်းတွေကို ပြသပါတယ်။သူမက ခေတ်မီစက်ကိရိယာတွေနဲ့ DNA ဆက်စပ်ဖော်ထုတ်ခြင်းနည်းတွေက သူမရဲ့ဆရာဝန်တွေကို သူမရဲ့ရောဂါကို မော်လီကျူးလားအဆင့်ထိ အသေးစိတ် စေ့စေ့စပ်စပ် ရှာဖွေဖော်ထုတ်လေ့လာနိုင်အောင် အထောက်အကူပေးခဲ့တယ်။

အရင်လိုဆိုရင် ကုသလို့မရနိုင်ဘဲ အသက်သေမှာဖြစ်တဲ့ သူမရဲ့ ကင်ဆာက အခုတော့ ထူးခြားတဲ့ မျိုးရိုးဗီဇ မူမမှန်တာကြောင့်ဖြစ်တယ်ဆိုတာ ဆုံးဖြတ်နိုင်ခဲ့ပြီး၊ တိကျတဲ့ ဆေးကုသမှုနဲ့ သူမရဲ့ကင်ဆာကို ပျောက်အောင် ကုသပေးနိုင်ခဲ့တယ်။သူမ အခုအသက်ရှင်နိုင်ခဲ့ပြီး ကျန်းမာနေပါပြီ၊ သူမကို အသက်ငယ်ငယ်နဲ့ မသေအောင် ကယ်ဆယ်ပေးခဲ့တဲ့သူ တစ်ဦးချင်းစီကို ကျေးဇူးတင်ကြောင်းတွေကို မျက်ရည်ဝဲနေတဲ့ကြားက ပြောခဲ့တယ်။

ကိုရေဝုဒ် စကားပြောခန်းပြတဲ့အချိန်မှာ ပရိသတ်က ကိုယ်ကိုမတ်မတ်ပြင်ထိုင်လိုက်ကြပြီး သူတို့ရဲ့ စမတ်ဖုန်းတွေကို မေ့သွားကြကာ အမျိုးသမီးငယ်ရဲ့ ဇာတ်လမ်းထဲမှာ မျောသွားကြတယ်။ ဗွီဒီယိုပြီးသွားတဲ့အချိန်မှာ သေဆမ်က ပြန်ဆက်စပ်ပြတယ်။

“ကိရိယာတွေနဲ့ ကျွန်တော်တို့ ထပ်မံထည့်သွင်း အဆင့်မြှင့်ထားတာတွေမပါဘဲနဲ့ သူမရဲ့ရောဂါကို ကုသဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ခဲ့ပါဘူး” တိတ်ဆိတ်မှု ကြီးစိုးသွားတယ်။အတွေးစိတ်ကူးကို သရုပ်ဖော်တဲ့ ကာတွန်းထဲကလို အတွေးလုံးတွေ တစ်ခန်းလုံးအပြည့် လေထဲမှာ ဝဲနေတာကို မြင်လိုက်ရတယ်လို့တောင် ထင်မိတယ် ကျွန်တော်တို့ ဘာလို့အလုပ်လာလုပ်သင့်သလဲဆိုတာ သိပြီ...

သေဆမ်က ဆိုင်းဝိုင်းမှာ ပတ်မကြီးနဲ့ တုတ်လိုက်သလို အလုပ်ကို ရည်ရွယ်ချက်ကောင်းခြင်းနဲ့ တစ်ချက်တည်း ချိတ်ပြလိုက်တာက အံ့မခန်း ဆရာကျတဲ့အကွက်ပါပဲ။နောက်ခြောက်လကြာတဲ့အခါ ကျွန်တော်ရယ်၊ အဂျီလန့်ရဲ့ CEO မိုက်မက်မူလန်ရယ်၊ လူသားရင်းမြစ် ဒုတိယဥက္ကဌ ‌ဒေါမိနစ်ဂါရူရယ်တို့နဲ့ နေ့လယ်စာ အတူစားဖြစ်ကြတဲ့အခါ သူတို့လူတွေ အခုထိ အဲဒီအကြောင်းကိုပြောလို့ မဆုံးကြသေးဘူးတဲ့။

သေဆမ်က ပရိသတ်ကို ရည်ရွယ်ချက်ကောင်းနဲ့ တခမ်းတနား သွေး‌ဆောင်လိုက်သလိုမျိုး၊ ကျွန်တော်တို့ရဲ့ လေ့လာမှုမှာ ပါဝင်ကြတဲ့သူတွေကလည်း ပျင်းရိငြီးငွေ့စရာကောင်းတဲ့ အလုပ်မျိုးမှာတောင် ရည်ရွယ်ချက်ကောင်းကို ဆက်စပ်ထုတ်နုတ် ဆက်သွယ်ခြုံငုံပြနိုင်တဲ့ အရည်အချင်းရှိကြတာကို တွေ့ရတယ်။

ဖာနန်ဒို လိုပက်ဇ်လို့ခေါ်တဲ့ အသက်သုံးဆယ့်ခုနှစ်နှစ်အရွယ် ဆပလိုင်းချိန်း စပယ်ရှယ်လစ်က နယူးဂျာစီ ကျန်းမာရေးကရိယာကုမ္ပဏီမှာ အလုပ်လုပ်သူတစ်ယောက်ဖြစ်တယ်။ပြင်ပဝန်ဆောင်မှုနဲ့ ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ ကျောက်ကပ်ဆေးစက် ထုတ်လုပ်မှုကို စီမံအုပ်ချုပ်ရတယ်၊ သူက သူ့နေ့စဉ်အလုပ်ဟာ ကျောက်ကပ်ဆေးနေရတဲ့ လူနာတွေကို ကူညီရတယ်ဆိုတဲ့ နှစ်သက်စရာ ရည်ရွယ်ချက်ကောင်းနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ သူခံစားမိတယ်။ဒါပေမဲ့ ပြင်ပက ငှားရမ်းလုပ်ကိုင်ပေးနေတဲ့ လူတွေကတော့ အဲဒီလိုမခံစားရဘဲ၊ “သူတို့က စက်တစ်ခုလုံးရဲ့ တစ်စိတ်တစ်ပိုင်းကို ကျွန်တော်တို့အတွက် ထုတ်လုပ်ပေးရုံပဲ၊ အဲဒီတစ်စိတ်တစ်ပိုင်းရဲ့ တန်ဖိုးကိုလည်း သူတို့နားမလည်ကြဘူး” လို့ လိုပက်ဇ် က သုံးသပ်မိတယ်။အဲဒီတော့ ချက်ခြင်းထုတ်ပေး၊ ပို့ပေးဖို့ လိုအပ်တဲ့အခါတွေမှာ သူတို့က အရေးတယူလုပ်မပေးကြဘူး။အဲဒီစက်ရုံက အလုပ်သမားတွေကို စိတ်ဓာတ်လှုံ့ဆော်ပေးဖို့ လိုပက်ဇ်က စက်ရုံကို သူတို့နဲ့တွေ့ဖို့ သွားခဲ့တယ်။

“သူတို့ ဘာတွေကို ဘာကြောင့်လုပ်ပေးနေတာဖြစ်တယ်ဆိုတဲ့ နောက်ခံအကြောင်းအရာ တော်တော်များများနဲ့ သူတို့လုပ်နေတာက ဘယ်လောက်တန်ဖိုးထားစရာ ကောင်းတယ်ဆိုတာ  နားလည်လာအောင်နဲ့ ကျွန်တော်သူတို့ကို သေသေချာချာ ရှင်းပြခဲ့တယ်။

“သူတို့ရဲ့ လုပ်အားကြောင့် ကျောက်ကပ်လုပ်ဆောင်မှု ကျဆင်းနေတဲ့ ဝေဒနာရှင်တွေအတွက် အမှန်တကယ် ဘယ်လောက်အထောက်အကူရတယ်ဆိုတာကို ပြပေးခဲ့တယ်။အခုလိုပြောပြတဲ့အတွက် သူတို့လုပ်နေတဲ့ အလုပ်ရဲ့ ကြီးမားတဲ့ အကျိုးကျေးဇူးကို ကောင်းကောင်းသဘောပေါက်သွားပြီး သူတို့အနေနဲ့ ပိုကြိုးစား အလုပ်လုပ်ပေးဖို့အတွက် ခွန်အားဖြစ်စေတယ်” ဆိုတဲ့ တုံ့ပြန်မှုအများကြီး သူတို့ဆီကရခဲ့တယ်။စက်ရုံက ထုတ်လုပ်ရေးအဖွဲ့တွေက လိုပက်ဇ်ရဲ့ အစီအစဉ်တွေနဲ့ အရည်အသွေးပန်းတိုင်တွေအတိုင်း ဖြစ်မြောက်အောင် ပိုကြိုးစားလုပ်ပေးလာကြတဲ့အတွက် လိုပက်ဇ်ရဲ့ စွမ်းဆောင်ရည်ကိုလည်း တိုးတက်လာစေခဲ့တယ်။သူက အင်အားကြီးချန်ပီယံရဲ့ ထိပ်တန်း ၁၅ ရာခိုင်နှုန်း စာရင်းဝင်ဖြစ်သွားပြီး၊ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည် အဆင့်သတ်မှတ်ချက်မှာ ရမှတ် ထိပ်တန်း ၂၀ ရာခိုင်နှုန်းကို ရရှိခဲ့ပါတယ်။

သုတေသနတွေ့ရှိချက်က နေ့စဉ်အလုပ်နဲ့ ရည်ရွယ်ချက်ကောင်းချိတ်ဆက်မိခြင်းရဲ့ ခွန်အားကို ထောက်ခံအတည်ပြုထားပါတယ်။တက္ကသိုလ်ကျောင်းသားဟောင်းများက ပေးအပ်သော ပညာသင်ဆု ရန်ပုံငွေရှာဖွေရေးအတွက် ဆက်သွယ်ပြန်ကြားရေးဌာနမှာ လုပ်ကိုင်နေကြတဲ့ လူတွေအပေါ် ဝါတန်ရဲ့ ပရော်ဖက်ဆာ အာဒမ်ဂရန့်နဲ့ အဖွဲ့က သုတေသနတစ်ခု ပြုလုပ်ခဲ့တယ်။ဆက်သွယ်ပြန်ကြားရေးအဖွဲ့တွေက နာရီပေါင်းများစွာ ဖုန်းဆက်သွယ်ပြီး ရန်ပုံငွေကောက်ခံတဲ့အလုပ် လုပ်ရတယ်။ရန်ပုံငွေထည့်ဝင်သူတွေက သူတို့ပေးတဲ့ ငွေတွေကို ဘယ်လိုအသုံးပြုနေတယ်ဆိုတာ မသိရတဲ့အတွက် ထည့်ဝင်ဖို့ ငြင်းဆန်မှုတွေနဲ့ နပမ်းလုံးနေကြရတယ်။အဲဒီအနေအထားကို ပြောင်းပစ်ဖို့အတွက် သူတို့ရဲ့မန်နေဂျာက ပညာသင်ထောက်ပံ့ဆုကြေးရရှိတဲ့ ကျောင်းသား/သူတွေက ရေးထားတဲ့ ကျေးဇူးတင်ကြောင်း စာတွေကို ရန်ပုံငွေထည့်ဝင်သူတွေကိုပြဖို့ စီစဉ်ခဲ့တယ်။အဲဒီနောက် လှူဒါန်းသူတွေနဲ့ ရရှိသူ ကျောင်းသားတွေ မျက်နှာစုံညီတွေ့ဆုံပြီး၊ လှူဒါန်းသူတွေ ထောက်ပံ့ပေးတဲ့ ပညာသင်ဆုတွေက သူတို့ရဲ့ဘဝတွေကို ဘယ်လို ပြောင်းလဲစေခဲ့တယ်ဆိုတာ ပြောပြဖို့ စီစဉ်ပေးခဲ့တယ်။

“ဖုန်းပေါ်မှာ စကားပြောတိုင်း သင်က တစ်ယောက်ယောက်ကို ပံ့ပိုးကူညီမှုပေးနေတာ ဖြစ်တယ်ဆိုတာကို သတိရပါ” လို့ မန်နေဂျာက တွေ့ဆုံမှုအပြီးသတ် နိဂုံးချုပ်စကားမှာ ထည့်ပြောခဲ့တယ်။

နောက်တစ်လကြာတဲ့အခါ ရန်ပုံငွေ တစ်ပတ်ကောက်ခံရရှိတာဟာ ပျမ်းမျှ ၁၈၅.၈၄ ‌ဒေါ်လာကနေ ၅၀၃.၂၂ ဒေါ်လာအထိ တိုးတက်ခဲ့တယ်။သင်က လူတွေကို ရည်ရွယ်ချက်ကောင်းကို ခံစားသိမြင်စေနိုင်မယ်ဆိုရင် သင့်ပန်းတိုင်ကို ဆွတ်ခူးရရှိဖို့ သူတို့က အားကြိုးမာန်တက် ကူညီပံ့ပိုးကြပါလိမ့်မယ်။

စိတ်ခံစားမှု ထပ်ဆင့်ခံစားရအောင် သေသေချာချာ လုပ်ချင်တယ်ဆိုရင် ပြပါ (အပြောသက်သက်မဟုတ်)၊ နောက်ပြီး လူတွေက ရည်ရွယ်ချက်ကောင်းကို သိမြင်ခံစားလာနိုင်အောင် လုပ်ခြင်းဖြင့် သင်ကြိုးစားအားထုတ်နေတာကို ပံ့ပိုးချင်လာအောင် ဆွဲဆောင်နိုင်ပါလိမ့်မယ်။ဒီနည်းဗျူဟာကို လူတိုင်းအသုံးချနိုင်ပါတယ်။ဒီလိုလုပ်ငန်းခွင်ထဲက လုပ်ဖော်ကိုင်ဖက်တွေကို သွေးဆောင်ဖို့အတွက် သင့်မှာဆွဲဆောင်မှုအားကြီးတဲ့ ဥပတိရုပ်ရှိဖို့ မလိုပါဘူး။သို့ပေမယ့်လည်း တစ်ခါတရံ မိမိရဲ့အစီအစဉ်တွေ၊ ရည်ရွယ်ချက်ပန်းတိုင်တွေကို ဆန့်ကျင်မယ့်သူတွေကို အောင်နိုင်ဖို့ ဒီ သူတစ်ပါးစိတ်ညွတ်အားကျ လိုက်ပါလာအောင် သွေးဆောင်တဲ့ နည်းဗျူဟာသက်သက်နဲ့ မလုံလောက်တတ်ပါဘူး။ကျွန်တော်တို့ရဲ့ လေ့လာမှုမှာပါဝင်တဲ့ အင်အားကြီးချန်ပီယံတွေဟာ သူတို့ရဲ့ ပန်းတိုင်ကို မရောက်နိုင်အောင် ပိတ်ဆို့တဲ့ အတားအဆီးမှန်သမျှကို တွန်းလှန်ဖို့ အစဉ်ကြိုးစားအားထုတ်နေတတ်တယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

မော်တန် တီ ဟန်ဆန်ရဲ့ အခြားသူများနဲ့ ကျွမ်းကျင်စွာ အလုပ်အတူလုပ်ခြင်းကဏ္ဍမှာ တင်ပြခဲ့တဲ့ အင်အားကြီးချန်ပီယံ (Forceful Champion) လို့ သူနာမည်တပ်ထားတဲ့ ထိပ်တန်းစွမ်း‌‌ဆောင်ရှင်တွေရဲ့ အလုပ်လုပ်ကိုင်ပုံတွေကို ဖော်ပြခဲ့တာတွေက စိတ်ဝင်စားစရာကောင်းသလို၊ နည်းယူပြီး လက်တွေ့ဘဝမှာ လုပ်‌ဆောင်အောင်မြင်နိုင်တဲ့ နည်းတွေဖြစ်တာကြောင့် လက်တွေ့ကျင့်သုံးကြရင်း စွမ်းဆောင်ရည်မြင့်တဲ့ ကျွမ်းကျင်သူများဖြစ်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်။)

သက်ထွန်း (သျှမ်း)