【 ဆောင်းပါး 】 ရေရှည်အောင်မြင်မယ့် အမှတ်တံဆိပ်တစ်ခုဖြစ်အောင် ဘယ်လိုလုပ်မလဲ ?

【 ဆောင်းပါး 】 ရေရှည်အောင်မြင်မယ့် အမှတ်တံဆိပ်တစ်ခုဖြစ်အောင် ဘယ်လိုလုပ်မလဲ ?

ဒီနေရာမှာ ဈေးကွက်ထိုး‌ဖောက်ရေး (Marketing) လောကထဲ ဝင်ကာစ ဒါမှမဟုတ် မားကက်တင်း အလုပ်ကို စလုပ်ကာစ လူငယ်လေးတွေကို တစ်ခုသိစေချင်တာက မိမိလုပ်နေတဲ့ အလုပ်က ကုန်ပစ္စည်း (Product) ရောင်းချ/ ဈေးကွက်ထိုးဖောက်တာမဟုတ်ဘဲ၊ ကုန်အမှတ်တံဆိပ် (Brand) ကို ရောင်းချ/ ဈေးကွက်ထိုးဖောက်နေတယ် ဆိုတာကိုပါ။

ကုန်ပစ္စည်းနဲ့ ကုန်အမှတ်တံဆိပ် ဘာကွာလဲဆိုတာကို သိဖို့အတွက် စဉ်းစားကြည့်ကြရအောင်။

ဆင်တူအချိုရည်တွေ အများကြီးရှိတဲ့အထဲကမှ ဘာလို့ ကိုကာ-ကိုလာကိုပဲ ရွေးသောက်ကြတာလဲ။ဖုန်းတွေ အများကြီးရှိတဲ့အထဲကမှ ဘာလို့ ဆမ်ဆောင်းလဲ၊ ဘာလို့ အိုင်ဖုန်းလဲ။ကြက်ကြော်တွေ အများကြီးရှိလျက်နဲ့ ဘာကြောင့် ကေအက်ဖ်စီလဲ ဘာကြောင့် မေရီဘရောင်းလဲ။

အချိုရည်၊ ဖုန်း၊ ကြက်ကြော် စတာတွေက ကုန်ပစ္စည်း (Product) ပေါ့။ကိုကာ-ကိုလာ၊ ဆမ်ဆောင်း၊ မေရီဘရောင်း စတာတွေက ကုန်အမှတ် တံဆိပ် (Brand) ပေါ့။ဒါဆိုရင် ကွာခြားချက်ကို ရှင်းရှင်းလင်းလင်း သိလောက်ပါပြီနော်။ကုန်ပစ္စည်းဆိုတာက လိုအပ်ချက် (Needs) ပေါ့၊ ကုန်အမှတ်တံဆိပ်ဆိုတာက လိုလားချက် (Wants) ပေါ့။ဈေးကွက်ထိုးဖောက်ရေး (Marketing) ရဲ့ အခြေခံတာဝန်က စားသုံးသူတွေရဲ့ လိုအပ်ချက် နဲ့ လိုလားချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် ကုန်ပစ္စည်းအမှတ်တံဆိပ်ကို စားသုံးသူတွေ အလွယ်တကူဝယ်ယူနိုင်မယ့်နေရာမှာ သူတို့ပေးဝယ်ချင်တဲ့ ဈေးတန်းနဲ့ ဝယ်ယူနိုင်အောင် ထားရှိ ရောင်းချခြင်းဖြင့် မိမိရဲ့ ကုန်အမှတ်တံဆိပ်ဟာ စားသုံးသူအများရွေးချယ်တဲ့ ကုန်အမှတ်တံဆိပ်ဖြစ်လာ အောင် တည်ဆောက်ရင်း မိမိရဲ့ကုမ္ပဏီ အမြတ်အစွန်းရလာအောင် လုပ်ဆောင်ပေးရေးဖြစ်ပါတယ်။

အဲဒီလို မိမိရဲ့ ကုန်အမှတ်တံဆိပ်ကို စားသုံးသူတွေရဲ့ စိတ်ထဲမှာ စွဲမက်စရာ၊ လိုချင်မက်မော စရာတစ်ခုအဖြစ် ရေရှည်တည်တံ့လာအောင် တစ်နည်းအားဖြင့် စားသုံးသူတွေရဲ့ စိတ်ထဲမှာ ကုန်အမှတ်တံဆိပ်ရဲ့ တန်ဖိုးမြင့်တက်လာအောင်၊ ပိုမိုတန်ဖိုးထားလာအောင်၊ ကုန်အမှတ်တံဆိပ်ကို သစ္စာရှိရှိ အစဉ်တစိုက် သုံးစွဲ/စားသုံးလာအောင်၊ သုံးစွဲရတာကို ဂုဏ်ယူလာအောင် တည်ဆောက် ယူတဲ့ နည်းလမ်းဖြစ်တဲ့ Brand Equity (အမှတ်တံဆိပ် တစ်ခုအပေါ် စားသုံးသူကထားရှိတဲ့ တန်ဖိုး) ကို ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော်လေ့လာ ဖူးသမျှနဲ့ လက်တွေ့လုပ်ဆောင်ခဲ့တာတွေအပေါ် မူတည်ပြီး မျှဝေသွားမှာဖြစ်ပါတယ်။

နောက်အရေးပါတဲ့အချက်တစ်ခုက Brand Equity ကောင်းတဲ့ အမှတ်တံဆိပ်တစ်ခုဟာ စားသုံးသူ/သုံးစွဲသူတွေအပေါ်မှာ ဩဇာကြီးပြီး၊ အထက်တန်းအမှတ်တံဆိပ်တစ်ခုအဖြစ် အသိအမှတ်ပြုခံရတဲ့အတွက် ပြိုင်ဖက်တွေရဲ့ အထက်မှာ အမြဲရှိပြီး၊ ဈေးတန်းကိုလည်း ထိပ်ရောက်အောင် တိုးမြှင့်သတ်မှတ်လို့ရနိုင်တဲ့ အခွင့်အရေးရရှိလာမှာဖြစ်ပါတယ်။ Brand Equity ကို တည်ဆောက်ဖို့အတွက် အောက်ပါ ဗျူဟာ ၅ ခုကို ဖန်တီးရမှာဖြစ်ပါတယ်။ဒီနေရာမှာ အထူးဂရုစိုက်စေချင်တဲ့ ကိစ္စတစ်ခုက မိမိဆောင်ရွက်သမျှ ဗျူဟာအားလုံးဟာ မိမိပစ်မှတ်ထားတဲ့ စားသုံးသူ/ဝယ်ယူသူတွေကို ရည်စူး စီမံထားတာတွေပဲဖြစ်ဖို့လိုတယ်ဆိုတာကိုပါ။

ဥပမာပြောရရင် ခေတ်လူငယ်၊ အမျိုးသား၊ တက္ကသိုလ်ကျောင်းသား စားသုံးသူတွေကို ပစ်မှတ်ထားတာဆိုရင် မိမိဖန်တီးသမျှ ကြော်ငြာ၊ အရောင်းမြှင့်တင်ရေးအစီအစဉ် စတာတွေ အားလုံးက သူတို့အကြိုက်၊ သူတို့ကို ပစ်မှတ်ထားတာဖြစ်ဖို့ လိုပါတယ်။

(၁) Brand Awareness - မိမိရဲ့ အမှတ်တံဆိပ်ကို သိရှိမှတ်မိခြင်းလို့ ခေါ်တဲ့ Brand Awareness က အမှတ်တံဆိပ်အားလုံးအတွက် အလွန်အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။မိမိအမှတ်တံဆိပ်ကို သိမှ ဝယ်ယူမှုရှိလာမှာပါ။ဘယ်လောက်သိဖို့ လိုတာလဲ၊ များများသိလေ များများကောင်းလေပါပဲ။ဥပမာပြောရရင် ကျွန်တော်တို့ မြန်မာပြည်‌ဈေးကွက်မှာ အချိုမှုန့်ဆို အာဂျီနိုမိုတို/အိုးတံဆိပ်၊ ကိုလာအချိုရည်ဆို ကိုကာ-ကိုလာ၊ ရှောက်ချိုသီးအရသာ အချိုရည်ဆို ဆန်းကစ်၊ နေကာမျက်မှန်ဆို ရေဗင်၊ ချွင်းဂမ်းဆို ပီကေ (အမှန်က ပီကေ-က ချွင်းဂမ်းရဲ့ ကုန်အမှတ်တံဆိပ် (Brand) ပါ၊ ဒါပေမဲ့ အဲလိုဝါးရတဲ့ ကပ်စေးနဲတွေကို ပီကေလို့ပဲ ခေါ်တဲ့အထိ တံဆိပ်ရဲ့ ဩဇာ အရှိန်ကြီးခဲ့တာပါ။) (တီးဝိုင်းလောကမှာလည်း stage show တီးဝိုင်းသွားကြည့်မယ်လို့ ပြောရမယ့်အစား ပလေးဘွိုင်းသွားကြည့်မယ်လို့ ပြောကြတဲ့အထိ Brand လွှမ်းမိုးမှုရှိခဲ့ပါတယ် - စကားချပ်)။

နောက်တစ်ချက်က ကိုယ်ဝယ်နေကျမဟုတ်တဲ့ ကုန်ပစ္စည်းတစ်မျိုးကို ဝယ်ရတော့မယ်ဆိုရင် ကိုယ်သိထားတဲ့ အမှတ်တံဆိပ်တစ်ခုကိုရှာမှာက သဘာဝပါပဲ။ဒီအချက်က ကိုယ့်အမှတ်တံဆိပ်ကို လူများများသိလေ ကိုယ့်အမှတ်တံဆိပ်ကို ရွေးချယ်ဝယ်ယူဖို့ အခွင့်အလမ်းများလေဖြစ်တဲ့ အတွက် ကိုယ့်ပြိုင်ဖက်တံဆိပ်တွေ တစ်စုံတစ်ခု ချို့ယွင်းမှုရှိတဲ့အခါ (စားသုံးသူရဲ့ Needs and Wants ကို မဖြည့်ဆည်းပေးနိုင်တဲ့အခါ) ကိုယ့်အမှတ်တံဆိပ်ကို ပြောင်းသုံး (Brand Switching) ဖို့ အခွင့်ကောင်းတစ်ခုပါပဲ။

နောက်တစ်ခု သတိပြုရမှာက ကိုယ့်အမှတ်တံဆိပ်ကို များများသိလာကြပြီ၊ မှတ်မိလာကြပြီ။ဒါပေမဲ့ ဘယ်လိုနည်းနဲ့သိတာလဲ။စားသုံးသူ က မိမိရဲ့ကုန်အမှတ်တံဆိပ်ပေါ်မှာ အရည်အသွေးကောင်းတဲ့၊ စိတ်ချယုံကြည်ရတဲ့၊ စိတ်ကျေနပ်ပျော်ရွှင်မှုရစေတဲ့ Brand တစ်ခု အနေနဲ့ သိနေမှတ်မိနေအောင် လုပ်ဖို့လည်း သိပ်ကိုအရေးကြီးပါတယ်။

(၂) Brand Identity (မိမိ အမှတ်တံဆိပ်ရဲ့ ကိုယ်ပိုင်ဥပတိရုပ်၊ ကိုယ်ပိုင်ဟန်ပန် သတ်မှတ်ခြင်း)

ဒီဗျူဟာရဲ့ ရည်ရွယ်ချက်က သာမာန်အမှတ်တံဆိပ် လိုဂိုတစ်ခုသာဖြစ်တဲ့ မိမိရဲ့ သက်ငြိမ် အမှတ်တံဆိပ်ကို သက်ရှိလူတစ်ဦး ရုပ်လွှာသွင်ပြင်ဖြစ်လာအောင် ဖန်တီးတည်ဆောက်ရမှာဖြစ်ပါတယ်။ပြောခဲ့သလိုပဲ ကိုယ့်အမှတ်တံဆိပ်က ဘယ်လိုလူမျိုးလဲ၊ သွက်လက်ချက်ခြာ ဉာဏ်ထက်တဲ့ အာဝဇ္ဇန်းရွှင်တဲ့၊ ဟာသဉာဏ်ရှိတဲ့၊ အဝတ်အစားကို စမတ်ကျကျဝတ်တတ်တဲ့၊ ဆံပင်ရှည်ကို သပ်သပ်ယပ်ယပ်ဖြီးသင် စည်းထားတတ်တဲ့သူလား။အမျိုးသားလား၊ အမျိုးသမီးလား။ဂီတသမားလား၊ ဘော်လုံးသမားလား။ကျောင်းသားလား၊ ပညာရှင်လား စသဖြင့် ကိုယ့် brand နဲ့ ကိုက်ညီမယ့် ဥပတိကို ဖော်ထုတ်ရမှာဖြစ်ပါတယ်။

ဆိုတော့ ကိုယ်သုံးမယ့် ပိုစတာကြော်ငြာ၊ ဗွီဒီယိုကြော်ငြာတွေမှာ ကိုယ်ဖော်ထုတ်ထားတဲ့ ဥပတိသွင်ပြင်ရှိတဲ့ မော်ဒယ်သရုပ်ဆောင်တွေနဲ့ ပုံဖော်ရမှာဖြစ်သလို၊ သုံးတဲ့ လိုဂို၊ အရောင်အသွေး၊ Motto ဆောင်ပုဒ်တွေကအစ ဒီဥပတိသွင်ပြင်ကို ထင်ဟပ်စေမယ့် ပုံရိပ်တွေဖြစ်ရမှာဖြစ်ပါတယ်။

(၃) Brand Awareness (မိမိရဲ့ အမှတ်တံဆိပ်ကို သိရှိမှတ်မိခြင်း) ဖြစ်စေအောင် လုပ်ဖို့ကတော့ စားသုံးသူရဲ့မြင်ကွင်းမှာ အစဉ်မပြတ်ရှိနေအောင် လုပ်ရမှာပဲဖြစ်ပါတယ်။မိမိအမှတ်တံဆိပ်ရဲ့ လိုဂို (Logo) နဲ့ ကုန်ပစ္စည်း (Product) ကို လှပပြီး ဆွဲဆောင်မှုရှိအောင် တွေ့ရစေမယ့် ကြော်ငြာမျိုးစုံ ကို (စားသုံးသူရဲ့ မျက်စေ့နဲ့) ထိစပ်နိုင်သမျှ နေရာ ပေါင်းစုံမှာ၊ မိမိပစ်မှတ်ထားတဲ့ စားသုံးသူတွေ အမြဲသွားရောက်၊ ဝယ်ယူလေ့ရှိတဲ့ နေရာတိုင်းမှာ ထားရှိပြီး ဆွဲဆောင်ရမှာဖြစ်ပါတယ်။

(၄) Brand Association - မိမိကုန်အမှတ်တံဆိပ် (Brand) ကို တစ်စုံတရာနဲ့ ဆက်နွယ်မှု ပြုထားတဲ့ ဗျူဟာတစ်ခုဖြစ်ပါတယ်။ဒီဗျူဟာကို ဖော်ဆောင်ဖို့အတွက်ကတော့ မိမိ brand နဲ့ associate လုပ် ဆက်နွယ်ချင်တဲ့ ပလက်ဖောင်းကို ရွေးချယ်ရာမှာ Sponsor ပေးတဲ့ ပုံစံက ထိရောက်ပါတယ်။ဥပမာ မိမိရည်စူးထားတဲ့ စားသုံးသူက လူငယ်တွေဖြစ်တဲ့အတွက် သူတို့အကြိုက် တေးဂီတ ဒါမှမဟုတ် အားကစားနဲ့ မိမိ brand နဲ့ ချိတ်ဆက်ထားတာမျိုးပေါ့၊ တေးဂီတ  ရွေးချယ်ရာမှာလည်း ရော့ခ်ဂီတလား၊ ဟစ်ဟော့လား ဘာနဲ့တွဲဖက်မှာလည်း၊ ရည်ရွယ်ချက်က ရော့ခ်ဂီတ သံကြားတာနဲ့ ရော့ခ်ဂီတကိုတွေ့တာနဲ့ မိမိရဲ့ အမှတ်တံဆိပ် (Brand) ကို သတိရ အမှတ်ရလာစေလာအောင် ဖန်တီးတာမျိုးပေါ့၊ ဒီနေရာမှာလည်း အစဉ်တစိုက် စွဲမြဲစွာလုပ်ဖို့လိုပါတယ်။ဆိုလိုတာက တော်ကြာ ရော့ခ်တေးဂီတနဲ့လုပ်လိုက်၊ ခဏနေ ဟစ်ဟော့နဲ့လုပ်လိုက်၊ နောက် မြန်မာသံတွေ ခေတ်စားလာလို့ မြန်မာ့တေးဂီတနဲ့လုပ်လိုက် အဲလို တစ်ခါလာ တစ်မျိုးတွဲပြီး Brand Association ကုန်အမှတ်တံဆိပ်နဲ့ ဆက်နွယ်အောင်လုပ်လို့ မရပါဘူး။

အားကစားနဲ့လုပ်တဲ့အခါမှာလည်း ဘောလုံးပွဲနဲ့လုပ်လိုက် လက်ဝှေ့ပွဲနဲ့လုပ်လိုက်မျိုး မဖြစ်‌အောင် ဗျူဟာကို သေချာရွေးချယ်ရမှာ ဖြစ်ပါတယ်။

(၅) Brand Loyalty - မိမိရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုသာ သစ္စာရှိစွာ စွဲမြဲသုံးစွဲ စားသုံးတဲ့ အခိုင်အမာဖောက်သည်တွေ များသည်ထက်များလာအောင် စည်းရုံးဆောင်ရွက်ရမယ့် ဗျူဟာတစ်ခုဖြစ်ပါတယ်။သစ္စာရှိဖောက်သည်တွေ ဖြစ်လာအောင် စည်းရုံးတဲ့ နည်းဗျူဟာ အများအစားရှိပါတယ်၊ နောက်ပြီး ဒီလိုသစ္စာရှိဖောက်သည်တွေဟာ မိမိပြိုင်ဖက် အခြားအလားတူ ကုန်ပစ္စည်း အမှတ်တံဆိပ်တစ်ခုကို ပြောင်းလဲသုံးစွဲ စားသုံးဖို့ဆိုတာ အလားအလာ အလွန်နည်းပါတယ်။ဒီတော့ Brand Loyal ဆိုတာ ဒီလို သစ္စာရှိဖောက်သည်တွေကို ခိုင်ခိုင်မာမာ စည်းရုံးထားနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်ရမယ့် ဗျူဟာတစ်ခုဖြစ်ပါတယ်။သစ္စာရှိတဲ့ဖောက်သည်တွေကို စည်းရုံးထားဖို့ဆိုတာကလည်း အပြောလွယ်လျက် အလုပ်ခက်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။အောက်ပါလုပ်ငန်းလေးတွေကို ဂရုတစိုက်လုပ်ဆောင်ခြင်းဖြင့် လုပ်ဆောင်နိုင်ပါတယ်။

- မိမိရဲ့ ကုန်အမှတ်တံဆိပ်နဲ့ သူတို့ ထိတွေ့ပတ်သက်တိုင်းဟာ စိတ်လှုပ်ရှားပျော်ရွှင်စေတဲ့ အတွေ့အကြုံရရှိပါစေ။မိမိကုန်ပစ္စည်းရဲ့ ထုပ်ပိုးမှုတွေကို အခါအားလျော်စွာ စိတ်ဝင်စားစရာ ထုပ်ပိုးပါ၊ ဥပမာ - Valentine’s Day မှာ အဲဒီဖြစ်စဉ် အရိပ်ငွေ့ပါတဲ့ ပုံရိပ်၊ ဒီဇိုင်း၊ အရောင်ပါတဲ့ ထုတ်ပိုးမှုလေး လုပ်ပေးတာမျိုး၊ အခြား သင်္ကြန်၊ သီတင်းကျွတ်၊ World Cup စသဖြင့် အမှတ်တရဖြစ်စဉ်လေးတွေမှာ အဲဒီအဖြစ်အပျက်ရဲ့ အရိပ်အငွေ့ပါတဲ့ ယာယီထုပ်ပိုးပုံလေးနဲ့ ထုတ်လုပ်တာမျိုး၊ သူများကို လက်ဆောင်ပေးရင်တောင် မျက်နှာပန်းလှတဲ့ ထုပ်ပိုးပုံလေးတွေကို Occasion, Momentum အလိုက် လုပ်ဆောင်ပေးရပါတယ်။

- Customer Service လို့ ခေါ်တဲ့ မိမိဖောက်သည် ကို မဝယ်ခင်၊ ဝယ်ယူစဉ်၊ ဝယ်ယူပြီး နောက်ဆက်တွဲ ဖြစ်စဉ်တစ််လျှောက် လွယ်ကူချောမောစေဖို့ ပံ့ပိုးပေးတာတွေကို ဂရုတစိုက်လုပ်ပေးရမှာပါ။ဖောက်သည်အဆင်မပြေတာ တစ်ခုခု၊ သိချင်တာ  တစ်ခုခု၊ ဝယ်ယူမှာ ဆုံးဖြတ်ချက်ချဖို့ စတဲ့ ဖြစ်စဉ်တွေမှာ သူ့ စိတ်ကျေနပ်လောက်တဲ့ ပံ့ပိုးမှု၊ သံသယရှိခဲ့ရင်လည်း သံသယပြေပျောက်သွား စေမယ့် အဖြေပေးနိုင်တာမျိုး၊ ဝယ်ယူပြီးနောက်မှာလည်း တစ်စုံတရာ အခက်အခဲတစ်ခုခု တွေ့ကြုံရင်လည်း အဆောလျင်ဆုံး ဖြေရှင်းပေးနိုင်တာမျိုးတို့လို ဝန်ဆောင်မှုပေးနိုင်အောင် ကြိုတင်စီစဉ်ထားရပါမယ်။ဖောက်သည်အနေနဲ့ အဆင်မပြေမှုတစ်ခုခုအတွက် တိုင်တန်းမှုရှိခဲ့ ပေါ်ပေါက်ခဲ့ရင်လည်း ချက်ခြင်းအရေးတယူ ဖြေရှင်းပေးရမှာဖြစ်ပါတယ်။

- Loyalty Programme လို့ ခေါ်တဲ့ မိမိဖောက်သည်က မိမိကုန်ပစ္စည်းအမှတ်တံဆိပ်ကို အကြိမ်ကြိမ် ထပ်ခါပြန်လည်ဝယ်ယူ သုံးစွဲစေနိုင်မယ့် အစီအစဉ်လေးတွေ ဖန်တီးပေးရမှာဖြစ်ပါတယ်။ပစ္စည်းဝယ်ယူတဲ့ အရေအတွက်ပေါ် မူတည်ပြီး အထူးဈေးလျှော့ပေးတာမျိုးတို့၊ ဝယ်ယူတဲ့ အကြိမ်ပေါ်မှာ မူတည်ပြီး ပရိုမိုးရှင်းတစ်ခုခု လုပ်ပေးတာမျိုးတို့နဲ့ ထပ်ခါထပ်ခါ ဝယ်ယူအားပေး သုံးစွဲလာအောင် စည်းရုံးဆွဲဆောင်ရမှာဖြစ်ပါတယ်။ဒီဗျူဟာနဲ့ ပြိုင်ဖက်တွေ မိမိထက်သာမသွားအောင် ဖန်တီးထားနိုင်မှာလည်းဖြစ်ပါတယ်။

- ဒါ့အပြင် မိမိဖောက်သည်မှန်သမျှက မိမိဆောင်ရွက်သမျှ ပရိုမိုးရှင်းတွေ၊ စပွန်ဆာပွဲတွေ၊ အမှတ်တံဆိပ်နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေ အကုန်လုံးကို ပွင့်လင်းမြင်သာ သိစေနိုင်မယ့် ဆက်သွယ်မှုလမ်းကြောင်းမျိုးစုံ ဖန်တီးပြီး သူတို့ကို အဆက်မပြတ်သိရှိစေ၊ ပါဝင်လှုပ်ရှားစေနိုင်အောင် စီမံဆောင်ရွက်ထားရမှာဖြစ်ပါတယ်။မိမိ လုပ်ဆောင်သမျှ ပရိုမိုးရှင်းတိုင်း လှုပ်ရှားမှုတိုင်းဟာ သူတို့မျှော်လင့်ထားတာထက် အမြဲသာလွန်ကောင်းမွန်နေအောင်၊ အံ့အားသင့်စရာဖြစ်အောင် ကြိုးစားစီမံ ဖန်တီးသင့်ပါတယ်။မိမိတို့ ကုမ္ပဏီက ဖောက်သည်များအားလုံးကို အထူးအလေးထားကြောင်း သူတို့သိရှိ ယုံကြည်ကြပါစေ။

(၆) Perceive Quality - တကယ်ကောင်းမွန်ပြီး သတ်မှတ်အရည်အသွေးပြည့်တဲ့ Level တစ်ခုကို ရောက်နေတဲ့ ကုန်ပစ္စည်းတွေဟာ အမှန်တော့ တစ်ခုနဲ့ တစ်ခု အရည်အသွေး သိပ်မကွာကြပါဘူး။ဒါပေမဲ့ Brand Equity ကောင်းကောင်းတည်ဆောက်ထားတဲ့ အမှတ်တံဆိပ်တွေအပေါ်မှာတော့ သူတို့ရဲ့ ပုံမှန်စားသုံးသူ/ သုံးစွဲသူတွေက အခြားတံဆိပ်တွေထက် အရည်အသွေးအများကြီးသာလွန်တယ်လို့ အထင်ရောက်ပြီး၊ သူတို့ရဲ့ စိတ်ကျေနပ်မှုကို အတိုင်းထက်အလွန် ဖြည့်ဆည်းပေးနိုင်ပါတယ်။

Brand Equity လို့ ခေါ်တဲ့ မိမိရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် (Brand) ကို ဖောက်သည်တွေရဲ့ ရင်မှာ စွဲမြဲနေစေကာ၊ ဖောက်သည်တွေက ချစ်ခင်တန်ဖိုးထားပြီး ခိုင်မာစွာ သစ္စာရှိနေစေအောင် ဖန်တီးပေးမယ့် ဖော်ပြခဲ့တဲ့ နည်းဗျူဟာ ၅ ခုကို လေးနက်စွာ အစဉ်တစိုက်ဆောင်ရွက်ခြင်းဖြင့် ရေရှည်အောင်မြင်မယ့် ထိပ်တန်းအမှတ်တံဆိပ်တွေ တည်ဆောက်ရင်းနဲ့ တိုးတက်ဖွံ့ဖြိုး အမြတ်အစွန်းကြီးမားစွာရရှိတဲ့ ကုမ္ပဏီအဖြစ် တက်လှမ်းနိုင်ကြပါစေကြောင်းဆန္ဒပြု အကြံပေး တိုက်တွန်းလိုက်ပါတယ်။

မေတ္တာဖြင့် ….

သက်ထွန်း (သျှမ်း)
Photo Credit - Freepik