【 ဆောင်းပါး 】 ရောင်းအား အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ ?

【 ဆောင်းပါး 】 ရောင်းအား အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ ?

Marketing နည်းပညာတွေ ဘယ်လိုပဲ တိုးတက် တိုးတက်၊ ဘယ်လောက်ပဲ ခမ်းနား ခမ်းနား၊ အရိုးရှင်းဆုံး၊ အခြေခံအကျဆုံးနဲ့ ရောင်းကောင်းစေမယ့် နည်းစနစ်ကတော့ - “ဆိုင်တိုင်းမှာ မိမိပစ္စည်းကို အလွယ်တကူဝယ်ယူရရှိနိုင်ခြင်း (Availability) နဲ့ ဆိုင်တိုင်းမှာ မိမိပစ္စည်းကို ထင်ထင်ရှားရှား သားသားနားနား မြင်တွေ့ရခြင်း (Visibility) အတိုကောက် ‘A&V’ ကို ဖန်တီးထားရင် အလိုအလျောက် ရောင်းကောင်းတဲ့ ပစ္စည်းဖြစ်လာမှာ အသေအချာပါပဲ” ဆိုတဲ့ နည်းစနစ်ဖြစ်ပါတယ်။

အရောင်းဝန်ထမ်း တော်တော်များများက အရောင်းဖြန့်ချိရေး ထွက်တဲ့အခါ ဆိုင်တွေကို ယူဦးမလားလို့ မေးပြီး၊ ယူမယ်ဆိုတဲ့ ဆိုင်တိုင်းကို (ဆိုင်ရှင်တောင်းဆိုတဲ့ အရေအတွက်အတိုင်း) ရောင်းပေးနိုင်ရင် တာဝန်ကျေပြီလို့ ယူဆတတ်ကြပါတယ်။တချို့ ဘယ်လောက်ဆိုးသလဲဆိုရင် ဆိုင်ရှေ့က ကားဖြတ်မောင်းသွားရင်း အမရေ၊ အကိုရေ၊ အကျိရေ၊ မာမူရေ၊ ဘာဘူရေ၊ ယူဦးမလားလို့ အော်ရောင်းပြီး (ခေါင်းရွက်ဗျက်ထိုး ဈေးသည်ကို အတုယူပြီး)၊ မယူသေးဘူးလို့ ဆိုင်ထဲက ပြန်အော်ရင် ဝေါကနဲ မောင်းထွက်သွား၊ နောက်တစ်ဆိုင်ကိုလည်း ထိုနည်းလည်းကောင်း လုပ်တတ်ကြတယ်။ဆိုင်ကဝယ်ထားရင် ကိုယ့်ပစ္စည်းရောင်းကောင်းပြီလို့ထင်ပြီး ရောင်းကောင်းခြင်း = နေ့စဉ် ဆိုင်ရာချီ သွားနိုင်ခြင်းလို့ သူတို့ဖာသာ ဖော်မြူလာထုတ်ထားလား ထင်ရပါတယ်။သူတို့ရဲ့  အထက်လူကြီးတွေကလည်း စာရွက်ပေါ်က နံပတ်တွေ ဂဏန်းများများ ရရှိရေးကိုသာ အဓိကထား စစ်ဆေးတတ်ပြီး၊ များများရောင်းနိုင်သူကို ချီးမြှောက်တဲ့ ဓလေ့ထုံးစံတစ်ခု ထွန်းကားလာပါတယ်။ဒီအလေ့အကျင့်က ခဏတာ အရောင်းကို ဖြစ်စေပေမယ့် ရေရှည် အရောင်းကျန်းမာရေးကောင်းနေစေအောင် လုပ်နိုင်မယ့် နည်းလမ်းတစ်ခု မဟုတ်ဘူးဆိုတာ သတိပေးပါရစေ။

အမှန်က ရောင်းလိုက်ရုံနဲ့ ကိုယ့်တာဝန်ကျေသွားတာ မဟုတ်ပါဘူး။ကိုယ့်ပစ္စည်း အမှတ်တံဆိပ် ရေရှည်ရောင်းကောင်းဖို့ဆိုရင် ဂရုစိုက်ပေးရမှာတွေရှိပါတယ်။အခြေခံအကျဆုံးနဲ့ အရိုးစင်းဆုံးလုပ်ရမှာကတော့ မိမိကုန်ပစ္စည်း အမှတ်တံဆိပ် ဆိုင်တိုင်း (မိမိကုန်ပစ္စည်းနဲ့ အလားတူပစ္စည်းရောင်းချတဲ့ ဆိုင်တိုင်းကို ဆိုလိုတာဖြစ်သလို၊ မိမိကုန်ပစ္စည်းကို ရောင်းချပေးနိုင်လောက်တဲ့ အခြားသမားရိုးကျမဟုတ်သော လက်လီဆိုင်တိုင်းကို ဆိုလိုပါတယ်) မှာ လွယ်လင့်တကူ ဝယ်ယူနိုင်အောင် စားသုံးသူရဲ့ လက်တစ်ကမ်းမှာ တင်ရောင်းရမှာဖြစ်သလို၊ ဆိုင်မှာရှိတဲ့ မိမိရဲ့ကုန်ပစ္စည်းတွေကို ဝယ်သူအမြင်မှာ လှပသပ်ယပ်အောင် စီထားဖို့လည်း လိုအပ်ပါတယ်။

ပစ္စည်းစီ (Product Display တစ်နည်း Merchandising) ပြရာမှာ နည်းစနစ်များစွာရှိသလို နောက်ကွယ်က တွေးခေါ်ပုံလည်း များစွာရှိပါတယ်။များများစီရီခင်းကျင်းထားလေ၊ များများနဲ့ မြန်မြန်ရောင်းရလေပဲဆိုတာ သိထားဖို့ လိုပါတယ်။ပစ္စည်းစီရီခင်းကျင်းတဲ့ နည်းလမ်းကို FOAM လို့ အလွယ်တကူ မှတ်သားနိုင်ပါတယ်။

F = Front of Pack မိမိကုန်ပစ္စည်းရဲ့ မျက်နှာစာက ဝယ်သူကို တူရူ မျက်နှာချင်းဆိုင် အနေအထားဖြစ်အောင် (ကုန်အမှတ်တံဆိပ်ကို သေချာစွာ အတည့်မြင်နိုင်အောင်) စီရမှာဖြစ်ပါတယ်။

O = Over Top မိမိကုန်ပစ္စည်းဟာ တခြားကုန်ပစ္စည်းတွေက ကွယ်နေတဲ့ အနေအထားမှာ၊ အခြားကုန်တံဆိပ်တွေကြားမှာ မြုတ်နေတဲ့ အနေအထားမှာ ဘယ်တော့မှမရှိစေဘဲ၊ သူတစ်ပါးထက် မြင်သာထင်သာတဲ့ နေရာမှာ အမြဲရှိရပါမယ်။

A =  Available Stock All Brands မိမိရဲ့ ကုန်အမှတ်တံဆိပ်မှန်သမျှ ဆိုင်မှာ တင်ရောင်းစေရမှာဖြစ်ပြီး၊ ပစ္စည်းရောင်းချတဲ့နေရာမှာ စီတဲ့ အရေအတွက်အပြင် လုံလောက်တဲ့ အပိုဆောင်းအရေအတွက်ပါ ဆိုင်မှာရှိနေစေရမှာဖြစ်ပါတယ်။

M =  Mass Each Brand ပစ္စည်းရောင်းချတဲ့ နေရာမှာ မိမိရဲ့ကုန်ပစ္စည်းကို စီတဲ့နေရာမှာ အမှတ်တံဆိပ် (Brand) တိုင်းကို တတ်စွမ်းသမျှ အရေအတွက်များများရအောင် စီရမှာဖြစ်ပါတယ်။

ဒီနေရာမှာ သတိထားရမှာက မိမိပစ္စည်း အမှတ်တံဆိပ်ကို eye level လို့ခေါ်တဲ့ မြင်ကွင်းကောင်းတဲ့နေရာမှာ ကျကျနနစီဖို့ လိုပါတယ်။ eye level ရဲ့ အလွန် အပေါ်အောက် ဝဲယာမှာ ရောက်နေရင် ပစ္စည်းအများကြီးစီအောင် ကိုယ်ကလုပ်နိုင်ပေမယ့် product display ကောင်းကောင်း လုပ်ထားနိုင်တယ်လို့ မဆိုနိုင်ပါဘူး။တချို့ပညာရှင်တွေက eye level မက arm level (လက်လှမ်းမီတဲ့နေရာ) မှာ ရှိနေစေဖို့ပါ သတိထားရမယ်လို့ ဆိုကြပါတယ်။နောက်တစ်ချက်က eye level မြင်ကွင်းကောင်းတဲ့ နေရာကို ရွေးချယ်ရာမှာ လက်ဝဲစွန်ကနေ လက်ယာဘက်ကို စီတာကို ပထမဦးစားပေး ရွေးချယ်ရမှာဖြစ်ပြီး၊ အဲဒီနေရာက လူဝင်ရောက်တတ်တဲ့ နေရာလမ်းကြောင်းရဲ့ အဦးအစနေရာမှာ ဖြစ်သင့်ပါတယ်။ဒုတိယဦးစားပေး စီသင့်တာက အထက်အောက် ဒေါင်လိုက်စီခြင်းဖြစ်ပါတယ်။တချို့ကုန်အမှတ်တံဆိပ်တွေက မိမိကုန်ပစ္စည်းတွေကို ရွေးချယ်သတ်မှတ်ထားတဲ့နေရာမှာ စီတဲ့အပြင် ကုန်ပစ္စည်းစီထားတဲ့ နေရာပတ်ပတ်လည်မှာ ထင်ရှားတဲ့ ဒီဇိုင်းနဲ့ ဝန်းပတ်ပြီး ပိုထင်ရှားအောင် လုပ်တတ်ပါတယ်။ကိုယ့်ပစ္စည်းရှိတဲ့နေရာကို ချက်ခြင်းသတိပြုစေမယ့် shelf divider လို branding မျိုးနဲ့လည်း ထင်ရှားအောင် Highlight လုပ်ထားတတ်ကြပါတယ်။

အထက်က ဖော်ပြပါနည်းကတော့ လက်လီ/လက်ကားဆိုင်ရဲ့ မိမိကုန်အမှတ်တံဆိပ်နဲ့ အလားတူ ကုန်ပစ္စည်းတွေ တင်ရောင်းတတ်တဲ့ နေရာ/စင်မှာ မိမိကုန်ပစ္စည်း အမှတ်တံဆိပ်ကို ထင်ရှားလှပ သပ်ယပ်ခမ်းနားအောင် စီတဲ့နည်းပေါ့။ဒါထက်ထူးအောင် လုပ်နိုင်တဲ့ ပစ္စည်းစီရီ ခင်းကျင်းတဲ့နည်းကတော့ ဆိုင်တွင်း လူသွားလူလာများတဲ့နေရာမှာ (supermarket/store လို နေရာကျယ်တဲ့ ဆိုင်တွေမှာ သင့်တော်ပါတယ်) မိမိပစ္စည်းကို သီးခြားပုံပြီး၊ ဒီဇိုင်းအလှအပ ဖန်တီးပြီး စီရီခင်းကျင်းထားတဲ့ နည်းပါပဲ။ Block Display or Island Display လို့ ခေါ်ပါတယ်။ဒီလို စီရီခင်းကျင်းခြင်းမှာ အရောင်းမြှင့်တင်ရေး promotion scheme တစ်မျိုးမျိုးနဲ့ ပေါင်းပေးလိုက်ရင် စီသမျှ ကုန်ပစ္စည်း အမြန်နှုန်းနဲ့ ရောင်းရနိုင်တာ လက်တွေ့ဖြစ်ရပ်တွေ အများကြီးရှိပါတယ်။ဒါကြောင့် ကုန်အမှတ်တံဆိပ်တော်တော်များများဟာ သူတို့ ကုန်ပစ္စည်းကို သင်္ကြန်၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နှစ်သစ်ကူးပွဲတော်လို အခါသမယတွေမှာ ဒီနည်းစနစ်နဲ့ ရောင်းချတတ်ကြတာဖြစ်ပါတယ်။

အထူးသတိထားရမှာကတော့ အရမ်းရောင်းကောင်းလာတဲ့ အတွက် Out of Stock လို့ခေါ်တဲ့ ကုန်ပစ္စည်းတိုင်းအတွက် ခြိမ်းခြောက်စိန်ခေါ်မှု အကြီးစားဖြစ်တဲ့ ပစ္စည်းပြတ်တာ မဖြစ်အောင် ဆိုင်မှာပစ္စည်းတွေကို များများရောင်းပြီး အသင့် stock up လုပ်ထားဖို့ပဲ ဖြစ်ပါတယ်။ (ပုံမှန်ရောင်းချတဲ့ အရည်အတွက်ရဲ့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအထိ ပစ္စည်းထားရှိသင့်ပါတယ်။)

အထက်ကလို အခါအားလျော်စွာ ပွဲတော်ရက်တွေမှာ ခင်းကျင်းရောင်းချနိုင်သလို ပုံမှန်အချိန်တွေမှာလည်း (supermarket, store တွေမှာ သင့်တော်ပါတယ်) Gondola End Cap Display လို့ခေါ်တဲ့ မိမိကုန်ပစ္စည်းနဲ့ အလားတူပစ္စည်းတွေ တင်ရောင်းတဲ့ စင်တန်းတွေရဲ့ ထိပ်ဝမှာ ဒီဇိုင်းဆင်ပြီး မိမိကုန်ပစ္စည်းတွေချည်း သက်သက်စီပြီး ရောင်းချတဲ့ နည်းကလည်း အလွန်ရောင်းကောင်းစေတဲ့ နည်းဖြစ်ပါတယ်။များသောအားဖြင့် အရောင်းမြှင့်တင်ရေး မိန်းကလေး (Sales Promoter) တွေပါ ထားပြီး မိမိကုန်ပစ္စည်းအမှတ်တံဆိပ်အကြောင်းနဲ့ ပရိုမိုးရှင်းအကြောင်း (ရှိရင်) ပြောရောင်းလေ့ရှိကြပါတယ်။လူမထားလည်း ဒီလိုအခင်းအကျင်းက ဝယ်သူကို အလိုလိုဝယ်လာအောင် ညှို့ထားပြီးဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ Cross Channel Display လို့ခေါ်တဲ့ မိမိကုန်ပစ္စည်း အမှတ်တံဆိပ်နဲ့ တွဲဖက်ဝယ်ယူလေ့ရှိတဲ့ အခြားကုန်ပစ္စည်းတွေ တင်ရောင်းတဲ့နားက သီးသန့်နေရာမှာ မိမိကုန်ပစ္စည်းကို စီရီခင်းကျင်းထားတဲ့နည်းပါ။ဥပမာ - အရက်၊ ဘီယာ၊ ဝိုင်ကောင်တာနားမှာ စီးကရက်စင်လေး ထားရောင်းတာမျိုး၊ အသားရောင်းတဲ့ ကောင်တာနားမှာ မဆလာ၊ ဟင်းခတ်အမွှေးအကြိုင် တင်ရောင်းတဲ့ စင်လေးကို ဒီဇိုင်းလှလှလေးလုပ်ပြီးထားရောင်းတာ၊ အာလူးကြော်၊ မြေပဲလှော်၊ နေကြာ၊ ကွာစေ့ ရောင်းတဲ့ ကောင်တာနားမှာ ကိုကာကိုလာ အချိုရည်ပစ္စည်း စီတင်ထားပြီး စင်လေးနဲ့ ခင်ကျင်းထားတာမျိုးတို့ပေါ့။

ဆိုင်တစ်ဆိုင်မှာ မိမိကုန်ပစ္စည်း အမှတ်တံဆိပ်ကို သီးသန့်စီရီ ခင်းကျင်းတော့မယ်ဆိုရင် ထားရှိသင့်တဲ့ ပစ်မှတ်နေရာတွေ ရှိပါသေးတယ်။အဲဒီနေရာတွေကတော့ -
(၁) ဆိုင်ဝင်ပေါက် (သို့မဟုတ်) လူဝင်ထွက်သွားလာ အများဆုံးနေရာ။
(၂) မိမိကုန်ပစ္စည်းနဲ့ အလားတူ ကုန်ပစ္စည်းများ ခင်းကျင်းရောင်းချတဲ့နေရာ။
(၃) မိမိကုန်ပစ္စည်းနဲ့ တွဲဖက်ဝယ်ယူလေ့ရှိတဲ့ အခြားကုန်ပစ္စည်းများ ခင်းကျင်းရောင်းချတဲ့နေရာ။
(၄) အခြားအရောင်းသွက်ပစ္စည်းများ ထားရှိရောင်းချတဲ့ နေရာ။
(၅) ငွေရှင်းကောင်တာအနီးတို့ဖြစ်ပါတယ်။

ဒီငါးနေရာမှာ မိမိကုန်ပစ္စည်း အမှတ်တံဆိပ်ကို ခင်းကျင်းစီရီ ထားရှိမယ်ဆိုရင် အလိုလိုရောင်းအားကောင်းတဲ့ ပစ္စည်းများ ဖြစ်လာစေနိုင်ပါတယ်။

အခုလို ကုန်ပစ္စည်းခင်းကျင်း စီရီတော့မယ်ဆိုရင် သတိထားရမယ့် အခြားအချက်တွေက -
(၁) expiry date နီးတဲ့ ပစ္စည်းတွေကို ဝယ်သူက အရင်ယူသွားနိုင်တဲ့ အရှေ့တန်းမှာ စီပါ။
(၂) ဝယ်သူတွေက ယူသွားလို့ လွတ်သွားတဲ့ နေရာတွေမှာ အမြန်ဆုံးပစ္စည်း ပြန်ဖြည့်ပြီး စီပါ။
(၃) မိမိကုန်ပစ္စည်း အမှတ်တံဆိပ်တွေကို ရောင်းအားသွက်တဲ့ အခြားကုန်အမှတ်တံဆိပ်တွေနားမှာ များများပြားပြား သားသားနားနား တစ်ဆက်တည်းဖြစ်အောင် စီပါ။
(၄) ဈေးနှုန်းဖော်ပြထားရှိပါစေ။
(၅) ပရိုမိုးရှင်းရှိပါက၊ ပရိုမိုးရှင်း ကြော်ငြာကို (အရောင်းမြှင့် မိန်းကလေးက အကြောင်းကြောင်းကြောင့် မပြောပြနိုင်သည့်တိုင်အောင်) ဝယ်သူတွေ အလွယ်တကူတွေ့မြင် သိရှိနိုင်အောင် ထားပါ။ပရိုမိုးရှင်းက အခြားပစ္စည်းတစ်မျိုး လက်ဆောင်ပေးတာဆိုရင် ပေးမယ့် လက်ဆောင်ကိုပါ နမူနာကြည့်နိုင်အောင် အတူစီထားပါ။ဥပမာ - ပရိုမိုးရှင်းက ၃ ခုဝယ် ဖန်ခွက်လက်ဆောင်ဆိုရင် (ဒီဇိုင်းနဲ့ ကြော်ငြာပြထားတဲ့အပြင်) ပေးမယ့် ဖန်ခွက်ကိုပါ ပြထားပါ။
(၆) လက်ဆောင်ပေးမယ့် ပစ္စည်းအရေအတွက် အလုံအလောက်လည်း ဆိုင်မှာရှိနေပါစေ။ဆိုင်ရဲ့ အရောင်းဝန်ထမ်းတွေကလည်း ပရိုမိုးရှင်းကိုသိနေပြီး၊ လိုအပ်ရင် သူတို့ကပါ ဝယ်သူကို ရှင်းပြ ညွှန်းပြနိုင်ပါစေ။

အထက်ပါလို မိမိကုန်ပစ္စည်း အမှတ်တံဆိပ်ကို စနစ်တကျ ခင်းကျင်းစီရီခြင်းက ရရှိလာမယ့် အကျိုးကျေးဇူးတွေကတော့ -
(၁) မိမိကုန်ပစ္စည်း အမှတ်တံဆိပ်က ပိုပေါ်လွင်နေတဲ့အတွက် ဝယ်ယူသူက လွယ်လင့်တကူ ရွေးချယ်ဝယ်ယူလာစေနိုင်ခြင်း။
(၂) မိမိကုန်ပစ္စည်း အမှတ်တံဆိပ်ကို အမြောက်အများ မြင်တွေ့ရခြင်းကြောင့် (အရောင်းမြှင့်တင်ရေး ပရိုမိုးရှင်းကလည်း ကောင်းသောကြောင့် ) ဝယ်သူက ယုံကြည်စိတ်ချစွာ ဝယ်ယူလာနိုင်စေခြင်း။
(၃) မိမိကုန်ပစ္စည်း အမှတ်တံဆိပ်ကို သေချာစွာ မှတ်မိနေစေခြင်းကြောင့် နောင်ထပ်မံဝယ်ယူရန် သေချာစေခြင်း။
(၄) စားသုံးသူအနေဖြင့် နှစ်လိုပျော်ရွှင်ဖွယ် ဈေးဝယ်အတွေ့အကြုံကို ရရှိစေခြင်း ကြောင့် နောင်ဝယ်ယူရာတွင် မိမိရဲ့ကုန်ပစ္စည်း အမှတ်တံဆိပ်ကို ရွေးချယ်ဝယ်ယူမှု ဖြစ်စေခြင်း။
(၅) စနစ်တကျ စီရီခင်းကျင်းထားခြင်းကြောင့် ရောင်းကုန်သွားသော ပစ္စည်းအရေအတွက် အလွယ်တကူသိနိုင်သဖြင့် ချက်ခြင်း ပြန်လည်ဖြည့်တင်းနိုင်ခြင်း။ပစ္စည်းပြတ် (Out of Stock - OOS) မဖြစ်စေရန် ကာကွယ်တားဆီးနိုင်ခြင်း။
(၆) အရောင်းသွက် အမှတ်တံဆိပ်ဖြစ်လာသောကြောင့် ဆိုင်ရှင်များကလည်း ယုံကြည်စိတ်ချစွာ ဝယ်ယူရောင်းချလာစေနိုင်ခြင်း။
(၇) မိမိရဲ့ကုန်ပစ္စည်း အမှတ်တံဆိပ် ရောင်းအားကောင်းလာတဲ့အတွက် မိမိကုမ္ပဏီအတွက်ရော၊ ရောင်းချတဲ့ ဆိုင်အတွက်ပါ အမြတ်များများ ရလာစေနိုင်သလို မိမိအလုပ်ရဲ့ ရှေ့ရေးလည်း ကောင်းမွန်လာစေနိုင်ခြင်း။

အထက်ပါအတိုင်း မိမိရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ကို လက်လီ/လက်ကား ဆိုင်တွေမှာ စနစ်တကျ လှပသားနား ထည်ဝါစွာ စီရီခင်းကျင်း ရောင်းချခြင်းဖြင့် ပြိုင်ဘက်အမှတ်တံဆိပ်များထက် ပိုမိုထင်ရှားပေါ်လွင်ပြီး ရောင်းအားအကောင်းဆုံး၊ စားသုံးသူရွေးချယ်မှုအများဆုံး အမှတ်တံဆိပ်အဖြစ် ရှင်သန်နေအောင် ဖန်တီးစွမ်းဆောင်နိုင်သော ကုမ္ပဏီက အားထားရတဲ့ အရောင်းသမား၊ ဈေးကွက်ထိုးဖောက်မြှင့်တင်ရေးသမားကောင်းများ ဖြစ်ကြပါစေ ....။

မေတ္တာဖြင့်....

သက်ထွန်း (သျှမ်း)