【 ဆောင်းပါး 】 ရွံစရာ ကွမ်းသမားဘဝ

【 ဆောင်းပါး 】 ရွံစရာ ကွမ်းသမားဘဝ

ကျနော် ကွမ်းစစားခါစ အလုပ်လုပ်ရတာတွင်လို့ ကွမ်းစားရတာကို တော်တော်သဘောကျမိတယ်။

ကိုယ့်စားပွဲနံဘေး ပလတ်စတစ်အိတ်စွပ်ထားတဲ့ အမှိုက်ခြင်းလေးချထား၊ ကွမ်းလေးတမြုံ့မြုံ့ဝါးလိုက်၊ အမှိုက်ခြင်းထဲ ပက်ခနဲ ကွမ်းတံတွေးထွေးလိုက်။အလုပ်လေးလိုက်လိုက်။

အယ်ဒီတာအလုပ်နဲ့ ကွမ်းစားခြင်းဟာ အံကိုက်ပဲလို့တောင် ပြောလိုက်သေးတယ်။အရင် ဆေးလိပ်သောက်တုန်းကလို ဆေးလိပ်သောက်ချင်လို့ အခန်းအပြင်ထွက်ရတာမျိုးမရှိတော့ အချိန်ကုန်သက်သာ အလုပ်လည်းတွင် ကောင်းမှကောင်း။

ဘာလို့ကွမ်းစားရတာလဲဆိုတော့ တစ်ခုခုနဲ့ ဇိမ်ခံချင်တဲ့သဘော။ဆေးလိပ်သောက်တုန်းကလည်း အဲဒီလိုပဲ၊ ကိုယ်တွေလူလတ်တန်းစားအဆင့် ငွေကုန်ကြေးကျမများတဲ့ ဇိမ်ခံချင်းတစ်မျိုး။ကျန်းမာရေးထိခိုက်တာကို ထည့်မတွက်။ပတ်ဝန်းကျင်ညစ်ညမ်းမှုကို မမြင်ချင်ယောင်ဆောင်။ဆေးလိပ်ဆိုရင် ကိုယ့်ကြောင့် တခြားသူတွေရဲ့ ကျန်းမာရေးပါ ထိခိုက်လိုက်သေး။

ဘာပဲဖြစ်ဖြစ် ကိုယ့်မှာက ဇိမ်ခံနိုင်တာ ဒါလေးပဲရှိတယ်ဆိုတဲ့စိတ်နဲ့ ဆေးလိပ်ဖြတ်ပြီးတော့ ကွမ်းဆက်စားဖြစ်။ကိုယ်သွားရာ လမ်းမတစ်လျှောက် ပက်ခနဲ ထွေးထုတ်ပစ်လိုက်တဲ့ ကွမ်းတံတွေးတွေက အနီရောင် စွန်းထင်းကျန်ခဲ့တာကို မသိချင်ယောင်ဆောင် မတတ်နိုင်ဘူးဆိုတဲ့ ဆင်ခြေမျိုးနဲ့။တချို့ဆို ရှေ့မကြည့် နောက်မကြည့် မဆင်မခြင် ကားပေါ်ကနေ ပက်ခနဲထွေးချလိုက်တဲ့ ကွမ်းတံတွေးက လမ်းမပေါ် ဖြတ်သွားဖြတ်လာလူတွေရဲ့ ကိုယ်ပေါ်အထိ သွားစွန်းထင်။အဝတ်အစားတွေလည်း ပေကျံသေး၊ သူများကွမ်းတံတွေး ရွံကလည်းရွံရသေး။တချို့ဆို ကိုယ့်မဆင်ခြင်မှုကြောင့် သူများပေါ် ကွမ်းတံတွေးပေတာတောင် တာဝန်မခံ မသိချင်ယောင်ဆောင်။

တစ်ခါက ရန်ကုန်မြို့၊ လှည်းတန်းမှာ လမ်းလျှောက်နေတုန်း တက္ကစီသမား ပက်ခနဲထွေးလိုက်တဲ့ ကွမ်းတံတွေးက ကိုယ့်ဂျင်းဘောင်းဘီပေါ်တည့်တည့်။ဆတ်ခနဲဒေါသစိတ်နဲ့ လှည့်အကြည့် ‘ဆောရီးပါအစ်ကို၊ ကွမ်းသမားချင်း နားလည်ပေးပါ’ တဲ့။ကဲ ဘာတတ်နိုင်မှာလဲ။ကိုယ့်ပါးစပ်ကလည်း နီနီရဲရဲ။

ဒီလောက်ကွမ်းစားနေတဲ့သူတောင် သူများကွမ်းတံတွေး ကိုယ့်ဘောင်းဘီတည့်တည့်လာကျတော့ ဒေါသထွက်ပြီး ရွံတတ်သေးတာ။ကွမ်းမစားတဲ့သူတွေသာ ဒါမျိုးခံရရင် ဘယ်လောက်စိတ်ဆင်းရဲလိုက်လေမလဲလို့ တွေးမိကာ ကိုယ့်ကွမ်းတံတွေး သူများမပေအောင် တော်တော်ဂရုစိုက်တတ်လာတယ်။

နောက်နှစ်အတန်ငယ်ကြာတော့ ပရဟိတသမား ကွမ်းစားတဲ့ မိတ်ဆွေလေးတစ်ယောက် ကွမ်းတံတွေးဗူး အမြဲဆောင်ထားလေ့ရှိတာကြည့်ပြီး သဘောကျမိပြန်တယ်။သူက ဘယ်သွားသွား ကျောပိုးအိတ်ထဲမှာ ကွမ်းတံတွေးထွေးထည့်ဖို့ ရေသန့်ဗူးအလွတ်တစ်ဗူးပါနေကျ။အဲဒီရေသန့်ဗူးကိုလည်း အမြဲတစေ ကြွပ်ကြွပ်အိတ်အမည်းနဲ့ ရေသန့်ဗူးလည်ပင်းအထိ ချည်ထားလျက်။ဘာလို့ ကြွပ်ကြွပ်အိတ်အမည်းစွပ်ထားတာလဲဆိုတော့ ကွမ်းတံတွေးတွေကို အများမြင်ရင် ရွံကြမှာစိုးလို့တဲ့။ကဲ ဘယ်လောက်ထိ တခြားသူတွေအပေါ် အလေးထားလိုက်လေသလဲ။

ဟုတ်တော့ဟုတ်တယ်။ကွမ်းတံတွေးဗူးကို ကြည့်လိုက်ရင် တခြားသူတွေမပြောနဲ့၊ ကွမ်းသမားတွေတောင် ရွံကြတယ်မဟုတ်လား။ကျနော့်မိတ်ဆွေလေးက လိုင်းကားပေါ်မှာ ထိုင်ခုံရလို့ဖြစ်ဖြစ်၊ လမ်းမပေါ်လျှောက်သွားနေတုန်းဖြစ်ဖြစ် မနေနိုင်လို့ ကွမ်းစားတဲ့အခါ ကျောပိုးအိတ်ထဲက သူ့ကွမ်းတံတွေးဗူးကို မပျက်မကွက်ထုတ်ကာ ထွေးလေ့ရှိတယ်။

‘ကျနော့်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားပါတယ်’ လို့ သူကဆိုတော့ ကျနော့်အောက် ၁၀ နှစ်ကျော်ငယ်တဲ့ လူငယ်လေးကို တလေးတစားငေးကြည့်မိတယ်။

ပြီးတော့ သူ့ကွမ်းတံတွေးဗူးကို ညနေဘက် အလုပ်ကနေ အိမ်ပြန်ရောက်တိုင်း ကွမ်းတံတွေးတွေကိုသွန်၊ ဗူးထဲ ဆပ်ပြာမှုန့်နည်းနည်းနဲ့ ရေထည့်ကာ လှုပ်ကျင်း ဆေးကြော။ဘာလို့လဲဆိုတော့ ကွမ်းတံတွေးဗူး အနံ့အသက်ကင်းရအောင်နဲ့ ပလတ်စတစ်ဗူးကို အကြာကြီးအသုံးခံချင်တာကြောင့်လို့ ဆိုတယ်။

‘ကွမ်းတံတွေးဗူး ဆောင်ထားတာနဲ့ ဗူးကို အကြာကြီးသုံးတတ်အောင် ဘယ်သူသင်ပေးတာလဲ’

‘အရင်တုန်းက ကျနော်လည်း ကွမ်းတံတွေး လျှောက်ထွေးဖြစ်တာပဲ။နောက်တော့ ပရဟိတသန့်ရှင်းရေးအလုပ်တွေလုပ်တော့ တချို့သူငယ်ချင်းတွေက ကွမ်းတဗျစ်ဗျစ်ထွေးနေတဲ့ ပရဟိတသမားလို့ ဟားကြတာနဲ့ ကိုယ်က ကွမ်းကြမဖြတ်နိုင်သေးလို့ ကွမ်းတံတွေးဗူးဆောင်တော့တာ။ဗူးကို အကြာကြီးသုံးဖြစ်တာကတော့ ဒီနေ့ခေတ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိကြောင့်ပါ’ လို့ သူကဆိုတယ်။

ကျနော်က သူ့ကိုအားကျတယ်။ဒါပေမဲ့ သူ့လို ကွမ်းတံတွေးဗူးဆောင်တဲ့အထိ မလုပ်နိုင်။ဒါနဲ့ လိုင်းကားပေါ်တွေနဲ့ လမ်းမပေါ် ကွမ်းစားတဲ့အခါတိုင်း လမ်းမပေါ်မထွေးမိအောင် ကြွပ်ကြွပ်အိတ်အမည်းလေးဆောင်ကာ ကြွပ်ကြွပ်အိတ်ထဲ ထွေးလေ့ရှိတယ်။ပြီးရင် ကြွပ်ကြွပ်အိတ်ကို သေချာချည်ကာ အမှိုက်ပုံးထဲပစ်ထည့်။ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင်အရ ကြွပ်ကြွပ်အိတ် နေ့စဉ်ကုန်တာကြောင့် မသင့်တော်ပေမဲ့ ဘာပဲဖြစ်ဖြစ် လမ်းမပေါ် ကိုယ့်အညစ်အကြေး မစွန်းထင်တော့ဘူးဆိုပြီး ကျေနပ်ရတယ်။

ဘာပဲဖြစ်ဖြစ် ကွမ်းစားတယ်ဆိုတာ ဆေးလိပ်ထက် ကျန်းမာရေးထိခိုက်မှု သက်သာတယ်လို့ထင်မိပေမယ့် ကိုယ့်ပါးစပ်ကြီးနီနီရဲရဲနဲ့ မြင်ရပြုရ ဘယ်အဆင်ပြေပါ့မလဲ။ရုံးအစည်းအဝေးတွေဘာတွေတက်တဲ့အခါ ဒီကွမ်းပလုတ်ပလောင်း နီရဲရဲ ရွံစရာကြီးနဲ့ အဆင်မပြေမှန်းသိလို့ အစည်းအဝေးမဝင်ခင် သွားတိုက်ရ။ပြီးတော့ ကျနော့်ဆရာတစ်ယောက်ဆို ကွမ်းပါးစပ်နီရဲရဲကြီးကို လုံးဝမကြိုက်တာမို့ သူ့ဆီသွားတဲ့အခါတိုင်း သွားတိုက်ပြီးမှသွားရ။ကွမ်းစားတဲ့ပါးစပ်ကြီးနဲ့ လူတောမတိုးနိုင်ဘူးဆိုတာလည်း ကွမ်းတော်တော်စွဲပြီးနောက် သိရှိရတယ်။

‘ကွမ်းစားတယ်ဆိုတာ လူကြီးလူကောင်းလို စားရတယ်ဗျ’

‘လူကြီးလူကောင်းစားနည်းက ဘယ်လိုတုန်း’

‘ကွမ်းကို လောဘတကြီးမစားတာမျိုးပေါ့။အလုပ်ချိန်အတွင်း ကွမ်းစားလည်း ထမင်းစားချိန်တို့အားတဲ့အချိန်တို့ တစ်ယာ၊ နှစ်ယာစား။စားပြီးတိုင်း သွားတိုက်။ညနေအလုပ်ပြီးတဲ့အချိန် စားချင်စား၊ အများကြီးမစားနဲ့။စားပြီးရင် သေချာသွားတိုက်။အဲလိုဆို ကွမ်းစားမှန်းကို မသိသာတော့ဘူး’ ဟု ကျနော့်မိတ်ဆွေတစ်ဦးကဆိုတယ်။

သူက ကွမ်းစားသူမှန်း မသိလောက်အောင်ကို ကွမ်းကိုသတိရှိရှိစားတဲ့သူ။ပါးစပ်တွေနီရဲမနေ၊ သွားမှာ ကွမ်းဂျိုးတွေမတက်။

ကျနော်က မိုက်ကန်းသူမို့ ဘရိတ်မရှိ၊ တစ်ယာပြီး တစ်ယာ ပါးစပ်နဲ့ ကွမ်း အိပ်ချင်ကလွဲလို့ မပြတ်စေရ။နှစ်တော်တော်ကြာ ကွမ်းယာဟာ ဘဝအတွက် အရေးပါခဲ့ရုံတင်မက ကိုယ့်ကိုပါ လွှမ်းမိုးလွန်းခဲ့တယ်။

ငြိမ်းဆက်