【 ဆောင်းပါး 】 ရှူသွင်း ရှူထုတ် အဲဒီအဆုတ်

【 ဆောင်းပါး 】 ရှူသွင်း ရှူထုတ် အဲဒီအဆုတ်

ဇူလိုင် နောက်ဆုံးအပတ်မှာ ကျနော့် ယောက္ခမ ဆုံးသွားတယ်။

အဆုတ်ကင်ဆာမို့ ဆုံးမယ်ဆိုတာ ကြိုသိနေပေမယ့် အခုလောက်မြန်လိမ့်မယ်လို့ မထင်။အဆုတ်ကင်ဆာမှန်း သိပြီး ၃ လလောက်အကြာမှာ ဆုံးတာပဲ။ဒါတောင် သူ့ကိုယ်သူ ကင်ဆာဖြစ်နေမှန်း မသိလို့ စိတ်ဓာတ်ကျသွားတာမျိုး မရှိ။စိတ်ကျတာမျိုးမပါဘဲ ခန္ဓာကိုယ်က ဘယ်လိုမှ မဟန်တော့လို့ အသက်ပါသွားတဲ့ သဘော။

အဆုတ်ကင်ဆာဆိုတဲ့ အမျိုးက တဖြည်းဖြည်း အသံတိတ်ကုတ်ခြစ်နေတာမျိုးဆိုတော့ ဘယ်သိမလဲ။အဲဒီအဆုတ်ကင်ဆာကို မြန်မြန်ဆန်ဆန် ကျွမ်းလောင်အောင် ပံ့ပိုးပေးတာက ကိုဗစ်လို့ ထင်ရဲ့။ကိုဗစ်ဆိုတဲ့ ဘာမှန်းမသိတဲ့ ရောဂါကို ကမ္ဘာနဲ့ချီ ကြောက်ကြတာဆိုတော့ ပထမလှိုင်းတုန်းကလည်း ဂရုတစိုက်၊ ဒုတိယလှိုင်းတုန်းကလည်း ကြောက်ကြောက်နဲ့ သတိရှိရှိ။တတိယလှိုင်းရောက်တော့ သေလိုက်ကြတာမှ သောက်သောက်လဲ။ရေဝေးမှာ တန်းစီနေတဲ့ အလောင်းတွေကိုမြင်ရတော့ ပိုကြောက်ကြရ။ဖြစ်လာရင် ကိုယ်ဖြစ်ကိုယ်ခံ၊ ဘယ်ဆေးရုံကမှလည်း လက်မခံ။လက်ခံတဲ့ ဆေးရုံကလည်း လက်ခံထားတယ်ဆိုရုံမျှ ကုသမှု ရေရေရာရာ မရှိ။ကျနော်တို့ ပြည်သူတွေ အကြီးကြီးကို ကြောက်ကြရ။

ကျနော့် ယောက္ခမကြီးကလည်း ကြောက်ကြောက်နဲ့ ဂရုတစိုက် အိမ်ပြင်မထွက်၊အိမ်ထဲ လူအဝင်အထွက် မရှိသလောက်။ဈေးဝယ်ရင်တော့ ဈေးသည်ကို ခြံထဲအဝင်မခံ ခြံထိပ်မှာ ဝယ်တဲ့ပစ္စည်း ချထား၊ ပိုက်ဆံပေးတဲ့အခါ တုတ်ခပ်ရှည်ရှည်မှာ ကြွပ်ကြွပ်အိတ်စွပ်ပေးတာမျိုး။ပြီးတော့ သူတို့နေထိုင်ရာက နယ်မြို့ဖြစ်တာကြောင့်လည်း ကိုဗစ်ကူးစက်နှုန်းက ရန်ကုန်လို မြို့ကြီးတွေလောက် မများ။

စတုတ္ထလှိုင်းကိုရောက်တော့ လူတွေက ကိုဗစ်ကို မကြောက်တော့ဘူး။စတုတ္ထလှိုင်း ကိုဗစ်က လူ့အသက်သေလောက်တဲ့အထိ မပြင်းထန်တော့တာကြောင့် အားလုံးက ပေါ့ပေါ့လျော့လျော့။အဲဒီမှာ ယောက္ခကြီးတို့ တစ်အိမ်လုံး ကူးတော့တာပါပဲ။

ယောက္ခမကြီးက ကိုဗစ်ဖြစ်တဲ့အချိန်မှာ အသက် ၇၃ နှစ်။အသက်ကြီးပြီဆိုပေမယ့် ကိုဗစ်ဗိုင်းရပ်စ်က သိပ်မပြင်းတော့တာကြောင့် ဆေးရုံမရောက်လိုက်၊အောက်စီဂျင်တွေဘာတွေ မရှူလိုက်ရဘဲ ပြီးသွားတယ်။ဒါပေမဲ့ ကိုဗစ်ဖြစ်ပြီးလို့ အလွန်ဆုံးကြာလှ ၂ လ။ချောင်းတဟွတ်ဟွတ် ဆိုးလာတော့တယ်။ကိုဗစ်ရဲ့ နောက်ဆက်တွဲအဖြစ်ပဲ ထင်ခဲ့ကြတယ်။ဆေးခန်းပြ၊ ကုသမှုခံယူ အချိန်တန်ရင် ပျောက်မယ်ပေါ့။

အဲဒီချောင်းတဟွတ်ဟွတ်ဖြစ်ပြီး နောက် ၃ လကြာတော့ ပိုဆိုးလာတာကြောင့် ပုဂ္ဂလိကဆေးရုံတင်။ဆရာဝန်ကြီးက အဆုတ်ကင်ဆာလို့ဆို။ကိုဗစ်က မကောင်းတော့တဲ့ အဆုတ်ကို ပိုမကောင်းရလေအောင် မြန်မြန်ဆန်ဆန် ပံ့ပိုးပေးလိုက်ခြင်း။ဒုတိယအကြိမ် ဆေးရုံတက်ပြီးနောက် ဆေးရုံပေါ်မှာပဲ ဆုံးရှာတယ်။အသက် ၇၄ နှစ်ဆိုတဲ့အရွယ်။

ဆေးလိပ်သောက်လို့ အဆုတ်ကင်ဆာ ဖြစ်လာတာပေါ့။ဘယ်အချိန်ကတည်းက ဆေးလိပ်သောက်သလဲလို့ စူးစမ်းကြည့်တော့ ၁၃ နှစ်သမီး အရွယ်ကတည်းကလို့ သိရတယ်။ယောက္ခမကြီးက တောသူမို့ သူတို့ခေတ် တောမှာ အမျိုးသမီးတွေ ဆေးလိပ်သောက်တာ ဘယ်ဆန်းမလဲ။တောကနေ မြို့ပေါ်တက်၊ ၁၀ တန်းအထိ ကျောင်းလာတက်။သူတို့မြို့ဆိုတာကလည်း နယ်မြို့လေးမို့ ဒီလိုပဲ အမျိုးသမီးတွေ ဆေးလိပ်သောက်ကြတာပဲဆိုတော့ ဆေးလိပ်မပြတ်။ယောကျာ်းရတော့လည်း ဆေးလိပ်မပြတ်။

တောမှာနေတုန်းကတော့ ပြောင်းဖူးဖက်နဲ့လိပ်တဲ့ ဆေးလိပ်တုတ်တုတ်ကြီးတွေကို သောက်တယ်။မြို့ပေါ်ရောက်တော့ ဒီနေ့ခေတ်အထိ တွင်ကျယ်နေသေးတဲ့ ဆေးပေါ့လိပ်။ယောက္ခမကြီး ဆေးလိပ်သောက်လာလိုက်တာ ကြားထဲမှာလည်း ပြတ်တယ်ရယ်မရှိ။ ၂၀၀၇ ခုနှစ်၊ ဆေးရုံတစ်ခါတက်ရတဲ့အချိန်ကျမှ ဆရာဝန်ပြောလို့ ဆေးလိပ်လုံးဝပြတ်တော့တယ်။

၂၀၀၇ မှာ ဆေးလိပ်ပြတ်တာဆိုတော့ ဆေးလိပ်ဖြတ်ပြီး ၁၆ နှစ်ကြာတော့ ကွယ်လွန်ခြင်း။ပြောရရင် ၄၅ နှစ်ကြာ ဆေးလိပ်သောက်ခဲ့တဲ့ ဒဏ်တွေကြောင့် အဆုတ်ဟာ တဖြည်းဖြည်းယိုယွင်းလာလိုက်တာ ဆေးလိပ်ဖြတ်လိုက်တာတောင် ယိုယွင်းမှုမပျက် အသက်ကိုပါ တဖြည်းဖြည်း အသံမပေးဘာမပေး ရန်ရှာသွားလေခြင်း။

ကျနော့်ဆရာသမားတစ်ဦးဆိုရင်လည်း အဲဒီလိုပဲ။စာသမားဆရာ ဆေးလိပ်ကို အရင့်အရင်ကာလက နင်းကန်သောက်ခဲ့တဲ့ပုံ။ပြီးတော့ တစ်ကိုယ်တော်ဖြတ်သန်းခဲ့ရတဲ့ ကာလကြာကြာမှာလည်း ဆေးလိပ်ကိုသာ အဖော်ပြု၊ အခါမလပ် ဆေးလိပ်သည်သာ ကမ္ဘာ။ဆရာသမားရဲ့ ဆေးလိပ်သောက်သက်က ဘယ်လောက်ကြာခဲ့သလဲမသိပေမယ့် နှစ်နည်းမယ်မထင်။ကြီးလာတော့ ဆေးလိပ်ကို လုံးဝဖြတ်ရုံတင်မက ဆေးလိပ်နံ့ကိုပင် မခံနိုင်တော့တဲ့အထိ။ဆရာက သူ့ဆီလာတဲ့ ဆေးလိပ်သမား ဆေးလိပ်မသောက်ဘဲ စကားထိုင်ပြောရင်တောင် အဆင်မပြေလို့ ခပ်လှမ်းလှမ်းကနေထိုင်ပြီး ပြောတဲ့အထိ ဆေးလိပ်နံ့ မခံနိုင်။ဆေးလိပ်တင်မက ကွမ်းစားတာကိုပင် ဆရာက မကြိုက်။တစ်ခါက ကွမ်းပလုတ်ပလောင်းနဲ့ ဆရာ့ဆီသွားတော့ ကျနော့်ကို ခပ်ပြင်းပြင်းငေါက်တယ်။ဒါနဲ့ နောက်ပိုင်း ဆရာ့ဆီသွားပြီဆို သွားတိုက်၊ ပါးစပ်ဆေးပြီးမှသာ သွားရဲတော့တယ်။အဲဒီလိုဆရာသမား နောက်ဆုံး အဆုတ်ကင်ဆာဖြစ်တယ်ဆိုတော့ ယူကျုံးမရ။ကျန်းမာရေးကို စနစ်ဇယားကြီးကြီးနဲ့ နေထိုင်ခဲ့ပြီးကာမှ အရင့်အရင်တုန်းက ဆေးလိပ်သောက်ခဲ့တဲ့ဒဏ်က ရောက်ရှိ ဒုက္ခပေးလိုက်တာ ရေးအားသိပ်ကောင်းနေတဲ့အချိန်ကျမှ ဘဝကူးခဲ့ရလေခြင်း။

ကျနော်လည်း ယောက္ခမနဲ့ ဆရာ့အဖြစ်ကို မြင်ရပြီး ငါ့အလှည့် ဘယ်တော့လဲဆိုပြီး ကျောချမ်းမိတယ်။ဆေးလိပ်မသောက်တာ နည်းနည်းကြာပြီဖြစ်ပေမယ့် အရင်ဆေးလိပ်သောက်ခဲ့စဉ်က မရပ်မနား။ကိုယ့်ဆေးလိပ်သောက်သက်ကလည်း မရှိဘူးဆို အနှစ် ၂၀။

မကြာသေးခင်က နှလုံးခုန်နှုန်း မြန်နေသလားလို့ ဆရာဝန်နဲ့ပြ၊ အီးစီဂျီရိုက်ကြည့်တော့ နှလုံးက အိုကေနေပေမယ့် နားကျပ်ထောက် စမ်းသပ်မှုအပေါ် အခြေခံကာ ဆရာဝန်က ဆေးလိပ်သောက်သလားဆိုပြီး မေးတယ်။မသောက်တာကြာပြီလို့ ပြောလိုက်တော့ အရင်တုန်းက တော်တော်သောက်ခဲ့ပုံရတယ်တဲ့။

ဟုတ်ကဲ့ပါဆရာလို့ ဆိုလိုက်တော့ ‘ခင်ဗျားအဆုတ်က နောက်ထပ် ဆေးလိပ်ထပ်သောက်ရင် အန္တရာယ်ရှိနိုင်တယ်တဲ့။

ကျနော့်အဆုတ် ဘာတွေဖြစ်နေပြီလဲ မပြောတတ်။ဘယ်အချိန်ကျမှ ဒုက္ခပေးမလဲ မပြောတတ်။

ဆေးလိပ်ဆိုတာ ဖြတ်လိုက်ပြီးတာတောင် နောက်ဆက်တွဲတွေက ရပ်မနေ။ကင်ဆာဆို သေတာချည်း။ဆေးလိပ်သည် ကြောက်မက်ဖွယ်။

ငြိမ်းဆက်
Photo Credit - Narayana Health