【 ဆောင်းပါး 】 လက်ဖက်ရည်ဆိုင်မှာ စာအုပ်တစ်အုပ်

【 ဆောင်းပါး 】 လက်ဖက်ရည်ဆိုင်မှာ စာအုပ်တစ်အုပ်

ကျနော် ၈ တန်းနှစ်မှာ လက်ဖက်ရည်ဆိုင် စထိုင်ဖူးတယ်။တောကနေ ရန်ကုန်ကို စရောက်တဲ့ ၁၉၈၆ ခုနှစ်။အဲဒီအရွယ် အဲဒီကာလတုန်းက ၈တန်းကျောင်းသားတစ်ယောက် လက်ဖက်ရည်ဆိုင်ထိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်ဘဲ။လက်ဖက်ရည်တစ်ခွက်တန်ဖိုးကို မမှတ်မိတော့ပေမယ့် လူလတ်တန်းစား ၈ တန်းကျောင်းသားတွေရတဲ့ နေ့စဉ်မုန့်ဖိုးက လက်ဖက်ရည်တစ်ခွက်ဖိုးတော့ ရှိဟန်မတူ။

လက်ဖက်ရည်ဖိုးရှိရင်တောင် မလောက်လေးမလောက်စားအရွယ်နဲ့ လက်ဖက်ရည်ဆိုင် ဘယ်ထိုင်ဝံ့ပါ့မလဲ။တစ်ယောက်တည်း မထိုင်ရဲလို့ သူငယ်ချင်းတွေခေါ်ပြီး သွားထိုင်ရင်တောင် အဲဒီခေတ် လူကြီးတွေက ကျိန်းသေပေါက် ငေါက်လိုက်မယ်ဖြစ်ခြင်း။အဲဒီကာလတုန်းက ၈ တန်း၊ ၉ တန်းအရွယ် လူကြီးတစ်ယောက်မပါဘဲ လက်ဖက်ရည်ဆိုင်သွားထိုင်ရင် မိမဆုံးမ ဖမဆုံးမ သားသမီးလို့ သမုတ်ကြတာဆိုတော့ လက်ဖက်ရည်ဆိုင်ဆိုတာ ကိန်းကြီးခန်းကြီးနိုင်လှတယ်။

တောမှာနေတုန်းက လက်ဖက်ရည်ဆိုင် တစ်ခါမှ မထိုင်ဖူးဘူးလားဆိုတော့ အဒေါ့်ရုံးရောက်သွားတုန်းက တစ်ခါ သူတို့ရုံးမျက်စောင်းထိုးက မာမူကြီးဆိုင်မှာ တစ်ခါ ခဏတဖြုတ်ထိုင်၊ အဲဒီတုန်းက တောသားကလေးတွေ စားရခဲတဲ့ ဆမူဆာစား။ပြီးတော့ မလိုင်ဖတ်တွေ ဝေ့နေတဲ့ လက်ဖက်ရည်ချိုရဲရဲတစ်ခွက်။

ရန်ကုန်ရောက်တော့ ကျနော့်အိမ်မျက်စောင်းထိုးမှာနေတဲ့ မတော်ရသေးတဲ့ ယောက်ဖဝမ်းကွဲက လက်ဖက်ရည်ဆိုင်ထိုင်ဖို့ လာခေါ်တာနဲ့ အတည်ပေါက် စထိုင်ခဲ့ဖူးတာပါ။သူက အဲဒီခေတ် နာမည်ကျော် RIT ကျောင်းဆင်း အလုပ်လက်မဲ့ အင်ဂျင်နီယာ။သူတို့ခေတ် အင်ဂျင်နီယာအလုပ်ဆိုတာက အစိုးရအလုပ်သာရှိတာမို့ အလုပ်ရဖို့အရေး တမေ့တမော တန်းစီစောင့်ပေတော့။

ဒါနဲ့ အလုပ်အကိုင်စောင့်ရင်း သူဝါသနာပါတဲ့ ကြက်မွေးမြူရေး တစ်နိုင်လုပ်တာ အောင်မြင်လာတာနဲ့ ငွေစကြေးစလေး ခပ်ရွှင်ရွင်ဖြစ်လာ။တစ်နေ့ကို ၃ ခါ လက်ဖက်ရည်ဆိုင်ထိုင်နိုင်ရုံတင်မက အပေါင်းအသင်းတွေကိုပါ လက်ဖက်ရည်တိုက်နိုင်တဲ့အဆင့်။

သူက ကျနော်ကျောင်းပိတ်ရက် နေ့ခင်းဘက်တွေမှာ လက်ဖက်ရည်ဆိုင်ထိုင်ဖို့ ခေါ်လေ့ရှိတယ်။လက်ဖက်ရည်ဆိုင်ရောက်ရင်ကို ရှိန်းတိန်းဖိန်းတိန်း။ကိုယ့်ကိုပဲ သူများကြည့်နေမလား မလုံမလဲနဲ့။မှတ်မိသေးတယ်။လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့တစ်ခေါက် ဆိုင်ရှေ့ဖြတ်သွားတဲ့ သူငယ်ချင်းကမြင်တော့ သေသေချာချာ ငေးကြည့်သွားတာ။နောက်တစ်ရက် ကျောင်းရောက်တော့ သူ့မှာ ကျနော့်လိုလက်ဖက်ရည်ဆိုင်ထိုင်ချင်ကြောင်း ပြောလိုက်တာမှ လွန်ရော။လက်ဖက်ရည်ဆိုင်က အဲဒီလို ကျနော်တို့ ငတိလေးတွေကို လွှမ်းမိုးခဲ့တာ။

ဘယ်အချိန်ကျမှ လက်ဖက်ရည်ဆိုင်ကို ကိုယ့်ဘာသာထိုင်ရဲတော့တာလဲဆိုတော့ ၁၉၈၉ ခုနှစ် ၁၀ တန်း ဒုတိယနှစ်ရောက်တော့မှပါ။ ၁၉၈၈ ခုနှစ်၊၁၀ တန်းတက်တက်ချင်းနှစ်မှာပဲ ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်လာတာကြောင့် ကျောင်းတွေ ပိတ်သွားခဲ့တာ။ ၁၉၈၈ ခုနှစ်၊ဇွန်လမှာ ကျောင်းတက်၊ ဩဂုတ်လ ၁၀ ရက်နေ့ ထင်တယ်။ကျောင်းတွေ မတက်ရတော့ဘဲ ပိတ်သွားခဲ့တယ်။

နောက်တစ်နှစ် ဇွန်လကျမှ ၁၀ တန်း ပြန်တက်ရတယ်။အဲဒီအချိန်မှာ လက်ဖက်ရည်ဆိုင် စထိုင်တော့တာ။စစထိုင်တုန်းက တစ်ယောက်တည်း မထိုင်ရဲလို့ အနည်းဆုံး သူငယ်ချင်း ၃ ယောက်လောက်စုပြီး သွားထိုင်ကြတယ်။နောက်ပိုင်း ကျင့်သားရတော့မှသာ တစ်ယောက်တည်း ထိုင်ရဲတော့တယ်။

အဲဒီကာလမှာ ပိုက်ဆံက သိပ်ရှားနေတာဆိုတော့ လက်ဖက်ရည်တစ်နေ့တစ်ခွက် သောက်နိုင်ဖို့ ဘယ်လွယ်ပါ့မလဲ။သူငယ်ချင်းထဲကရှိတဲ့ကောင်က တိုက်ရင်သောက်။ကိုယ်ရှိတဲ့အခါလည်း သူများကိုတိုက်။တစ်ခါတလေ ဘယ်သူမှမရှိကြတဲ့အခါ လမင်းဆေးပေါ့လိပ်တစ်ပွဲမှာ၊ ဆေးလိပ်သောက်တတ်သူက ဆေးလိပ်ဖွာလိုက်၊ရေနွေးကြမ်းသောက်လိုက်။မပြီးဆုံးနိုင်တဲ့ တော်ကီတွေ အတွဲလိုက်ပစ်ကြ။ကျနော်တို့လူငယ်ဘဝရဲ့ အရသာဟာ လက်ဖက်ရည်ဆိုင်နဲ့ ထဲထဲဝင်ဝင် ပတ်သက်ခဲ့ကြတယ်။

၁၉၉၀ ပြည့်နှစ်လွန်ကာလ၊ စာတွေပေတွေ စွဲစွဲမြဲမြဲဖတ်တဲ့အချိန်ရောက်တော့ လက်ဖက်ရည်ဆိုင်မှာ စာဖတ်ရတဲ့အရသာကို စွဲစွဲလန်းလန်းဖြစ်လာတယ်။အိမ်က ဧည့်ခန်းမှာ စာဖတ်တာဖြစ်ဖြစ်၊ အိပ်ယာပေါ်လှဲရင်းပဲဖြစ်ဖြစ်၊ အိမ်ကဧည့်ခန်းကို လက်ဖက်ရည်ဆိုင်စတိုင် လက်ဖက်ရည်နဲ့ ရေနွေးကြမ်းနဲ့ ခုံပုလေးတွေနဲ့ စာအုပ်တစ်အုပ်နဲ့ထိုင်လည်း လက်ဖက်ရည်ဆိုင်အရသာ အပြတ်အသတ်မမီလေတော့ လက်ဖက်ရည်ဆိုင်ကိုပဲ အကြိုက်ကြီး ကြိုက်ရတယ်။လွတ်လပ်ချင်တဲ့ လူငယ်ဘဝ၊ လွတ်လပ်တယ်လို့ ထင်မိတဲ့ လက်ဖက်ရည်ဆိုင်ရဲ့ အမှီလေးတစ်ခုမှာ မလွတ်လပ်တဲ့ စာအုပ်တစ်အုပ်နဲ့ ဇာတ်ဝင်ခန်းဟာ အလှကြီး လှလို့။

လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်တစ်ခွက်၊ လူတစ်ယောက်နဲ့ စာအုပ်တစ်အုပ်ဆိုတာ ကျနော် ဟိုး…ငယ်ငယ်လေးကတည်းက ဦးနှောက်ထဲ စွဲနေအောင် မှတ်မိခဲ့တဲ့ မြင်ကွင်း။ကျနော်တို့တောမှာက စာအုပ်ဖတ်တဲ့သူဆိုတာ တစ်မြို့လုံးပေါင်းမှ ၅ ယောက်ပြည့် ကံကောင်း။ ၅ ယောက်ရှိခဲ့ရင်တောင် စာကို စွဲစွဲမြဲမြဲ အမြဲမပြတ်ဖတ်တဲ့သူက အလွန်ဆုံးရှိလှ တစ်ယောက်၊ နှစ်ယောက်။

ကျနော့်ဘကြီးက အဲဒီတစ်ယောက်၊ နှစ်ယောက်ထဲမှာပါတဲ့ တစ်ယောက်။ဘကြီးက တောသူဌေးလို့ ပြောနိုင်တဲ့အဆင့် ပြည့်ပြည့်စုံစုံမို့ စာအုပ်တစ်အုပ်ကို သက်သောင့်သက်သာ အချိန်ယူဖတ်နိုင်တဲ့သူ။မနက်ခင်း ဘ ကြီး လက်ဖက်ရည်ဆိုင်ထွက်ရင် လက်ထဲမှာ လပေးယူထားတဲ့ သတင်းစာနဲ့ ဂျာနယ်တစ်စောင်စောင်တော့ပါမြဲ။မနက်ခင်း လက်ဖက်ရည်သောက်ရင်း သတင်းစာဖတ်ရတာနဲ့ ဖတ်ထားတဲ့သတင်းတွေကို အချင်းချင်းမျှဝေဆွေးနွေးကြတဲ့အရသာကို ဘကြီးက သိပ်ကြိုက်။

မွန်းလွဲပိုင်း လက်ဖက်ရည်ဆိုင်မှာ လူပါးချိန် သွားတဲ့အခါဆိုရင်တော့ ဘကြီးလက်ထဲမှာ စာအုပ်တစ်အုပ်ပါမြဲ။လက်ဖက်ရည်ဆိုင်ထောင့်လေးကို မှီလို့ လက်ဖက်ရည်တစ်ငုံ၊ ရေနွေးကြမ်းတစ်ကျိုက်နဲ့ တိတ်တိတ်ဆိတ်ဆိတ် စာဖတ်နေတတ်တဲ့ ဘကြီး။

‘မိုးအေးအေးမှာ အိပ်ယာထဲ စောင်ခြုံကွေးပြီး စာဖတ်ရတဲ့အရသာနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီး စာဖတ်ရတဲ့အရသာကို အကြိုက်ဆုံးပဲ’ တဲ့။

ကျနော်က ငယ်ငယ်ကတည်းက လက်ဖက်ရည်ဆိုင်မှာ စာဖတ်နေတဲ့ ဘကြီးရဲ့ပုံရိပ်လွှမ်းမိုးမှုကြောင့်ပဲလား မပြောတတ်။လက်ဖက်ရည်ဆိုင်မှာ စာအုပ်ဖတ်ရတာ ကြိုက်လှတယ်။ ၄၀ ကျော်အရွယ် လက်ဖက်ရည်ဆိုင် ထိုင်ရတာ ပျင်းလာချိန်ရောက်တော့လည်း စာအုပ်တစ်အုပ်နဲ့ ဘီယာဆိုင်ထိုင်ကာ တိတ်တိတ်ဆိတ်ဆိတ် ရီရီဝေဝေနဲ့ စာဖတ်ရတာကို အကြိုက်ကြီး ကြိုက်မိပြန်တယ်။

ဘကြီးကတော့ အခု အသက် ၈၀ ကျော်အရွယ်။လက်ဖက်ရည်ဆိုင်ထိုင်တာကို ဘဝပေးတာဝန်တစ်ရပ်ပမာ နေ့စဉ်ဆိုသလို မပျက်မကွက်။ဘကြီးလက်ထဲမှာ စာအုပ်တစ်အုပ်ကပါမြဲ။

ငြိမ်းဆက်