【 ဆောင်းပါး 】 လက်များ၊ ခြေများ၊ လမ်းများ

【 ဆောင်းပါး 】 လက်များ၊ ခြေများ၊ လမ်းများ

   လူတွေမှာသာ လက်များ၊ ခြေထောက်များသာမရှိလျှင် ဘယ်လိုဖြစ်မလဲဟု ကျနော်ခဏခဏတွေးမိ သည်။
   တွေးမိသည့် ထိုခဏအတွင်း ပထမဆုံးပေါ်လာသည်က စစ်ပွဲများမရှိတော့နိုင်ခြင်းနှင့် လက်နက်အားကိုး သည့် တခြားသောအနိုင်ကျင့်မှုများ မရှိနိုင်သလောက် နည်းပါးသွားနိုင်ခြင်းပင်ဖြစ်သည်။ 
   ထိုသို့ဆိုလျှင် ဉာဏ်ပညာသည် ယခုထက် ပိုအားကောင်းလာကြမည်လားဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်လာသည်။သို့သော် မသေချာ မရေရာနိုင်။သေချာသည့် အချက်ကတော့ ကမ္ဘာကြီးသည် ပို၍သာယာသွားမည်ဆိုခြင်းပင် ဖြစ်လေသည်။ 
                                                    (၁)
   ဂုံးတံတားတစ်ခုအောက် လူငယ်တစ်ယောက် ဒူးထောက်နေသည်။အနားတွင် လူလေးငါးယောက်။လူငယ်က လက်များမြှောက်ထားသည်။လက်မြှောက်ခြင်းမှာ အညံ့ခံခြင်း၊ အပြစ်ကင်းခြင်းဟု အဓိပ္ပါယ်ဖွင့်လို့ရသလို တခြားသော အချက်ပြမှုအဖြစ် အနိုင်ကျင့်ခံနေရခြင်းကို ဖော်ပြနေခြင်းလည်းဖြစ်သည်။ဘေးတွင် ရပ်ထားသည့် လူများထဲမှ တစ်ယောက်က လူငယ်မျက်နှာကို ရိုက်ရန် ပြင်သည်။တစ်ချိန်တည်းတွင် တခြားရပ်နေသူတစ်ဦးက ခြေထောက်ဖြင့် လူငယ်ကို ကန်ကျောက်နေသည်။ထိုသည်မှာ ကျနော်ကြည့်နေသည့် ရုပ်ရှင်ဇာတ်ကားတစ်ခု၏ ဇာတ်ဝင်ခန်းတစ်ခုဖြစ်သည်။
   ရပ်နေသော လူ၏ လက်များသည့် တခြားသူကို နှိပ်စက်ရန် ဖော်ပြသည့် သင်္ကေတဖြစ်ပြီး အားပါသည့် ကန်ချက်မှာလည်း လူတစ်ယောက်ကို ဖိချေရန်သက်သက်သာ အသုံးဝင်ကြောင်း ဖော်ပြသည့် သင်္ကေတဖြစ်သည်။လူငယ်က လူးလိမ့်ကာ ကျသွားသည်။ထို့နောက် ရုတ်တရက် ထပြေးသည်။ထိုအခါ ခြေထောက်များသည် လွတ်မြောက်ခြင်းကို ကိုယ်စားပြုသည့် သင်္ကေတဖြစ်သွားသည်။ရပ်နေသူများထံမှ ဒိုင်းကနဲ အသံ ရုတ်တရက်ထွက်လာသည်။လူငယ်သည် လဲသွားသည်။သို့သော် လက်က ထောင်ထားသည်။လက်ချောင်းများက ထောင် တစ်ဝက် လှဲတစ်ဝက်။လူငယ် အပြီးတိုင် လွတ်မြောက်သွားသည်။
   ကျနော်ကြည့်ခဲ့သော ရုပ်ရှင်ကားတွင် မျက်နှာများ၊ ကားများ၊ သေနတ်များနှင့် လှပသော မိန်းမငယ်များ ပါဝင်သော်လည်း ကျနော်မြင်ခဲ့ရသည်က လက်များနှင့် ခြေထောက်များ၏ အဓိပ္ပါယ်သာဖြစ်သည်။ကျနော်တွေးမိသည်က တကယ်လို့သာ လက်တွေခြေထောက်တွေနှင့် ဖန်တီးပြုလုပ်ခဲ့သော ကားများ၊သေနတ်များ၊ တခြားသောပစ္စည်းကိရိယာများ မရှိခဲ့လျှင် ဘာတွေဖြစ်နေမည်လဲဆိုတာကို။သေချာသည်က ထိုရုပ်ရှင်ကားကိုရှိလာမည် မဟုတ်သလို ထိုရုပ်ရှင်ကပြသော အကြောင်းအရာများလည်း ရှိခဲ့မည်မဟုတ်ချေ။ 
                                                    (၂)
   တောင်တန်းများ၏ ဟိုဘက်တွင် နေခဲ့စဉ်က ညဘက်ဆို မြေနီလမ်းအတိုင်းလျှောက်ကာ အိမ်သို့ ကျနော်ပြန်လေ့ရှိသည်။လမ်းများသည် ယခင်က ယခုလိုတော့မဟုတ်။သဘာ၀အတိုင်း အရိုင်းသာသာဘေးတစ်ဖက် တစ်ချက်တွင် နေကြာရိုင်းများ။တချို့သောညများတွင် ယုန်တစ်ကောင် (သို့မဟုတ်) ချေတစ်ကောင်နှင့် ပက်ပင်းတိုးမိသည်များရှိသည်။ထိုအခါ ယုန်နှင့် ချေက ကြောက်လန့်တကြားထွက်ပြေးကြသည်။အံ့ဩခြင်း၊ လွတ်မြောက်ခြင်း၊ ဝမ်းသာခြင်းနှင့် ကြည်နူးရခြင်းများသည် လက်များ၊ ခြေထောက်များနှင့် လမ်းများ သဟဇာတဖြစ်နေသည့်အခါ ဖြစ်တတ်သည်ကို သိခဲ့ရသည်။သို့သော် သက်ရောက်မှုများသည် ကိုယ်တိုင်မလုပ်ခဲ့ဘဲနှင့် ဆိုးရွားသည့်ဖြစ်ရပ်ကို ဖြစ်အောင် တစ်ခါတရံစေ့ဆော်စေသည့်အခါ အပြစ်ရှိသူထဲ ပါသွားတတ်သည်လည်းရှိသည်။
   ဥပမာ - ယုန်တစ်ကောင် ရုတ်တရက် ထပြေးသဖြင့် ထောင်ချောက်မိသွားခြင်းမျိုး၊ လွတ်မြောက်အောင်ပုန်းနေသူကို ကြည့်မိသဖြင့် မိသွားခြင်းမျိုး။ 
   “ဘိုရိုနီဒိုတိုက်ပွဲ၌ နပိုလီယန်သည် သေနတ်တစ်ချက်ကိုသော်မျှ ပစ်ဖောက်ခဲ့ခြင်း မရှိချေ။မည်သူ့ကိုမျှလည်း ကိုယ်ထိလက်ရောက် မသတ်ခဲ့ချေ။သတ်ဖြတ်ခြင်း အမှုကို ကိုယ်ထိလက်ရောက်လုပ်သူများမှာ တပ်သားများသာဖြစ်လေသည်။ ထို့ကြောင့် လူများကို သတ်ဖြတ်ခြင်းပြုခဲ့သူမှာ နပိုလီယန် မဟုတ်ချေ”
   မြသန်းတင့်၏ စစ်နှင့် ငြိမ်းချမ်းရေး - အခန်း (၂၈)
   Lev Tolstoy – WAR AND PEACE
   သို့သော် သမိုင်းကို စီရင်သည့်အခါ နပိုလီယန်သည် ထိုသို့သော အပြစ်မှ လွတ်မြောက်ခြင်း မရှိခဲ့ပေ။ 
စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ထိုသို့အမှုကို ပြုခဲ့ခြင်း အကြောင်းအရင်းအဖြစ် တပ်သားများ၏ အကြောက်တရားကိုသာ တော်စတွိုင်းက ဖော်ပြခဲ့ခြင်းဖြစ်သည်။ 
                                                    (၃)
   ကျနော်နေသည့် လမ်းတွင် တောင်းစားသူများရှိသည်။တချို့က ကားဖြင့်လာကာ တောင်းစားသူများကို ချပေးသွားပြီး ညနေမှ လာပြန်ခေါ်သည်။တချို့က လိုင်းကားစီးကာ လာကြသည်။တချို့က အနီးတစ်၀ိုက်တွင် နေထိုင်ကာ လမ်းထိပ်တွင် စုဖွဲ့တောင်းရမ်းကြသည်။တောင်းရမ်းသူက များသည့်အခါ လုယက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းများရှိလာသည်။လမ်းများသည် တောင်းစားသူများနှင့် မလွတ်နိုင်သလို တောင်းစားသူများကလည်း လမ်းများသာ နေကြသည်။
   ယခု ကျနော့်ပြတင်းပေါက်မှကြည့်ပါက မီးပွိုင့်တွင် အုပ်စုလိုက်တောင်းနေသူများကို မြင်ရသည်။လမ်း ထောင့်တွင် တောင်းနေသူများကို မြင်ရတတ်သည်။တချို့ကငယ်သလို တချို့က ကြီးရင့်အိုမင်းသည်။တချို့က မလုပ်နိုင်တော့သဖြင့်။တချို့က လုပ်ကိုင်ရန် အရွယ်မရောက်သေး။တချို့ကတော့ စီးပွားဖြစ်။တချို့ကတော့ စားဖို့အဖြစ်။ 
   ကျနော်နေခဲ့ရာ အတိတ်တွင် လမ်းများသည် မြို့ကြီးများမှာလို မစည်ကား။လမ်းများတွင် တောင်းစား သူများလည်းမရှိ။လူများသည် ခြေနှင့် လက်များကို အကြင်နာတရားနှင့် ဖေးမကူညီခြင်းတွင်သာ သုံးကြသည်။
   လင်းနိုင်ကျော်စိုး