【 ဆောင်းပါး 】 လယ်ရှင်သူဌေး အောက်သက်ကြေကြေ

【 ဆောင်းပါး 】 လယ်ရှင်သူဌေး အောက်သက်ကြေကြေ

ဘကြီးကို ကျနော်တို့ရပ်ရွာက အောက်သက်ကြေတဲ့သူဌေးလို့ သတ်မှတ်လေးစားကြတယ်။

ဘကြီးက ကျနော်တို့အဘိုးရဲ့ အရိုက်အရာကို ဆက်ခံတဲ့ လယ်ပိုင်ရှင်ကြီး။အဘိုးလက်ထက်က အင်မတန်စပါးအထွက်ကောင်းတဲ့ လယ်ဧက ၅၀ ကျော်ကနေ ဘကြီးက အမွေဆက်ခံလုပ်ကိုင်ပြီး ဧက ၁၀၀ ကျော်အထိ တိုးပွားလာလိုက်တာ အလွန်ဆုံးကြာလှ ၇ နှစ်ပေါ့။ကောက်ကာငင်ကာ နောက်ထပ် လယ်ဧက ၅၀ ကျော် တစ်ပြိုင်နက်ဝယ်လိုက်တာမျိုးတော့ ဘယ်ဟုတ်မလဲ။တစ်နှစ်ကို ၁၀ ဧက တိုးဝယ်လိုက်၊၁၅ ဧကတိုးဝယ်လိုက်နဲ့ ၇ နှစ်လောက်အကြာ နောက်ထပ် ဧက ၅၀ ကျော် တိုးပွားလာခဲ့တာ။

ဘာ့ကြောင့်တိုးပွားလာသလဲလို့ ဘကြီးကိုမေးကြည့်တော့ လယ်လုပ်ရတာကို ဘကြီးက စိတ်ဝင်စားတာကြောင့်လို့ ပြန်ဖြေခဲ့တယ်။

ငယ်ငယ်တုန်းကတော့ ဘကြီးပြောတာ ဘယ်နားလည်လိုက်မလဲ။စိတ်ဝင်စားရုံနဲ့ လယ်ဧက ဘယ်လိုတိုးမှာလဲလို့ စောဒကတက်ခဲ့ဖူးတယ်။ဘကြီးကတော့ ခပ်ပြုံးပြုံး။

ဘကြီးက လယ်အလုပ် နွားအလုပ် တကယ့်ကို စိတ်ဝင်စားတာမှ ဟိုး .. ငယ်ငယ်ကတည်းကစလို့။ဘကြီး ၁၀ နှစ်ကျော်လောက်ကတည်းက မနက်ခင်း မျက်လုံးပွင့်တာနဲ့ နွားရုံကိုဖွင့်၊ နွားတွေကို အပြင်ထုတ်၊ အစာကျွေး။နေ့စဉ် နွားအကောင် လေး၊ ငါးဆယ်ရဲ့ ဝေယျာဝစ္စကို မညီးမညူလုပ်ဖို့ဆိုတာ တော်ရုံစိတ်နဲ့ ဘယ်ရပါ့။

ပြီးတော့ ၁၀ နှစ်မတိုင်ခင်ကတည်းက ဘကြီးက နွားလှည်းကောင်းကောင်းမောင်းတတ်နေခဲ့ပြီ။ဘကြီးက အိမ်ကနွားတွေကို အကုန်ချစ်တယ်။နွားတွေကို ဘယ်တော့မဆို ဝဝလင်လင်ထက်ပိုပြီးတော့ ကျွေးမွေးရုံတင်မက အလုပ်ခိုင်းရာမှာလည်း ညှာလေ့ရှိတယ်။

ဘကြီးရဲ့အမေ ကျနော့်အဘွား ဟိုးငယ်ငယ်လေးကတည်းက မပြတ်မှာလေ့ရှိတာက နွားဆိုတာ ကိုယ့်ရဲ့ကျေးဇူးရှင်၊ ကိုယ့်ရဲ့လယ်ယာလုပ်ငန်းခွင်ထဲ အခမဲ့ဝင်လုပ်ပေးနေတာတဲ့။ဘကြီးက သူ့အမေစကား အတိအကျလိုက်နာ၊ သူ့အမေလိုပင် အမဲသား (နွားသား) ကို ရာသက်ပန်မစား။ပြီးတော့ ကိုယ့်အိမ်ကနွား ကြီးလာတော့ နွားသတ်ရုံကိုရောင်းတာမျိုး ဘယ်တော့မှမလုပ်။

‘ဘကြီးအရွံဆုံးကိစ္စက တစ်သက်လုံး ခိုင်းလို့ကောင်းတုန်းက မညှာမတာခိုင်းပြီး နွားအသက်ကြီးလာလို့ အလုပ်သိပ်မလုပ်နိုင်တော့ နွားသတ်ရုံကို အမဲသားပေါ်ဖို့ ရောင်းစားတဲ့ကောင်တွေပဲ။သူတို့လိုလူမျိုး ဘကြီးပေါင်းလေ့မရှိဘူး’ တဲ့။ကျနော့်ဘကြီး တောသားရဲ့ ဒဿနဟာ အဲဒီလိုအကြင်နာတရားပြည့်ဝစွာ လှလို့။

‘နွားတွေကို ဘကြီးက ဘယ်တော့မှမရိုက်တော့ နွားတွေကလည်း ဘကြီးခိုင်းပြီဆို ဘယ်တော့မှ ပေကပ်ကပ်မလုပ်ဘူး’ တဲ့။

ဘကြီးက သူမောင်းသွားတဲ့ နွားလှည်း တစ်နေရာအရောက်မှာ ကိစ္စပြီးလို့ နွားလှည်းဖြုတ်လိုက်ပြီဆိုတာနဲ့ အရင်ဆုံးလုပ်တဲ့အလုပ်က နွားတွေကို ရေတိုက်၊ ပြီးရင် အစာလေးဘာလေးကျွေး။နွားကိစ္စပြီးမှ လူကိစ္စဆက်လုပ်လေ့ရှိသူမို့ ကျနော်တို့တောက နွားချစ်တဲ့စာရင်းထဲ ဘကြီးက ထိပ်ဆုံးကပါတယ်။

ကျနော်ငယ်ငယ်တုန်းက ဘကြီးက သင်ပေးလေ့ရှိတယ်။လူဆိုတာ ကိုယ့်ကျွေးမှစားရမယ့်လူ၊ ကိုယ်လုပ်ရင် ခံရမယ့်သူတွေကို အမြဲတမ်းညှာတာရတယ်တဲ့။ဘကြီးက ၁၀ တန်း မအောင်ပေမယ့် အဲဒီလိုတန်ဖိုးကြီးတဲ့စကားတွေ သင်အံပေးခဲ့တယ်။

‘ဘကြီးငယ်ငယ်တုန်းကဆို လယ်ထဲအရမ်းလိုက်ချင်တာ။သူများကောက်စိုက်ရင် ဘကြီးလည်း ကောက်စိုက်တတ်ချင်တယ်။သူများစပါးရိတ်ရင် ဘကြီးလည်း ရိတ်တတ်ချင်တယ်။လယ်အလုပ်ဆို သူများလုပ်တာ ကိုယ်ကတတ်ချင်တော့ သေချာလိုက်ကြည့်လိုက်လုပ်နဲ့ ဘကြီးလယ်ယာလုပ်ငန်းခွင်ထဲ ခြေစုံပစ်ဝင်တော့ လယ်အလုပ်မှန်သမျှ အကုန်လုပ်တတ်နေပြီ’ လို့ ဘကြီးက ပြောပြတယ်။

ဘကြီး လယ်အလုပ်ကို ပရော်ဖယ်ရှင်နယ်စလုပ်တာ ၁၇ နှစ်သား။သူငယ်တန်းကနေ ၉ တန်းအထိ တစ်ခါမှ စာမေးပွဲမကျဘူးတဲ့ ဘကြီး ၁၀ တန်းရောက်မှ စာမေးပွဲကျလေတော့ စိတ်ဓာတ်ကျ။စိတ်ဓာတ်ကျတာထက် ပိုကြောက်မိတာက ၁၀ တန်းအောင်ပြီး မြို့တက် ရုံးစာရေးလုပ်ကာ လယ်မလုပ်ရတော့မှာပဲလို့ ဘကြီးက ပြောပြတယ်။

ဘကြီးတို့ခေတ်က စာရေးစာချီကို သိပ်အထင်ကြီးတဲ့ခေတ်။ဘကြီးရဲ့အမေက သူတို့သား ပညာတတ်ကြီးအဖြစ် ပန်ကာအောက် ဘောပင်လေးနဲ့ သက်သောင့်သက်သာ လုပ်ကိုင်စားသောက်တာ မြင်ချင်ရှာသတဲ့။တဖွဖွပြောလေ့ရှိတဲ့ အမေ့စကားမို့ ဘကြီးထိတ်လန့်မိ။

‘ဘကြီး နောက်တစ်နှစ် ၁၀ တန်း ထပ်နေရင် အောင်မှာကျိန်းသေတယ်။အောင်ရင် အမေက ဘွဲ့ရအောင်ထားပြီး စာရေးလုပ်ခိုင်းတော့မှာ။အဲဒါနဲ့ ဘကြီးလည်း တစ်မျိုးလုံးကို အတိုက်အခံလုပ်ပြီး လယ်အလုပ်ပဲ လုပ်တော့တာ’ တဲ့။

ဘကြီးရဲ့အဖေ ကျနော်တို့အဘိုးက သူ့သားကြီးကို ဘယ်လိုမှပြောဆိုဖျောင်းဖျလို့မရတော့ လယ်ထဲကိုခေါ်သွားပြီး လယ်လုပ်ချင်စိတ်ကုန်အောင် နင်းကန်ခိုင်းတော့သတဲ့။

ဘကြီးတို့လယ်မှာက လယ်သူရင်းဌားတွေရှိပေမယ့် လူဌားတွေထက်ပိုပြီး ဘကြီးကို နာနာဖိခိုင်းတော့တယ်။ဒါကို ဘကြီးကသိတယ်။ဒါ့ကြောင့် ဘကြီးက အပြုံးမပျက်၊ကိုယ့်ရည်မှန်းချက် အပျက်မခံဘူးဆိုတဲ့စိတ်နဲ့ လယ်အလုပ်ကို ဇောက်ချလုပ်လိုက်တာ နောက် ၂ လအကြာမှာ ဘကြီးရဲ့အဖေက စိတ်လျှော့လိုက်တော့တယ်။

ဘကြီးဟာ မာမာချာချာ အောက်သက်ကြေကြေနဲ့ လူဌားတွေနဲ့ တန်းတူလုပ်နိုင်ကိုင်နိုင်စွမ်းတဲ့ လယ်သမား။ပြီးတော့ ဘကြီးက ငယ်စဉ်ကတည်းက စာဖတ်ရတာ ဝါသနာပါတာမို့ စာဖတ်ပေဖတ် လယ်သမား။စိုက်ပျိုးရေးနည်းပညာတွေကို လက်လှမ်းမီသလောက် ဘကြီးလျှောက်လေ့လာ။ပြီးတော့ သူ့လယ်ထဲမှာ ပြန်အသုံးချ။

‘ဘကြီးတို့တစ်မျိုးလုံးက လယ်သမားတွေချည်းပဲဆိုတော့ လယ်ယာအလုပ် အတွေ့အကြုံတွေက အစုံပဲ။အဲဒီအတွေ့အကြုံတွေကိုလည်း နာယူတယ်။ကိုယ်ဖတ်လို့ သိထားတာတွေနဲ့ ပေါင်းစပ်ပြီး တီတွင်တယ်။နောက် ၂ နှစ်ကြာတော့ အဖေက ဘကြီးကို စိတ်ချလက်ချနဲ့ လယ်တွေထိုးအပ်လိုက်တော့တယ်’ တဲ့။

ဘကြီးက အပင်တွေကို ချစ်တဲ့သူ။စပါးရိတ်ပြီးရင် ဟင်းသီးဟင်းရွက်နဲ့ နေကြာ၊ ပဲ တစ်ခုမဟုတ်တစ်ခု စမ်းသပ်စိုက်ပျိုးရမယ့် ကျေနပ်တဲ့သူဆိုတော့ စီးပွားကလည်း ပိုဖြစ်ပေါ့။ဘကြီးက အပင်စိုက်ရတာ ဝါသနာပါရှာတော့ အပင်တွေ ရိတ်သိမ်းရမှာကို သိပ်မကြိုက်။ရွှေဝါသန်းနေတဲ့ စပါးခင်းတွေမြင်ရင် စိတ်လှုပ်ရှားသလောက် စပါးရိတ်သိမ်းပြီဆို ဝမ်းနည်းသလိုလို ဘာလိုလို။အဲဒီလိုနဲ့ ဘကြီးလက်ထက်မှာ အရှိန်အဟုန်နဲ့ ကြီးပွားလာခဲ့တယ်။

အခု ဘကြီးအသက် ၈၀။စိုက်ရပျိုးရမှာ ရင်ခုန်တုန်း။

ငြိမ်းဆက်