【 ဆောင်းပါး 】 လူမိုက်နှင့်ပေါင်းသင်းခြင်း

【 ဆောင်းပါး 】 လူမိုက်နှင့်ပေါင်းသင်းခြင်း

“အသေဝနာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စသေဝနာ၊ ပူဇာစပူဇနေယျာနံ ဧတံမင်္ဂလမုတ္တမံ”

လူမိုက်ကိုရှောင်ကြဉ်ခြင်း၊ လူလိမ္မာနှင့်ပေါင်းသင်းခြင်း၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်းတို့သည် မြတ်သောမင်္ဂလာဖြစ်ကြောင်းဘုရားရှင်က မင်္ဂလာ့သုတ်တွင် ဟောကြားထားသည်။

ပုထုဇဉ်လူသားများအနေနှင့် မိမိတစ်ကိုယ်တည်းမှာပင် ကောင်းသောစိတ်နှင့် မကောင်းသောစိတ်တို့ အားပြိုင်နေလို့ စိတ်ကောင်းရှိဖို့ အတော်ကြိုးစားနေရသည်။ထိုမျှ စိတ်ကောင်းတစ်ခုရှိဖို့ ခက်ခက်ခဲခဲကြိုးစားနေရချိန်မှာ မကောင်းတာလုပ်ဖို့ တွန်းအားပေးပြီး မိမိအသိ မိမိဘဝကို ဖျက်ဆီးမည့် လူမိုက်နှင့်သာ ပေါင်းသင်းမိပါက မိမိအတွက် အန္တရာယ်များစွာရှိနေမှာ မလွဲပါ။

လူမိုက်ဆိုတာ ဆင်ခြင်တုံတရား ကင်းမဲ့သူပါ။အကောင်းနှင့် အဆိုး၊ အကျိုးနှင့် အပြစ်ကို မခွဲခြားနိုင်သူပါ။သူပြောချင်တာပြောဖို့ သူလုပ်ချင်တာလုပ်ဖို့ကလွဲရင် ဘယ်သူ့မျက်နှာကိုမှမထောက် ဘယ်သူ့ဘဝကိုမှ မစာနာတတ်သူပါ။သူကိုယ်တိုင်က ဘယ်လောက်ပဲအမှားတွေကျူးလွန်ကျူးလွန်၊ မှားလို့မှားမှန်းမသိသူပါ။တကယ်လို့ သိခဲ့ရင်လည်း သူမှားတယ်လို့ ဘယ်တော့မှဝန်မခံတတ်သူပါ။အမှားကို ဆက်ကျူးလွန်ဖို့လည်း လုံးဝဝန်မလေးသူပါ။

အဇာတသတ်မင်းသားအကြောင်းကို အားလုံးအသိပါ။သူက ဒေဝဒတ်လို လူမိုက်ဆရာနှင့် ပေါင်းသင်းခဲ့လို့ သူ့ကျေးဇူးရှင် ဘခင် ဗိမ္မိသာရမင်းကို သတ်မိသည်အထိ မဟာအမှားကြီး ကျူးလွန်ခဲ့သည်။လူမိုက် ဒေဝဒတ်သည် ဘုရားရှင်၏ တပည့်သံဃာတစ်ပါးဖြစ်နေပါလျက်နှင့် သာသနာမပြုဘဲ သာသနာဖျက်ခဲ့သည်။နောက်ဆုံး ဘုရားရှင်ကိုတောင် သတ်ဖို့ ကြိုးစားသည့် ရဟန်းမိုက်ဖြစ်သည်။

ထို့ကြောင့်လည်း သတ္တဝါများကို အမှန်တရားမမြင်သူများ၊ အတ္တကြီးသူများ၊ မိုက်မဲယုတ်မာတတ်သူများ မဖြစ်အောင် ဘုရားရှင်က အမျိုးမျိုးဆုံးမခဲ့သည်။ငါးရာ့ငါးဆယ်လာ ဂေါဓဇာတ်တွင် ပုတ်သင်နှင့် အပေါင်းမှားသဖြင့် ဖွတ်မျိုးပြုတ်သလောက်ဖြစ်ခဲ့ရပုံကို ထောက်ပြခဲ့သည်။

ဘုရားလောင်းသည် မြစ်တစ်ခုရှိ တွင်းကြီးတစ်တွင်းမှာနေသော ဖွတ်မင်းဖြစ်သည်။သူ့မှာ ဖွတ်သားငယ်တစ်ကောင်ရှိသည်။သူ့သားငယ်သည် ပုတ်သင်တစ်ကောင်နှင့် သူငယ်ချင်းဖြစ်နေသည်။သူ့သားငယ်ကိုခေါ်၍ တွေ့သည့်သူတိုင်းနှင့် ရင်းရင်းနှီးနှီး အကျွမ်းတဝင် မနေသင့်ကြောင်း အထူးသဖြင့် ပုတ်သင်တို့သည် သစ္စာမရှိတတ်သဖြင့် ဖြစ်နိုင်လျှင် သူတို့နှင့်ဝေးဝေးနေသင့်ကြောင်း သူတို့ယုတ်မာမှုကြောင့် ဖွတ်တစ်မျိုးလုံး ပျက်စီးသွားနိုင်ကြောင်း သတိပေးဆုံးမထားသည်။သို့သော်လည်း ဖွတ်သားငယ်က သူ့စကားကိုနားမထောင်ဘဲ ပုတ်သင်နှင့်သာ ပေါင်းသင်းမြဲ ပေါင်းသင်းလျက်ရှိသည်။ဖွတ်မင်းလည်း သဘောမပေါက်သော သားငယ်ကို လက်လျှော့ထားလိုက်ရသည်။

သို့သော်လည်း အန္တရာယ်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် တွင်း၏ ဘေးဘက်တွင် ကယ်ပေါက်တစ်ပေါက် ထပ်မံဖောက်လုပ်ထားပြီး ဖွတ်သားငယ်ကိုလည်း အသိပေးထားသည်။

ငယ်သူငယ်ချင်းများဖြစ်သော်လည်း ဖွတ်ငယ်က အစကြမ်းသည်။ပုတ်သင်ကလည်း ဆတ်ဆတ်ထိမခံဖြစ်လာပြီ။ထို့ကြောင့် ပုတ်သင်ငယ်သည် တစ်နေ့တစ်နေ့ သူ့အနားမှာ ဖွတ်ငယ်မရှိအောင် ဘယ်လိုလုပ်ရမည်ကိုသာ ကြံစည်စဉ်းစားနေလေသည်။

တစ်နေ့တွင် အမဲလိုက်ခွေးများနှင့်အတူ တောထဲဝင်လာသော မုဆိုးနှင့် ပုတ်သင်ငယ်တို့ ဆုံမိ၏။ပုတ်သင်ငယ်သည် မုဆိုးက ဖွတ်လာရှာမှန်းသိရသောအခါ  ဖွတ်များနေသော တွင်းကို သူသိကြောင်း သူတို့နေရာကို ပြပေးမည်ဖြစ်ကြောင်းပြောပြီး ကောက်ရိုးနှင့် မီးကိုပါ ယူခဲ့စေသည်။

ပုတ်သင်ငယ်က နေရာပြပေးသဖြင့် မုဆိုးသည် ဖွတ်တွင်းဝတွင် ကောက်ရိုးကိုဆို့ပိတ်ကာ မီးနှင့် စတင်ရှို့သည်။မီးခိုးငွေ့များကြောင့် တွင်းထဲမှာရှိသော ဖွတ်များ ပြေးထွက်လာသည်။မုဆိုးသည် တွင်းအဝမှစောင့်ကာ ဖွတ်တွေကို တစ်ကောင်ပြီး တစ်ကောင် အသာလေးရိုက်သတ်လေတော့သည်။ဖွတ်ငယ်သည် မုဆိုးလက်ချက်နှင့် သေခဲ့သော်လည်း သူ့သူငယ်ချင်း ပုတ်သင်ငယ်ကြောင့်မှန်း သိမသွားပေ။

သတိရှိသော ဖွတ်မင်းသည် သူကိုယ်တိုင်ဖောက်ထားသော ကယ်ပေါက်မှတစ်ဆင့် ထွက်ပြေးလွတ်မြောက်ခဲ့သည်။ဖွတ်သားငယ်သည် အကျင့်ယုတ်သော ပုတ်သင်နှင့် ပေါင်းသင်းမိသည့်အတွက် သူတို့ဖွတ်မျိုး ပြုတ်လုနီးပါးဖြစ်ခဲ့ရသည်ကို ယူကြုံးမရဖြစ်နေမိလေသည်။

လူမိုက်ကိုရှောင်ရမည်ဆိုသော်လည်း လူမိုက်နေသောနေရာကို အတိအကျပြောလို့မရပေ။လူမိုက်ဆိုတာ နေရာတိုင်းမှာရှိနိုင်သည်။မိမိအနားမှသူတွေထဲမှာလည်း လူမိုက်ရှိနေနိုင်သည်။အတတ်ပညာသာရှိပြီး အသိမရှိသော ဒေဝဒတ်လို ဆရာလည်း ဖြစ်နိုင်သည်။မိသားစုထဲမှာလည်း အမှန်အမှားမခွဲခြားနိုင်ဘဲ အတ္တလွန်ကဲသူရှိနိုင်သည်။မှားလို့မှားမှန်းမသိ ဆန္ဒကိုသာ ဦးစားပေးတတ်သည့် ဇနီးများ လင်ယောင်္ကျားများလည်း ဖြစ်နိုင်သည်။

ငါးရာ့ငါးဆယ်လာ ပုပ္ဖရတ္တဇာတ်မှ ဆင်းရဲသားတစ်ယောက်သည် အသိဉာဏ်မရှိသော မိန်းမနှင့်ညားပြီး ထိုမိန်းမမိုက်၏ဆန္ဒကို ဖြည့်ဆည်းဖို့ ကြိုးစားရင်း အသက်ဆုံးခဲ့ရသည်။

တန်ဆောင်မုန်းလ၏ ပွဲတော်ကျင်းပနေချိန်ဖြစ်သည်။ဗာရာဏသီပြည်သူတို့သည် ပွဲလမ်းသဘင်များနှင့် ခြိမ့်ခြိမ့်သဲစည်ကားလှသော တန်ဆောင်မုန်းလ၏ ညအလှတွင် သူ့ထက်ငါ လှသည်ထက်လှအောင်ဆင်ကာ ပျော်ပါးနေကြသည်။ထိုအချိန်တွင် သူဆင်းရဲတစ်ယောက်၏ ဇနီးသည် လူလည်းမမော်နိုင် စိတ်လည်းမပျော်နိုင်ဘဲ သူ့တဲအိမ်ထဲကပင် အပြင်မထွက်ခဲ့ပေ။လင်ယောင်္ကျား အလုပ်မှပြန်လာသောအခါ ပွဲတော်မှာ ပျော်ပါးချင်ကြောင်း ပြောသည်။ယောင်္ကျားက သွားကြမယ်ပြောတော့ မိန်းမက သည်အတိုင်းတော့ မသွားချင်ကြောင်း လှလှပပဝတ်စားဆင်ယင်ပြီး ငွေအသပြာများကိုင်နိုင်မှသာ ပွဲလယ်မှာတင့်တယ်မည်ဖြစ်ကြောင်း ပြောသည်။

သူဆင်းရဲက ရှိတာလေးဝတ်ပြီး သွားရန် အမျိုးမျိုးပြောသော်လည်းမရပေ။နောက်ဆုံးတွင် ဇနီးဖြစ်သူက အဝတ်အစားအသစ်အဆန်း ဝယ်မပေးလျှင် လုံးဝမသွားဟုပြောသည့်အပြင် သူများသားသမီးယူထားပြီး ဇနီးမယားပူဆာတာကို မခံစားတတ်သော ယောင်္ကျားနှင့် ဆက်မပေါင်းသင်းဘဲ ဖြစ်ချင်ရာဖြစ် ရောက်ချင်ရာရောက် အိမ်ကထွက်သွားတော့မည်ဟု ရာဇသံပေးတော့သည်။

သူဆင်းရဲယောင်္ကျားက သူ့မှာ ငွေကြေးအနည်းငယ်မျှပင်မရှိကြောင်း ပြောပြသည်။ဇနီးက မင်းကြီး၏ ကုန်တိုက်မှ ပစ္စည်းကိုခိုးယူရောင်းချရန် အကြံပေးသည်။သို့နှင့် မယားစကားအောင်မြင်ကာ သူဆင်းရဲလည်း မင်းကြီး၏ ကုန်တိုက်တွင်းသို့ ပစ္စည်းဝင်ခိုးပါတော့သည်။ဘာပစ္စည်းမှတောင် မယူရသေးခင်မှာပဲ အစောင့်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရလေသည်။ထိုပြစ်မှုကြောင့် ဘုရင်မင်းမြတ်က သူဆင်းရဲကို တံကျင်လျှို၍သတ်ရန် အမိန့်ချမှတ်လိုက်သည်။သူဆင်းရဲသည် လက်ရှိကြုံတွေ့ရသောဒုက္ခ မကြာမီမှာ အသတ်ခံရတော့မည့် အခြေအနေတွေကြားမှ မိမိ၏အသုံးမကျမှုကြောင့် ယောင်္ကျားဖြစ်သူနှင့် ရွှေလက်တွဲပြီး လှလှပပဝတ်စားဆင်ယင်ကာ ပျော်ရွှင်ကြည်နူးခွင့်မရသော ချစ်ဇနီးကို တမ်းတမ်းတတနှင့် သနားနေမိသေးသည်။

မိန်းမမိုက်၏ အလိုဖြည့်ဖို့ ကြိုးစားခဲ့သူ ဆင်းရဲသားသည် အသတ်ခံရပြီးနောက် အပယ်ငရဲသို့ တိုက်ရိုက်ရောက်သွားလေတော့သည်။

လူတိုင်းသည် ကိုယ်ပိုင်အသိနှင့် တဖြည်းဖြည်းကြိုးစားသွားလျှင် ကိုယ်ကျင့်သီလဖြူစင်သည်ထက် ဖြူစင်လာပါမည်။အနှေးနှင့် အမြန်သာကွာမည် တစ်နေ့မှာတော့ သူတော်ကောင်းတရားများကို အောင်မြင်စွာ အားထုတ်လာနိုင်ပါမည်။ဒါကလည်း လူမိုက်နှင့် မပေါင်းဖော်ဖြစ်မှပါ။လူမိုက်နှင့်သာ တွေ့ဆုံပေါင်းသင်းမိလို့ကတော့ သူတော်ကောင်းတရားများနှင့် ဝေးသွားပါမည်။သည်ဘဝတစ်ခုကိုပင် ဖြောင့်ဖြောင့်လျှောက်ဖို့ အဆင်မပြေနိုင်တော့ပါ။ သတိနှင့်သာ တောင့်မထားနိုင်လျှင် မိမိကိုယ်တိုင် လူမိုက် လူယုတ်မာဖြစ်သွားနိုင်လေသည်။

ဘာပဲဖြစ်ဖြစ် လူမိုက်ကိုရှောင် အိုတောင်မဆင်းရဲနိုင်ပါ။သေသည်အထိလည်း မဆင်းရဲနိုင်ပါ။နောင်ဘဝဆက်တိုင်းလည်း မဆင်းရဲနိုင်ပါ။နိဗ္ဗာန်ရောက်တဲ့အထိလည်း မဆင်းရဲနိုင်ပါ။

ရိုက်မောင်း