【 ဆောင်းပါး 】 လော်သံညံစီ ကထိန်ရာသီ ကုသိုလ်ကနည်း အကုသိုလ်များပြီ

【 ဆောင်းပါး 】 လော်သံညံစီ ကထိန်ရာသီ ကုသိုလ်ကနည်း အကုသိုလ်များပြီ

ဝါကျွတ်ပြီဆိုသည်နှင့် လော်စပီကာ တညံညံ၏ ဒဏ်ကို လူအများခံကြရသည် ကြာခဲ့ပါပြီ။
 
ယခုအခါ လူမှုကွန်ရက်ခေတ်ဖြစ်၍ လော်စပီကာသံ၏ဒဏ် ခံနေကြရပုံများကို ဖေ့စ်ဘုတ်ပေါ်တွင် ကာတွန်းဖြင့်တစ်မျိုး၊ စာဖြင့်တစ်ဖုံ တင်လာကြပါသည်။
 
ယခင်တစ်ပတ်က မြို့ထဲတွင်နေသည့် အသိတစ်ယောက်တင်ထားသည့် ဖေ့စ်ဘုတ်ပေါ် တင်ထားသည့် ပို့စ်ကိုဖတ်ပြီး ကိုယ်ချင်းစာမိပါသည်။သူရေးထားပုံက…..
 
“ကမ္ဘာပျက်တာ ကြုံဖူးသလား။ဥပမာ - ကထိန် ၄ ခုလှည့်တာ လမ်းတစ်ခုမှာ ဆုံတာမျိုးပေါ့။အထိုင်ကထိန် ၃ ခုကလဲ၊ မနောတို့ တွံတေးစိုးအောင်တို့ မိုက်ကယ်ဂျက်ဆင်တို့ ကပြဖျော်ဖြေနေချိန် . . .” တဲ့။
 
သူများတွေတော့ ကထိန်လော်စပီကာသံက ကမ္ဘာပျက်သည်နှင့် နှိုင်းရသည်ထိ ဆူညံကြောင်း ကြုံဖူးကြသလား၊ မကြုံဖူးကြသလား မသိပါ။ကျွန်မကား ကြုံဖူးပါသည်။တစ်နှစ်လည်း မဟုတ်၊ နှစ်နှစ်လည်း မဟုတ်၊ နှစ်အတန်ကြာ ကြုံရသည့်တိုင် မရိုးသွားပေ။ကထိန်ရာသီတွင် နားကွဲမတတ် ဆူညံသံကို ကြားရရုံသာမက ကခုန်မြူးတူးနေပုံများကိုလည်း မြင်ရပေရာ၊ သည်အကြားအမြင်များနှင့် တစ်ပြိုက်နက်လိုပင် ဒေါသကလည်း အလိပ်လိုက် တက်လာတော့သည်။
 
တန်ဆောင်မုန်းလပြည့်နေ့တိုင်း ကျွန်မတို့ သူငယ်ချင်းတစ်စု ရန်ကုန်မှ ကျိုက်ထိုသို့ နှစ်စဉ်သွားကြပါသည်။ကျိုက်ထိုရှိ ဆိပ်ဖူးတောင်ဘုန်းကြီးကျောင်းတွင်ခင်းမည့် ကထိန်အလှူသို့ သွားကြခြင်းဖြစ်သည်။
 
မနက် ၈ နာရီ ကတည်းက အဝေးပြေးဂိတ်မှ ထွက်လာသည့် ကားမှာ ကားဝင်းအပြင်ရောက်သည်နှင့် ပက်ကျိရွေ့သာ ရွေ့နိုင်ပေတော့သည်။ထိုနေ့တွင် ခရီးသွားများပြားသဖြင့် ကားဝင်းကြီးထဲမှ အလျှိုလျှိုထွက်လာကြသည့် အဝေးပြေးကား များကလည်း တသီတတန်းကြီး၊ အရပ်လေးမျက်နှာမှ အတီးအမှုတ်၊ အကအခုန်များနှင့် ထွက်လာကြသည့် ကထိန်ကားများကလည်း တစ်ပုံကြီး။သည်ကားအုပ်စုနှစ်စု လမ်းပေါ်ရောက်လာကြစဉ်၊ ဘုန်းကြီးကျောင်းများသို့ ကထိန် ခင်းရန်သွားသည့် ကားများပေါ်မှ အတီးအမှုတ်၊ အဆိုအကများ၊ အခုန်အပေါက်များကို ကျယ်လောင်လှသည့် လော်စပီကာသံက အားဖြည့်ပေးထားလေရာ၊ ငရဲတမျှ ပွက်လောရိုက်နေပေတော့သည်။
 
ကျွန်မတို့လိုက်ပါလာသည့်ကား တရွေ့ရွေ့ ဘီးလှိမ့်မောင်းနေစဉ် ကားပေါ်တွင် ငြိမ်သက်စွာထိုင်နေသည့် ကျွန်မကို တခြားခရီးသည်များနှင့်အတူ မြင်တွေ့နိုင်ပါသည်။လူကငြိမ်သက်နေသော်လည်း ရင်ထဲတွင် ဒေါသဗလောင်ဆူနေခြင်းကို မနည်းကြိုးစားဖြေဖျောက်နေရသည့်အဖြစ်ကိုကား၊ ကျွန်မမှလွဲ၍ မည်သူမျှသိမည် မဟုတ်ပေ။ဒေါသကို ကြိုးစာလျှော့ချရင်း….
“တစ်နှစ်လဲ မဟုတ်၊ နှစ်စဉ်ကြုံနေရတဲ့ဟာကို၊ ခုထိသည်းမခံနိုင်ဘူးလား။အလွန်ဆုံး နာရီဝက် တစ်နာရီပျော့ပျော့ကြာတဲ့ ဆူညံသံကို ဘာကြောင့် ဒီလောက်ဒေါသထွက်နေတာလဲ” ဆိုသည့် မေးခွန်းများကို မိမိကိုယ်မိမိ ပြန်မေးရင်း ဒေါသစိတ်လျှော့ချရသည်မှာ ပင်ပန်းလှပါသည်။
 
“ဘာကုသိုလ်မှလည်း ရမယ့်ဟာတွေ မဟုတ်ဘူး။ကခုန်နေတဲ့ဟာတွေက မူးနေတာ” ဆိုသည့် ဒေါသ စိတ်က ထပ်ထွက်လာပြန်သည်။
 
“ဟယ် - မူးနေတာမဟုတ်ရင် လူတစ်ဖက်သားကို အလိုလိုပြစ်မှားရာရောက်တော့မယ်။ကဲ ကဲ မကြည့်နဲ့ဟာ”
 
ဤသို့ ဤနှယ် မိမိကိုယ်မိမိ မေးလိုက်၊ ဖြေလိုက်လုပ်ရင်း ပွက်ပွက်ညံနေသည့် ကထိန်လော်သံကို ရင်ဆိုင်လျက် တန်ဆောင်မုန်းလပြည့်နေ့များကို ဖြတ်သန်းလာခြင်း ရပ်ဆိုင်းခဲ့သည်မှာ ကိုဗစ် စဖြစ်သော ၂၀၂၀ မှ ယခု ၂၀၂၃ အထိဆိုတော့ ၃ နှစ်တိုင်လေပြီ။ကိုဗစ်ဖြစ်၍ ပူပန်သောကရောက်ရသော်လည်း၊ ရက်ကွက်ထဲတွင် လော်နှင့် အော်၍ အလှူခံသည့် နိဗ္ဗာန်ဆော်တို့၏ အသံတိတ်သွားကိုကား ကျေနပ်သဘောကျလှပါသည်။
 
လှူချင်ပါက လှူ၍ရသော နည်းလမ်းများစွာရှိပါလျက်၊ တအော်အော် တဟစ်ဟစ် အလှူခံပြီး ရသည့်ငွေကို လှူခြင်းကို ရှေ့မှ စုပေါင်းအလှူစုပေါင်းအလှူဆိုသော စကားလုံးလေးနှင့် အနားကွပ်ပေးပုံကိုလည်း လူလည်ကျနည်းတစ်မျိုးဟုဆိုလျှင် အဆိုးမြင်ဝါဒီ၊ သာသနာဖျက်ဟု တံဆိပ်ကပ်ခံရပေဦးမည်။
 
ခရစ်ယာန်တွေ မူဆလင်တွေ လော်စပီကာသံမထွက်ဘဲ တိုးတိုးတိတ်တိတ် ဣန္ဒြေရရ လှူဒါန်းကြပုံကို သဘောကျသည်။ဘာသာရေးပွဲများတွင် ဆူကြညံကြပုံချင်း ဗုဒ္ဓဘာသာ ရွှေမြန်မာတို့နှင့် ဟိန္ဒူဘာသာဝင်တို့ တူနေကြပြန်သည်။ဒါကြောင့်လည်း မြန်မာတချို့က ထေရဝါဒဗုဒ္ဓဘာသာဟု အော်နေစေကာမူ၊ တချို့နေရာများ၌ ဟိန္ဒူဓလေ့ထုံးစံများ ရောနေတာကိုးဟု တွေးမိပြန်ပါသည်။ 
 
မည်သို့ဆိုစေ အသံချဲ့စက်ဥပဒေရှိသော်လည်း၊ တာဝန်ရှိသူများကလည်း လော်ဥပဒေဖြင့် လူထုကို ကာကွယ်မပေးနိုင်ကြပေ။ဘာသာရေးဆိုသော အကြောင်းပြချက်ကြီးဖြင့် လော်ကို ဝုန်းဒိုင်းကြဲ ဆူညံအော်ဟစ်ခွင့်လိုင်စင် ချပေးထားသည့်နှယ်ပါတကား။
 
လော်တအော်အော် နိဗ္ဗာန်ဆော်များကိုရော၊ လှူဒါန်းနေကြသည့် ရပ်ကွက်သူ ရပ်ကွက်သားများကိုပါ အရှင်ဇနကာဘိဝံသ၏ အနာဂတ်သာသနာ စာအုပ်ဖတ်ပါဟုပြောလျှင် သူတို့ ဖတ်မည်၊ မဖတ်မည် မသေချာသော်လည်း၊ အကြံပေးသူအား သာသနာကို ပိတ်ပင်ဖျက်ဆီးသူ၊ သာသနာ့ရန်သူ၊ သာသနာ့ဆူးညှောင့် ခလုတ်ဟု ကင်ပွန်းတပ်ကြမည်ကား သေချာသလောက်ပင်ဖြစ်ပါသည်။
 
ဆရာတော်ကြီး အရှင်ဇနကာဘိဝံသက ‘အနာဂတ်သာသနာရေး’ စာအုပ်တွင် ကထိန်နှင့်ပတ်သက်သည့် အလွဲများကို ထောက်ပြခဲ့ပါသည်။သို့သော် သီတင်းကျွတ်ပြီးနောက် ထွက်လာသည့် ကထိန်များကား ယခင်ကဲ့သို့ ပင် ရပ်ကွက်ထဲ၌ တအော်အော် တဟစ်ဟစ် အလှူခံကြသည်။ကထိန်ခင်းသည့်နေ့တွင် ဆိုင်းသံ ဗုံသံ တညံညံနှင့် ထွက်ကြသည်။အေးကထိန်ခင်းသည့် ကျောင်းများလည်းရှိပါသည်။သို့သော် အနည်းအကျဉ်းမျှသာ။ 
 
‘အနာဂတ် သာသနာရေး’ စာအုပ်၌ ဆရာတော်ကြီးက၊ ဦးစွာ ကထိန်အကြောင်းအချုပ်ရှင်းပြသည်။ကထိန်ခင်းခွင့်ရသည့် သံဃာအကြောင်း ရှင်းပြသည်။ကထိန်ခင်းခွင့်ရသည့် သံဃာရသော အကျိုး ၅ပါး၊ အလှူ့ဒါယိကာ ဒါယိကာမများရသော အကျိုးများကို ဆက်ရှင်းပြသည်။ထိုသို့ရှင်းပြရာ၌ သံဃာကို ရည်စူး၍ ကထိန်သင်္ကန်း လှူ၍ရသော အကျိုးသည် သံဃာကို ရည်စူးပြီး ဝါဆိုသင်္ကန်း စသည့် တခြားသင်္ကန်းများကို လှူ၍ရသော အကျိုးနှင့် အတူတူပါဟုလည်း ရှင်းပြထားသည်။သို့ဖြင့် သင်္ကန်းမှာ ကထိန်ဟူသော မြန်မာဗုဒ္ဓဘာသာတို့၏ အစွဲကို ချေဖျက်ပေးရှာပါသည်။
 
ဆရာတော်ကြီးက ဆက်လက်၍ ပဒေသာပင်တွင် ပါလာသည့် ကျောင်းနှင့် မအပ်စပ်သော ပစ္စည်းများ၊ ခေါက်ချိုးပုံဖော်ထားသော ငွေများအတွက် အလှူရှင်တို့ဘက်က ကုန်သည့်ငွေ၊ အချိန်၊ လုပ်အားတို့ကို တွက်ပြပြီး၊ ချဲ့ထွင်လာကြသည့် ပကာသနကထိန်များကို မခင်းအပ်ကြောင်း ဆိုဆုံးမထားပါသည်။သို့သော် ရွှေမြန်မာတို့ကား နေမြဲပေတည်း။
 
မြန်မာဗုဒ္ဓဘာသာဝင်အတော်များများ၏ အဖြစ်မှာ လင်ယူ မိန်းမယူလည်း လော်ပါမှ၊ သားသမီးရလာ၍ ကင်ပွန်းတပ်လည်း လော်လေးနဲ့မှ၊ အလှူဒါနပြုလည်း လော်နဲ့အော်လိုက်ရမှ နောက်ဆုံး သေ၍ ရက်လည်လျှင်ပင် လော်မပါ၍မရ ဖြစ်နေကြသည်မှာ ဘာကြောင့်လဲ။ထိုအဖြေကိုရှာရင်း ဝမ်းနည်းမိပါသည်။ကမ္ဘာပေါ်တွင်ရှိသည့် ကိုးကွယ်ယုံကြည်ရာ ဘာသာတရားများအနက် ဗုဒ္ဓဘာသာသည် အကောင်းဆုံးပါဟု ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များကပင် တညီတညွတ်ဆိုခဲ့ကြသော်လည်း၊ မြန်မာဗုဒ္ဓဘာသာဝင် အတော်များများက ဘာကြောင့်လွဲချော်သည့် လှူဒါန်းမှုများကို ပျော်ပျော်ပါးပါး လုပ်နေကြပါလိမ့်။ထောက်ပြအမှားပြင်ပေးသူမရှိ၍ လား။မဟုတ်ပါ။ထောက်ပြကြပါသည်။မလိုက်နာကြခြင်းသာဖြစ်ပြီး ဆိုင်းသံ ဗုံသံ တဆူဆူတညံညံဖြင့် ရှင်လောင်း လှည့်ခြင်း၊ ကထိန်လှည့်ခြင်းကို ခေါက်ရိုးကျိုးနေကြခြင်း ဖြစ်ဟန်တူပါသည်။လူပန်း အချိန်ကုန် ငွေကုန်ခံကာ အားကြိုးမာန်တက်လုပ်နေကြသည့် တဆူဆူ တညံညံ ကထိန်များ၊ ရှင်ပြုများက ကုသိုလ်ထက် အကုသိုလ်ကိုသာပေးကြောင်း ထောက်ပြကြသည့် ဆရာတော်များရှိကြပါသည်။
 
ဆရာတော် အရှင်ကုမာရသည် ရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော်ဘုရားကြီး၏ တပည့်ဖြစ်ပါသည်။မြောင်းမြဆရာတော်ကြီး၏ သင်ကြားပို့ချ သွန်သင်မှုများကို အနီးကပ်ခံယူရရှိခဲ့သူလည်းဖြစ်ပါသည်။အရှင်ကုမာရ ရေးသားခဲ့သည့် ‘ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေထိုင်နည်း’ စာအုပ်ကို ၁၉၈၂ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေခဲ့ပါသည်။ထိုစာအုပ်ကို အပိုင်း ၂ ပိုင်းခွဲပြီး၊ ခေါင်းစဉ်ပေါင်း ၁၆၂ ဖြင့် ဖော်ပြပေးထားပါသည်။
 
“ဤကျမ်းစာသည် ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်များ၊ ဗုဒ္ဓအလိုတော်ကျဖြစ်အောင် ပြုမူဆောင်ရွက်ရမည့် ကိစ္စအတော်များများကို ဖော်ညွှန်းဖွင့်ပြထားသော ကျမ်းစာတစ်စောင်ဖြစ်ပါသည်။နေ့စဉ် အိမ်မှုကိစ္စအဝဝကို ဆောင်ရွက်ရာမှ အစ၊ မင်္ဂလာဆောင်ကိစ္စ (မင်္ဂလာအမျိုးမျိုးပြုလုပ်ပုံ)၊ အသုဘကိစ္စ၊ ရဟန်းသံဃာတော်များနှင့် ဆက်ဆံ ရေး စသည်တို့ကိုပါ အသေးစိတ်သိခွင့်ရအောင် တိကျစွာဖော်ပြထားပါသည်” ဟု ကျမ်းဦးအမှာစာရေးသူက ဆိုပါသည်။  
 
ပထမပိုင်း၊ မာတိကာ နံပါတ် ၉ တွင် ကထိန်ခင်းပုံ အကြောင်းကို ရေးသားဖော်ပြထားပါသည်။ကထိန်လှူနည်း မှန်ကန်ပါမှ ကထိန်ခင်းသည့် သံဃာရော၊ လှူဒါန်းသူများပါ ရသင့်ရထိုက်သည့် အကျိုးကို ရမည်ဖြစ်ကြောင်း အသေးစိတ်ဖော်ပြ ရေးသားထားပါသည်။အကယ်၍ ကျောင်းကိုရည်စူး၍ မိမိကြည်ညိုသည့် ရဟန်းသံဃာကို ရည်စူး၍ လှူခဲ့ပါက၊ ကထိန်မမည်ကြောင်း ရှင်းပြထားပါသည်။ကထိန်အလှူနှင့်ပတ်သက်၍ နည်း လမ်းမကျပါက ဆရာ (ဘုန်းကြီး) နှင့် ဒကာ (အလှူရှင်) ၂ ဦး ၂ ဘက်လုံး ရသင့်သည့်အကျိုး မရသည့်အပြင် “အခုကတော့ ကထိန်သင်္ကန်းဆိုတာ ကိုယ်ကြည်ညိုတဲ့ ဆရာတော် ကိုယ်ကြည်ညိုတဲ့ ကျောင်းထိုင်လောက်ကို ရည်စူးပြီး၊ ကထိန်သင်္ကန်း ဆက်ကပ်နေကြတာကများတယ်။ဒီတော့ ဒါတွေဟာ သံဃာတော်တွေက ဘယ်လိုပဲလုပ်လုပ် ကထိန်မြောက်ပါဦးမလား” 
 
“အေး ကထိန်အလှူ မဖြစ်နိုင်ရင် ကထိန်ခင်းမှုကို အကြောင်းပြုပြီး၊ ရသင့်တဲ့ အကျိုးအာနိသင်များကို သံဃာတော်တွေကလဲ မရနိုင်တော့ဘူး။မင်းတို့ ဒကာတွေလည်း မရနိုင်တော့ဘူးပေါ့။ ၂ ဦး ၂ ဘက်လုံး ဆုံးရှုံးရတော့တယ်”
 
“အဲဒီလိုဆုံးရှုံးရုံတင် မကသေးဘူး။သံဃာတော်များက ကထိန်အာနိသင်ရတယ်ထင်ပြီး၊ ကထိန်အာနိသင်ကြောင့် လွတ်လပ်ခွင့်ရနေတဲ့ သိက္ခာပုဒ်တွေကို ကျူးလွန်မိရင် အချောင် အာပတ်သင့်ဦးမယ်။ဒီတော့ နားမလည် ပါးမလည်နဲ့ လှူဒါန်းတဲ့ ကထိန်ဟာ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်ကြောင့်လေးဆိုသလို ဖြစ်နေတယ်ဆိုတာ သတိပြုကြရလိမ့်မယ်”
 
“အခုခေတ်ဖြစ်နေပုံ နည်းနည်းဆက်ပြောဦးမယ်။ 
ကထိန်အလှူဆိုတာ အစပထမတော့ သင်္ကန်းအလှူသက်သက်ပဲဖြစ်တယ်။အခုခေတ်မှာတော့ တဖြေးဖြေးလူတွေက တိုးချဲ့လာတာနဲ့ သင်္ကန်းရဲ့ အခြံအရံဖြစ်တဲ့ တခြားလှူဖွယ်တန်းရန်တွေလည်း ပါလာတတ်ကြတယ်” 
 
“ဒီလှူဖွယ်တန်းရန်တွေဟာ ရဟန်းသံဃာတွေအတွက် တကယ်အသုံးလိုနေတဲ့ပစ္စည်း ဟုတ်သလား၊ မဟုတ်သလားဆိုတာ ထည့်သွင်းစဉ်းစားတဲ့လူက အင်မတန်နည်းနေတယ်။ပဒေသာပင်မှာ ချိတ်ဆွဲလို့လှအောင် လူအမြင်ကောင်းအောင်ဆိုပြီး လုပ်နေကြတာကများနေတယ်။ရဟန်းများမှာ အသုံးဝင်တာထက် ဂုဏ်ပကာသနနောက်ကို လိုက်နေကြတာကများနေတယ်”
 
“ပြီးတော့ အတီးအမှုတ် အကအခုန်တွေနဲ့ ရပ်ကွက်တကာလိုက်ပြီး အလှူခံရလာတဲ့ ဝတ္ထုတွေထဲက ရဟန်းသံဃာများကို လှူကြတန်းကြတာက နည်းနည်းပါးပါး မဖြစ်စလောက်၊ သူတို့ဗိုက်ထဲကိုရောက်နေတာ၊ ပွဲလမ်းသဘင် အတီးအမှုတ် အကအခုန်တွေဘက်ရောက်နေတာတို့က များနေတယ်။ကထိန်ဟာ အလှူဒါနဆိုပေမယ့်၊ တချို့နေရာတွေမှာတော့ ပျော်ပွဲရွှင်ပွဲဆန်ဆန်ဖြစ်နေကြပြီ”
 
“ဒါတွေကို မင်းတို့ ခေတ်လူငယ်တွေက တဖြည်းဖြည်းပြုပြင်ယူရမယ်။နေရာတကာ ဘုန်းကြီးတွေချည်းပဲ လုပ်လို့ရတာ မဟုတ်ဘူး။မင်းတို့ လောကီလူသားတွေအတွက် ပျော်ပွဲရွှင်ပွဲတွေ လုပ်တာကိုတော့ တို့က ဘာမှမပြောလိုပါဘူး။ဒါပေမဲ့ ပျော်ပွဲရွှင်ပွဲကတခြား၊ ကုသိုလ်ကောင်းမှုလုပ်တာကတခြား၊ ဒီလို ကတ္တားခြားပြီး လုပ်ကြရမယ်”
 
“ကထိန်ခင်းရန်အတွက် အစောကြီးကတည်းက ခင်းမယ့် ကျောင်းဘုန်းကြီးနဲ့ တိုင်ပင်ပြီး ဖြတ်ပိုင်းရိုက် အလှူခံတာတို့ဆိုတာလည်း မလုပ်ကောင်းဘူး။အဲဒီလို အလှူခံလှူလို့ ကထိန်မဖြစ်ဘူး။ကထိန်ဆိုတာ ခင်းမယ့် ကျောင်း ဘုန်းကြီးပယောဂ မပါရဘူး။တခြားသာသနာ့ဝန်ဆောင် ရဟန်းသာမဏေတွေရဲ့ ပယောဂလဲ မပါရဘူး။ဒါတွေကို သတိထားရမယ်”
 
“ဒါတွေဟာ ခေတ်သဘောနဲ့ပဲကြည့်ကြည့် ဘာသာရေးသဘောနဲ့ပဲကြည့်ကြည့်၊ အင်မတန် မသင့်တော်တဲ့ လုပ်ငန်းတွေဖြစ်တယ်။ကထိန်ခေတ်ကျရင် အလှူခံတွေများလွန်းလို့ လူတွေက ငြီးငွေ့လာကြပြီ။စေတနာ သဒ္ဓါတရားမရှိဘဲ လူတွေကို အားနာတာနဲ့ အလှူငွေတွေထည့်နေကြရတယ်။ဒါတွေဟာ ဘာသာရေးအတွက် ကောင်းတဲ့အလုပ်တွေ မဟုတ်ပါဘူး”
 
“ဒီတော့ အကောင်းဆုံးက တတ်နိုင်ရင် တစ်ဦးတည်းလှူ။တစ်ဦးတည်း မတတ်နိုင်ရင် ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ရပ်ကွက်ထဲမှာ နေကြတဲ့ သဘောတူသူချင်း စုပေါင်းပြီးလှူ။ဒါလောက်ပဲကောင်းပါတယ်။သူများဆီက တစ်ဆင့် အလှူခံပြီး လှူကြတာကတော့ မကောင်းလှပါဘူး။သန့်ရှင်းတဲ့ ကထိန်ဖြစ်ဖို့ မလွယ်ဘူး”
 
ဆရာတော်ဦးကုမာရက ကထိန်နှင့်ပတ်သက်ပြီး ဆက်လက်ရေးသားထားပါသေးသည်။
 
ကထိန်ရာသီတွင် လော်သံတညံညံ တအော်အော် တဟစ်ဟစ် အလှူခံကြသည့် နိဗ္ဗာန်ဆော်များက နိဗ္ဗာန်အကျိုးမျှော်လို့ နှိုးဆော်လိုက်ရပါသည်ဟုဆိုကြသည်။နိဗ္ဗာန်ဆော်များအားလုံး ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ရေးသားသည့် အနာဂတ်သာသနာရေးနှင့် အရှင်ကုမာရ ရေးသားသည့်  ‘ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေထိုင်နည်း’ စာအုပ်များကို ဖတ်ရှုသင့်ပါသည်။ဤစာအုပ်များကို ဖတ်ရှုပြီးသည်နှင့် နိဗ္ဗာန်ဆော်များသည် စပီကာနှင့် အော်ဟစ်၍ မည်သူ့ထံကမှ အလှူခံတော့မည်မဟုတ်ပါ။တစ်စုံတစ်ယောက်က အလှူခံပေးပါဟု စေခိုင်းလျှင်ပင် အလှူခံပေးတော့မည် မဟုတ်ပေ။
 
ထိုစာအုပ် ၂ အုပ်တွင်ပါသည့် ဆရာတော်ကြီးနှစ်ပါးရေးသားသည့် “ကထိန်” အကြောင်းများကို ဖတ်ပြီးသည်နှင့် မိမိတို့ဦးစီးလှူဒါန်းနေသည့် ကထိန်များသည် မိမိတို့နှိုးဆော်နေသကဲ့သို့ ကုသိုလ်ရသော ကထိန်အလှူလား၊ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ကထိန်အလှူလားဟု ကွဲပြားစွာ သိနားလည်လာကြမည်ဖြစ်ပါသည်။
 
သူကြီးဘုရား ရွာသားကောင်းမှု ပုံစံဖြင့် လှူရမည့် ကထိန်အလှူအတွက် မည်သူအလှူခံဝံ့တော့မည်နည်း။
 
ခင်နှင်းဦး