【 ဆောင်းပါး 】 လျှပ်စစ်မီး အလင်းရောင် ထွန်းလင်းလာမလား

【 ဆောင်းပါး 】 လျှပ်စစ်မီး အလင်းရောင် ထွန်းလင်းလာမလား

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် လျှပ်စစ်ဓာတ်အားမှာ မရှိမဖြစ် အလွန်ပင် အရေးကြီးလျက်ရှိသည်။
 
လျှပ်စစ်ဓာတ်အားရရှိရန် သဘာ၀အရင်းအမြစ်များမှ ထုတ်ယူကြသလို မြန်မာနိုင်ငံတွင်မူ နိုင်ငံတွင်း သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အား၏ ၆၀ ရာခိုင်နှုန်းမှာ ရေအားလျှပ်စစ်မှ ထုတ်ယူရရှိခြင်းဖြစ်သည်ဟု ဆိုထားကြသည်။
 
ထို့ကြောင့်ပင် နှစ်စဉ် ဧပြီ၊ မေလတို့သည် မြန်မာနိုင်ငံ၏ ပူပြင်းခြောက်သွေ့သော ရာသီကာလလည်းဖြစ်သလို ယင်းကာလအတွင်း မြစ်ချောင်းအများစု၌ ရေစီးဝင်ရောက်မှုပမာဏ လျော့နည်းကာ ဓာတ်အားထုတ်လုပ်နိုင်မှု မလုံလောက်သောအခြေအနေမျိုးဖြစ်နေသလို ယင်းကဲ့သို့သော ပူပြင်းခြောက်သွေ့သော ရာသီကာလအတွင်း အပူဒဏ်ကိုသက်သာစေရန် လျှပ်စစ်ပစ္စည်းများကို ပိုမိုသုံးစွဲရာမှ နွေရာသီပူပြင်းခြောက်သွေ့ရာ ကာလတွင် ဓာတ်အားလိုအပ်ချက်မှာ မြင့်မားလျက်ရှိသည်။ထိုလိုအပ်ချက်မြင့်မားသည့် လျှပ်စစ်ဓာတ်အားအတွက် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သော တရုတ်နိုင်ငံနှင့် စီမံကိန်းများချမှတ်ကာ ပူးပေါင်းဆောင်ရွက်ခြင်းများလည်း ရှိလာခဲ့သည်။
 
လက်ရှိအချိန်အထိ လူဦးရေ ၅၆ သန်းကျော်ရှိလာသော မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် လျှပ်စစ်စွမ်းအင်ရရှိမှု အနည်းဆုံးဖြစ်ပြီး ၂၀၂၀ အထိ တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုဦးရေ ၅၄ ရာခိုင်နှုန်းလောက်က နိုင်ငံမှ ဖြန့်ဖြူးသော ဓာတ်အားလိုင်းနှင့် ချိတ်ဆက်သုံးစွဲခွင့်ရနေလျက်ရှိသည်။လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ တစ်နှစ် လျှင် ၁၁ ရာခိုင်နှုန်းလောက် တိုးမြှင့်လိုအပ်လာနေသည်ဟု တွက်ချက်ထားကြပြီး စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်အတွက် စီးပွားရေးလုပ်ငန်းများထံ လျှပ်စစ်စွမ်းအင် လုံလောက်စွာပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် နှစ်စဉ်သုံးစွဲရန် လိုအပ်မည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားလျက်ရှိသည်။
 
လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ အထိ လေးနှစ်တာကာလတွင်း စာရင်းများအရ ၂၀ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး လာမည့် ၂၀၂၆ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုများ၏ ၈၆ ဒသမ ၁၈ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အား လုံလောက်အောင် ဖြန့်ဖြူးပေးနိုင်မည်ဟု လျာထားကာ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး မီးလင်းမည်ဟု အစိုးရပိုင်းက ဆိုထားသည်။ 
 
ကမ္ဘာ့ဘဏ်က ၂၀၂၅ ခုနှစ်တွင် စုစုပေါင်း မဂ္ဂါဝပ် ၈၆၀၀ ထုတ်လုပ်ရန် လိုအပ်ပြီး ၂၀၃၀ တွင်မူ ၁၂,၆၀၀ မဂ္ဂါဝပ် ထုတ်လုပ်ရန် လိုအပ်မည်ဟု ခန့်မှန်းထားလျက်ရှိသည်။
 
မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင် သုံးစွဲမှုသည် တစ်နှစ်လျှင် ၁၅ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းအထိ မြင့်တက်နေကြောင်း၊ တစ်ဦးချင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ ၂၀၂၀ ပြည့်နှစ်တွင် ၄၂၉ ယူနစ်ရှိပြီး တစ်နိုင်ငံလုံးတွင် အများဆုံးဝန်အား ၃၈၂၈ မဂ္ဂါဝပ်အထိ သုံးစွဲခဲ့သည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရှိ စာရင်းများက ဆိုထားသလို လက်ရှိအချိန်တွင် မဂ္ဂါဝပ် ၃၆၀၀ ခန့်သာ ထုတ်လုပ်နိုင်သည့် အခြေအနေမျိုးရှိနေသေးသည်။
 
ထို့ကြောင့် လိုအပ်သည့် လျှပ်စစ်ဓာတ်အားအတွက် ဖြည့်ဆည်းနိုင်ရန် အရင်းအမြစ်မျိုးစုံဖြစ်သော ရေအား၊ လေအား၊ နေရောင်ခြည်၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့ စသည်ဖြင့် အရင်းအမြစ်မျိုးစုံမှ ထုတ်လုပ်လျက်ရှိသည်။သို့ရာတွင် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်းလာခြင်းကြောင့် ရေအား၊ နေရောင်ခြည်စွမ်းအင်၊ လေအားတို့အပြင် ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် နည်းလမ်းအသီးသီးဖြင့် စီမံဆောင်ရွက်လျက်ရှိသည်။ထိုသို့ဆောင်ရွက်ရာတွင် လက်ရှိ တရုတ်နိုင်ငံမှလည်း လာရောက်ရင်းနှီးမြှုပ်နှံကာ လုပ်ကိုင်လျက်ရှိသည်။
 
မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာစေရန် အခွန်ကင်းလွတ်ခွင့်ပေးမည်ဟုလည်း ပြီးခဲ့သော ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ပြန်ထားသလို နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် ဆိုလာပါဝါစီမံကိန်းများအပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို အခွန်ကင်းလွတ်ခွင့်ပေးသွားမည်ဟုလည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထားသည်။ထိုသို့ ထုတ်ပြန်ထားမှုများနှင့်အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်းရှိနေပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဇန်နဝါရီလကုန်အထိ စာရင်းများအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၈၂၀ ကျော်လောက် စွမ်းအင်ကဏ္ဍတွင် မြှုပ်နှံထားလျက်ရှိသည်။အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းကလည်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၁၂၁ သန်း ကျော်ဖြင့် လျှပ်စစ်ကဏ္ဍတွင် အများဆုံးဖြစ်ပြီး ဒေါ်လာ ၂၈၆ သန်းကျော်ဖြင့် စက်မှုကဏ္ဍတွင် ဒုတိယအများဆုံး၊ ဒေါ်လာ ၁၃၃ သန်းကျော်ဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် တတိယအများ ဆုံး မြှုပ်နှံခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများတွင် ဖော်ပြထားလျက်ရှိသည်။
 
ထို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေး ခုနစ်ကြိမ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး ၇၄ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် လုပ်ငန်း ၂၂ ခုကို ခွင့်ပြုခဲ့ပြီး လုပ်ငန်းတိုးမြှင့် မြှုပ်နှံရန် အတည်ပြုလုပ်ငန်း ၂၆ ခုတို့အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၇၉၁ ဒသမ ၃၉၈ သန်း ခွင့်ပြုပေးခဲ့သည်။
 
မြန်မာနိုင်ငံအတွင်းတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ လုပ်ငန်းပေါင်း ၅၉၀ ကျော်အနက်တွင် လျှပ်စစ်ကဏ္ဍ၌ အများဆုံးဖြစ်ပြီး ပမာဏအားဖြင့် အမေရိကန် ဒေါ်လာ ၂၁ ဒသမ ၈၆၃ ဘီလျံ တန်ဖိုးဖြစ်သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း၏ ၂၃ ဒသမ ၅ ရာခိုင်နှုန်းရှိသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွါးဆက်သွယ်ရေးဝန်ကြီးဌာန၏ စာရင်းများ၌ ဖော်ပြထားသည်။ 
 
တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ လျှပ်စစ်ကဏ္ဍတွင် အများဆုံးဝင်ရောက် မြှုပ်နှံခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်မှလည်း နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပါကဏ္ဍကို အလေးပေး ဆောင်ရွက်လျက်ရှိသည်။
 
လျှပ်စစ်ကဏ္ဍသည် မြန်မာနိုင်ငံအတွက် အခြေခံကျသည့် လိုအပ်ချက်တစ်ခုဖြစ်သည့်အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက်လည်း အရေးကြီးပြီး အစိုးရပိုင်းကလည်း လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အထူးကြိုးပမ်း၍ ဆောင်ရွက်နေလျက်ရှိသည်။
 
လျှပ်စစ်ကဏ္ဍအတွင်း ရေအားလျှပ်စစ်တွင် အကြီးစား ရေအားလျှပ်စစ် စီမံကိန်းများအပြင် အသေးစား ရေအားလျှပ်စစ် စီမံကိန်းများကိုလည်း ဆောင်ရွက်ရန် စီမံထားလျက်ရှိပြီး လေအားအနေဖြင့်လည်း အရင်းအမြစ်နေရာများစွာ ရှိခြင်းကြောင့် တိုးချဲ့ထုတ်လုပ်မှုများလုပ်ဆောင်ရန် စီစဉ်နေလျက်ရှိသည်။ယခုကာလတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ မြင့်မားနေသော်လည်း လာမည့် ၂၀၂၅ ခုနှစ်တွင်မူ တတ်နိုင်သမျှ လိုအပ်ချက်ကို ပြည့်မီနိုင်ရန် လုပ်ဆောင်နေလျက်ရှိသည်။
 
အဆိုပါလျှပ်စစ်ဓာတ်အားမှာ ပြည်သူများ၏ဘ၀အတွက် အခြေခံလိုအပ်ချက်၊ ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်လည်း ဖြစ်သလို စည်ပင်ဝပြောမှု၏ အရင်းအမြစ်တစ်ခုလည်းဖြစ်သည်။ကမ္ဘာပေါ်တွင် လက်ရှိ လျှပ်စစ်ဓာတ်အားလုပ်ငန်းကဏ္ဍတွင် အကြီးမားဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံမှာ လျှပ်စစ်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အတူ လုပ်ဆောင်နေသလို မြန်မာနိုင်ငံ၏ ဓာတ်အားမလုံလောက်မှု ပြဿနာကိုလည်း အမြန်ဆုံးကူညီဖြေရှင်းနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
 
ပြီးခဲ့သောနှစ်များအတွင်းကပင် တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများစွာကို တာဝန်ယူ တည်ဆောက်ခဲ့ကြပြီး ယခုနှစ်ဦးပိုင်းကလည်း တရုတ်ကုမ္ပဏီက ရင်းနှီးမြှုပ်နှံဖော်ဆောင်နေသည့် မြန်မာနိုင်ငံ အလယ်ပိုင်း နေရောင်ခြည်စွမ်းအင်သုံးစီမံကိန်းများမှာ လက်ရှိတွင် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်၍ ဓာတ်အားထုတ်လွှတ်မှုကို လုပ်ဆောင်ခဲ့ကြသည်။ယင်းမှ ဓာတ်အားထုတ်လုပ်မှုပမာ ဏမှာ ၁၆၀ မဂ္ဂါဝပ်ရှိပြီး နှစ်စဉ် ဓာတ်အားထုတ်လုပ်မှုပမာဏ ကီလိုဝပ်နာရီ ၃၄၂ သန်းရှိသလို ယင်းပမာဏသည် မြန်မာနိုင်ငံရှိ ကျေးလက်ဒေသမှ အိမ်ထောင်စု တစ်သန်းအတွက် ဓာတ်အားအသုံးပြုမှုကို ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေမျိုးရှိနေသလို ဒေသအတွက် စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်မည့် အခြေအနေမျိုးဖြစ်သည်။
 
ထို့အပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အရေးပါသောနေရာဖြစ်သည့် ကျောက်ဖြူဒေသတွင်လည်း စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံကို ပြီးခဲ့သောနှစ်အတွင်းက ဖွင့်လှစ်ကာ လည်ပတ်၍ ထုတ်လုပ်လျက်ရှိသလို လက်ရှိတွင်လည်း မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် တရုတ်ကုမ္ပဏီများက မြှုပ်နှံကာ လုပ်ကိုင်နေလျက်ရှိသည်။
 
လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် လုပ်ဆောင်နေသည့် စီမံကိန်းများနှင့်အတူ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုများဖြင့် အနာဂတ်ကာလတွင် ကျေးလက်ဒေသများပါမကျန် လျှပ်စစ်မီး အလင်းရောင်များလည်း ထွန်းလင်းလာတော့မည်ဖြစ်သည်။
 
ဧပရယ်လ်